အမေရိကန်နိုင်ငံသား ပါမောက္ခကို ဖမ်းထားဟုမြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက အတည်ပြု

ဆိုးလ် - မြောက်ကိုရီးယား နိုင်ငံက ပြုံယမ်းတွင် စာပေပို့ချနေသည့် အမေရိကန်
နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းကို မေ ၃ ရက်တွင် အတည်ပြုခဲ့သည်။ အမေရိကန်နှင့်
မြောက်ကိုရီးယားတို့ နှစ်နိုင်ငံတင်းမာမှု ဖြစ်ပွားနေချိန်တွင် ယခု ဖမ်းဆီးခံရသူမှာ
မြောက်ကိုရီးယားနိုင်ငံတွင် တတိယမြောက် ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသား
ဖြစ်သည်။

တိုနီကင်မ်ခေါ် ကင်မ်ဆန်ဒေါက်သည် အထက်တန်းလွှာ တက္ကသိုလ်၌ ရက်သတ္တပတ်
အတော်ကြာ စာသင်ပြခဲ့ပြီးနောက် ဧပြီ ၂၂ ရက်၌ မြောက်ကိုရီးယားနိုင်ငံမှ ထွက်ခွာရန်
ကြိုးစားစဉ် မြို့တော်လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အဆိုပါ ပါမောက္ခဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံ၏
ပထမဆုံးအကြိမ် အတည်ပြုချက်တွင် ပါမောက္ခသည် မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင်
အမည်ကို အသုံးပြုပြီး ''ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံကို ကမောက်ကမဖြစ်ရန်
ရည်ရွယ်၍ ရန်ဘက်သဘောဆောင်သော ပြစ်မှုမှုများကို ကျူးလွန်ခဲ့ခြင်းအတွက် ၄င်းကို
ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း'' နိုင်ငံပိုင်ကိုရီးယားဗဟိုသတင်းဌာန
(ကေစီအင်န်အေ) က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကင်မ်သည် သူ၏ ပြစ်မှုများကို အသေးစိတ် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်
သက်ဆိုင်ရာ တရားဥပဒေစီမံခန့်ခွဲရေးဌာနအောက်တွင် ထိန်းသိမ်းထားကြောင်း
အဆိုပါ သတင်းအေဂျင်စီက ထည့်သွင်းထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရနှင့် မြောက်ကိုရီးယားကိစ္စများအခြေအနေ
ပိုမိုတင်းမာလာစဉ် အဆိုပါ ကင်မ် ဖမ်းဆီးခံရမှု အတည်ပြုချက်ကို ထုတ်ပြန်ခဲ့ခြင်း
ဖြစ်သည်။

ကင်မ်က ပြုံယမ်း သိပံ္ပနှင့်နည်းပညာတက္ကသိုလ်တွင် စာရင်းကိုင် ပညာရပ်ကို
သင်ကြားပို့ချလျက်ရှိသည်ဟု အဆိုပါ တက္ကသိုလ်က ပါမောက္ခ အဖမ်းခံခဲ့ရသည့်
ဧပြီလတွင် ပြောကြားခဲ့သည်။ အဆိုပါ တက္ကသိုလ်ကို ပြည်ပမှဧဝံဂေလိအသင်း
ခရစ်ယာန်ဘာသာဝင်များက တည်ထောင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် စတင်
ဖွင့်လှစ်ခဲ့သည်။

အဆိုပါတက္ကသိုလ်တွင် မဟာဌာနမှ အမေရိကန်နိုင်ငံသား ဆရာ ဆရာမ
တော်တော်များများရှိကြောင်း သိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း