Friday, April 28, 2017

လိပ်၏ အစာအိမ်ထဲမှ ဒင်္ဂါး ၉၁၅ ပြားကို ထိုင်း တိရစ္ဆာန်ခွဲစိတ်ဆရာဝန်များက ဖယ်ရှား

 

လိပ်ကြီး အွမ်ဆင်ကို ခွဲစိတ်ကုသ၍ ဒင်္ဂါးများထုတ်ယူပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီလိပ်ကြီး အွမ်ဆင်ကို ခွဲစိတ်ကုသ၍ ဒင်္ဂါးများထုတ်ယူပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘန်ကောက် - 'စုဘူး' ဟု နာမည်ပေးထားသည့် ပင်လယ်လိပ်တစ်ကောင်၏ အစာအိမ်ထဲမှ
ဒင်္ဂါး ၉၁၅ ပြားကို ထိုင်းတိရစ္ဆာန်ဆရာဝန်များက ဖယ်ထုတ်ခဲ့ပြီး အဆိုပါဒင်္ဂါးပြားများသည်
ယတြာချေသူများက အသက်ရှည်၍ ကောင်းကျိုးမင်္ဂလာအဝဝ ပြည့်စုံစေရန် လိပ်ကန်အတွင်းသို့
ပစ်ချထားသော ဒင်္ဂါးများကို အဆိုပါလိပ်ကြီးက မျိုချမိသောကြောင့်ဖြစ်သည်။

လိပ်ကြီးမှာ သက်တမ်းအရ ၂၅ နှစ်ရှိပြီး ထိုင်းဘာသာစကားဖြင့် အွမ်ဆင် (Omsin) ဟု
ခေါ်သည်။ မတ် ၆ ရက်တွင် ထိုလိပ်ကြီး၏ဝမ်းဗိုက်အတွင်းက ငါးကီလိုဂရမ်ရှိသည့် ဒင်္ဂါးများကို
ခုနစ်နာရီကြာ ဆေးရုံ၌ ခွဲစိတ်ကုသ၍ ဖယ်ရှားခဲ့ရသည်။

အဆိုပါလိပ်၏ အခွံမှာ အက်ကွဲနေသောကြောင့် ဘန်ကောက်မြို့ရှိ တိရစ္ဆာန်ခွဲစိတ်ဆရာဝန်များ
ထံသို့ ကုသရန် ပို့ဆောင်ခဲ့ပြီး ဓာတ်မှန်ရိုက်သည့် အခါတွင် ဝမ်းဗိုက်အတွင်း၌ ငွေဒင်္ဂါးပြားအမျိုးမျိုးကို
တွေ့ရှိခဲ့ခြင်းဖြစ်သည်။

''သူ့ဗိုက်ထဲကနေ ဒင်္ဂါးပြား ၉၁၅ ပြား ရရှိခဲ့ပါတယ်။ တစ်ပြားပြီးတစ်ပြား ဖယ်ရှားခဲ့ရတာပါ''ဟု
ချူလာလောင်ကွန်း တက္ကသိုလ်ဆေးရုံရှိ ရေနေသတ္တဝါ သုတေသနဌာနတာဝန်ခံ တိရစ္ဆာန်ဆေးကု
ဆရာဝန် နန်သရီကာချန်းဆူးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

''စုဘူးက သက်သာနေပါပြီ။ ဒါပေမဲ့ ဒီမှာ နှစ်ပတ်လောက်တော့ ဒီဆေးရုံကြီးမှာဆက်နေရဦးမယ်''
ဟု သူက ထည့်သွင်းပြောကြားခဲ့ပြီး ယခုကဲ့သို့ဆောင်ရွက်ခြင်းမှာပထမဆုံးအကြိမ်
ခွဲစိတ်ကုသခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါလိပ်သည် ချွန်ဘူရီပြည်နယ်ရှိ အများပြည်သူပန်းခြံရှိ လိပ်ကန်တွင် လွန်ခဲ့သည့်
ဆယ်စုနှစ် နှစ်ခုတည်းက နေထိုင်ကျက်စားခဲ့သည်။

အဆိုပါ ပန်းခြံသို့ လာရောက်လည်ပတ်သူများက ၄င်းနေထိုင်သည့် ရေကန်အတွင်းသို့
အစစအရာရာ ကံကောင်းပြီး သက်ရှည် ကျန်းမာစေရန် ဒင်္ဂါးပြားများကို ပစ်ချသောကြောင့်
ထိုအဖြစ်ဆိုးကြုံခဲ့ရာ ထိုသို့ပြုလုပ်ခြင်းကိုရပ်ရန် တိရစ္ဆာန်ကု ဆရာဝန်များကပြည်သူတို့ကို
တိုက်တွန်း ပြောကြားခဲ့သည်။

''လိပ်တစ်ကောင်ဟာ နှစ် ၈ဝ အထိ အသက်ရှင်နေထိုင်ပြီး ဒီလိပ်ရေကန်ထဲကို
ဒင်္ဂါးပြားပစ်ချခြင်းဟာ အဲဒီလူရဲ့ အသက်ကို ရှည်စေတယ်လို့ အယူရှိကြတယ်'' ဟု
ချူလာလောင်ကွန်း တက္ကသိုလ်ရှိ တိရစ္ဆာန်ကု ဆေးပညာဌာန တက္ကသိုလ်မဟာဌာနမှူး
ရန်ဂရော့ဂ်ျ သန်နာဝမ်ဗခ်ျက ပြောကြားခဲ့သည်။ ''ရေကန်ထဲဒင်္ဂါးပြားတွေ ပစ်ချတာဟာ
တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု တစ်ခုဖြစ်တဲ့အတွက် အကုသိုလ်ပိုများတယ်'' ဟု အဆိုပါဌာန
တိရစ္ဆာန်ဆရာဝန်ကြီး ရန်ဂရော့ဂ်ျက အေအက်ဖ်ပီ သတင်းဌာနကိုပြောကြားခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း