တောင်ကိုရီးယား ဆန္ဒပြဘုန်းတော်ကြီး ပျံတော်မူ

ဘုန်းတော်ကြီး ဂျန်ဝေါင်ကို ရည်စူး၍ ဇန်နဝါရီ ၁ဝ ရက်က ပန်းများပူဇော်ထားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဘုန်းတော်ကြီး ဂျန်ဝေါင်ကို ရည်စူး၍ ဇန်နဝါရီ ၁ဝ ရက်က ပန်းများပူဇော်ထားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဆိုးလ် - တရားစွဲဆိုခံထားရသော သမ္မတ ပတ်ဂွမ်ဟေးကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း
ကိုယ့်ကိုယ်ကိုယ် မီးရှို့၍ ဆန္ဒပြခဲ့သော တောင်ကိုရီးယား ဘုန်းတော်ကြီးမှာ ဆေးရုံ ပေါ်တွင်
ပျံတော်မူသွားခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁ဝ ရက်တွင် အရာရှိများက ပြောကြားခဲ့သည်။

သက်တော် ၆၄ နှစ်အရွယ်ရှိ ဘုန်းတော် ကြီးသည် ဇန်နဝါရီ ၃ ရက်ညက ဆိုးလ်မြို့ လယ်တွင်
ထောင်ချီရှိသော ပြည်သူများ ဆန္ဒပြပွဲ၌ သူ့ကိုယ်သူ မီးရှို့၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ထိုဆန္ဒပြပွဲများမှာ သမ္မတ ပတ်ဂွမ်ဟေး ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် တောင်းဆိုသော စနေ၊
တနင်္ဂနွေနေ့များ၌ ကျင်းပကြသည့် ၁၁ ကြိမ်မြောက် လူထုစုဝေး ဆန္ဒပြပွဲဖြစ်သည်။

မီးရှို့ဆန္ဒပြသည့် ရဟန်းတော်မှာ မျက်နှာ နှင့် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ခံထားရပြီး ဇန်နဝါရီ
၉ ရက်ညက ဆေးရုံပေါ်တွင် ပျံတော်မူသွားခဲ့ကြောင်း ဆရာတော်ကို ကုသပေးနေသည့် ဆိုးလ်
အမျိုးသားတက္ကသိုလ်ဆေးရုံ၏ အဆိုအရသိရသည်။

ဘုန်းတော်ကြီး ဂျန်ဝေါင်ဟု သိရှိထားသည့် အဆိုပါ ရဟန်းတော်က အကျင့်ပျက်ခြစား နေသည့်
သမ္မတကို နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ခြင်းနှင့် သူ့အစိုးရကျင့်သုံးသော မူဝါဒများကို ဝေဖန်၍
အမြန်ဆုံးဖမ်းဆီးရန် သက်ဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်း သော အမှာစာလွှာတစ်ခု
ထားရစ်ခဲ့သည်။

ဘုန်းတော်ကြီးက သမ္မတ ပတ်ဂွမ်ဟေးကို ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဂျပန် တပ်ဖွဲ့များထံ
လိင်ကျေးကျွန်အဖြစ် အဓမ္မ ခိုင်းစေခံခဲ့ရသော အမျိုးသမီးများအား လျော်ကြေးပေးရန်ကိစ္စကို ဂျပန်နှင့်
အဆင် ပြေအောင် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအတွက် သစ္စာဖောက်တစ်ဦးဖြစ်သည်ဟု ပြင်းပြင်း ထန်ထန်
ဝေဖန်ခဲ့ကြောင်း ယွန်ဟပ်သတင်း ဌာနက ဆိုသည်။

''ဘုန်းတော်ကြီး ဂျန်ဝေါင်သည် သမ္မတ ပတ်ဂွမ်ဟေး နုတ်ထွက်ရန် တောင်းဆိုချက် အပါအဝင်
ပြည်သူလူထု၏ စိတ်တွင်ခံစား နေရမှုများကို ဖော်ပြနိုင်ရန် အသက်ကို စတေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဆုံးရှုံးမှုမျိုး ထပ်မံမဖြစ်ပွားရန် ကျွန်ုပ်တို့ မျှော်လင့် ကြောင်း နိုင်ငံတစ်ခုလုံး မကြာမီ
တည်ငြိမ် လာလိမ့်မည်ဖြစ်ကြောင်း'' လူမှု တရားမျှတ ရေးကော်မတီ၏ ကြေညာချက်တွင်
ဖော်ပြခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း