ဒုံးကျည်စမ်းသပ်မှုအသစ် အောင်မြင်ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

 

ဆိုးလ် - မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်မှုအသစ် ပြုလုပ်ခဲ့ပြီး အောင်မြင်ကြောင်း
ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စိန်ခေါ်မှု
တစ်ရပ်ဟု ယူဆရသည်။ အဆိုပါ စမ်းသပ်ပစ်လွှတ်မှုပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ
အရေးပေါ်အစည်းအဝေးပြုလုပ်ရန် အမေရိကန်က ဦးဆောင်ပြီး တောင်းဆိုထားကြောင်း
သိရသည်။

အဆိုပါဒုံးကြည်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်
ကူဆောင်မြို့အနီးတွင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဂျပန်ပင်လယ် (အရှေ့ပင်လယ်) ထဲသို့မကျမီ
အရှေ့ဘက် ကီလိုမီတာ ၅ဝဝ (မိုင် ၃၁ဝ) ခန့် ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယား
ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် မြေပြင်မှ မြေပြင်သို့ တာလတ်နှင့် တာဝေး အကွာအဝေးကို
ပစ်ခတ်တိုက်ခိုက်နိုင်သည့် ပက်ဂုဆောင်း ၂ ဟု အမည်ပေးထားသော မဟာဗျူဟာလက်နက်
အမျိုးအစားအသစ် ဒုံးကျည် စမ်းသပ်မှုကို မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း
ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း ကေစီအင်န်အေ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

သမားရိုးကျ လောင်စာရည်စွမ်းအင်သုံး ဒုံးကျည်များထက် လောင်စာဖြည့်မှုကို အချိန်အနည်းငယ်သာ
လိုအပ်သည့် လောင်စာအစိုင်အခဲသုံး အင်ဂျင်ကို အဆိုပါ ဒုံးကျည်တွင်အသုံးပြုထားကြောင်း
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လုံခြုံရေး အစိုးရ အဖွဲ့အစည်းက
ယွန်ဒေါက်မင်၏ ပြောဆိုချက်အရ သိရကြောင်း ကေစီအင်န်အေ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ပက်ဂုဆောင်း ၂ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ထုတ်ပြန်ကြေညာမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။
ရေငုပ်သင်္ဘော ဒုံးကျည်စနစ် 'မြောက်ကိုရီးယားကြယ်' ဟု ဘာသာပြန်ဆိုနိုင်သည့် ပက်ဂုဆောင်း
၁ ကို ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လတွင် စမ်းသပ်ပစ်ခတ်ခဲ့သော်လည်း ထုတ်ပြန်ကြေညာမှု မရှိခဲ့ပေ။

အဆိုပါ ဒုံးကျည်ကို ဂျပန်နိုင်ငံသို့ စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် ပစိဖိတ်
အကွာအဝေးအတွင်း ပစ်ခတ်နိုင်ကြောင်း ကင်က ပြောကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယားက
သုံးသပ်သူများက လက်ခံနိုင်ဖွယ်ရာမဟုတ်ဟု ယူဆသည့်၎င်း၏ လက်နက်စွမ်းရည်အတွက်
အတည်ပြုချက်များကို ယခင်က ပြုလုပ်ခဲ့ဖူးသည်။

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ယခုနောက်ဆုံး
စမ်းသပ်ပစ်လွှတ်မှုသည် အမေရိကန်နိုင်ငံ၏ အဓိကမဟာမိတ် ဂျပန်နိုင်ငံအတွက် ၁ဝဝ
ရာခိုင်နှုန်းထောက်ခံမည်ဟု ကတိပြုသည့် အမေရိကန်သမ္မတ ထရမ့်အတွက် စမ်းသပ်မှုတစ်ခု
ဖြစ်ကြောင်းတောင်ကိုရီးယားနိုင်ငံက ပြောကြားခဲ့သည်။

''ယနေ့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုသည် နျူကလီးယားနှင့် ဒုံးကျည်စွမ်းရည် မြှင့်တင်နေသည့်
မြောက်ကိုရီးယားနိုင်ငံကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာစေရန် စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်သည်''
ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

''အမေရိကန်သမ္မတ ထရမ့်လက်အောက်ရှိ အမေရိကန်အစိုးရသစ်ထံက တုံ့ပြန်မှုကို စမ်းသပ်ရန်
လက်နက်ဖြင့် ရန်စမှုဟု ယုံကြည်ရသည်'' ဟု တောင်ကိုရီယား ကာကွယ်ရေးဝန်ကြီးက
ထည့်သွင်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖလော်ရီဒါ၌ ပြုလုပ်ခဲ့သည့် ထရမ့်နှင့် တွေ့ဆုံပြီးနောက် သတင်းစာ
ရှင်းလင်းပွဲတွင် မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှု အကွာအဝေးအတွင်းရောက်ရှိခဲ့သည့်
ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဆိုပါ စမ်းသပ်မှုအား ''လုံးဝ သည်းမခံနိုင်ဘူး'' ဟု
ပြောကြားခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း