တရုတ်ပြည်က စားကြွင်းစားကျန် ဖြေရှင်းနည်းသစ်

 

စီချွမ်ပြည်နယ် ဖုန်စန်ရှိ ပိုးမွေးမြူရေးစခန်းတွင် စမ်းသပ်ထားသော စားကြွင်းစားကျန်ရှင်း လောက်ကောင်များ။ ဓာတ်ပုံ - အေအက်ဖ်ပီစီချွမ်ပြည်နယ် ဖုန်စန်ရှိ ပိုးမွေးမြူရေးစခန်းတွင် စမ်းသပ်ထားသော စားကြွင်းစားကျန်ရှင်း လောက်ကောင်များ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဖုန်စန် - တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက ကုမ္ပဏီတစ်ခုမှာ စားကြွင်းစားကျန်၊ သစ်သီးနဲ့ ဟင်းသီး
ဟင်းရွက်တွေကို တလွန့်လွန့် အပြေးအလွှားစားသောက်နေကြတဲ့ ဖြူလွလွ လောက်ကောင်ကလေး
တွေကို အများအပြားတွေ့လိုက်ရတာ အမြင်တစ်မျိုးဆန်းနေသလိုပါပဲ။

လှပတဲ့မြင်ကွင်းမဟုတ်ပေမဲ့ ဒီနိုင်ငံမှာ ပိုပြီး မသတီစရာတစ်ပုံတစ်ပင် စွန့်ပစ်ထားကြတဲ့ စားကြွင်း
စားကျန်တွေကို ဒီ လောက်ဖြူဖြူကလေးတွေက စားသောက်ပြီး ဝိုင်းဝန်းရှင်းလင်းပေးနိုင်ကြပုံကိုလည်း
မြင်နေရပါတယ်။ ယင်ပြာဥကပေါက်လာတဲ့ ဒီလောက်တစ်ကောင်ဟာ သူ့ကိုယ်အလေးချိန်
ထက်နှစ်ဆပိုတဲ့ စားကြွင်း စတဲ့အမှိုက်တွေကို နေ့စဉ်စားနိုင်ကြတယ်။ ဒီလောက်ကလေးတွေကို
ပရိုတင်းဓာတ်ကြွယ်ဝတဲ့ တိရစ္ဆာန်အစားအစာအဖြစ် စီချွမ်ပြည်နယ်မှ ကုမ္ပဏီတစ်ခုက ပြုပြင်
ထုတ်လုပ်ပေးလိုက်တဲ့အပြင် လောက်ကောင်တွေရဲ့ မစင်တွေကိုလည်း သဘာဝအခြေခံ
မြေသြဇာအဖြစ်လည်း ဖန်တီးထုတ်လုပ်ပေးနေပါတယ်။

''ဒီကောင်လေးတွေဟာ ရွံစရာမဟုတ်ပါဘူး။ လူတွေရဲ့ စားကြွင်းစားကျန်တွေကို စီမံခန့်ခွဲပေးနေကြ
တယ်လို့ တစ်မျိုးမြင်ကြရမယ်ဗျ''လို့ ဖုန်စန်မြို့အနီးရှိ ချင်းဝေ သဘာဝပတ်ဝန်းကျင်မှ မန်နေဂျာ ဟူရုန်က
ပြောပါတယ်။

လူဦးရေ ၁ ဒသမ ၄ သန်းရှိတဲ့ တရုတ်နိုင်ငံမှာ လူတစ်ဦး တစ်နှစ်စွန့်ပစ်တဲ့ စားကြွင်းစားကျန်
ကီလို ၃ဝ နီးပါးရှိတာကြောင့် ဒီ လောက်ကလေးတွေ စားနပ်ရိက္ခာပြတ်စရာမရှိပါဘူး။ တစ်ကီလိုလေးတဲ့
လောက်တစ်မြုံဟာ စားကြွင်းစားကျန်မျိုးစုံ နှစ်ကီလိုကို လေးနာရီအတွင်း ကုန်စင်အောင်စားနိုင်
ကြတယ်''လို့ ဟူက ဆိုတယ်။

ကမ္ဘာတစ်ဝန်း လူသားတွေ တစ်နှစ်ပတ်လုံး ချက်ပြုတ် စားသောက်နေကြတဲ့ အစားအစာအားလုံးရဲ့
သုံးပုံတစ်ပုံ (ခန့်မှန်းခြေ ၁ ဒသမ ၃ ဘီလျံတန်) ဟာ ဆုံးရှုံးပျက်စီး သွားကြပါတယ်။ တစ်ချိန်တည်းမှာပဲ
ကမ္ဘာ့လူသား သန်း ပေါင်း ၈၇ဝ ခန့် အငတ်ဘေးနဲ့ တွေ့နေကြတယ်လို့ ကုလသမဂ္ဂ WHO အဖွဲ့က
ဆိုပါတယ်။ စားကြွင်းစားကျန်တွေဟာပတ်ဝန်းကျင်ညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေတာကြောင့်
စားကြွင်းတွေကို နိုင်ငံတစ်နိုင်ငံအဖြစ် စဉ်းစားကြည့်ရင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ
အများဆုံးအဆင့်မှာ စားကြွင်းတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့နောက်မှာ ကပ်လျက်
လိုက်နေတယ်လို့လည်း FAO က ၂ဝ၁၁ ခုနှစ် အစီရင်ခံစာမှာ နှိုင်းပြထားပါတယ်။

တရုတ် တစ်နိုင်ငံလုံး နှစ်စဉ်စွန့်ပစ်နေတဲ့ စားကြွင်း စားကျန်စုစုပေါင်းတန်ချိန် သန်း ၄ဝ ဟာ အင်ပိုင်ယာ
စတိတ်အဆောက်အအုံပေါင်း ၁၁ဝ ရဲ့ စုစုပေါင်းအလေး ချိန်နဲ့ ညီမျှနေတယ်လို့လည်း ဆိုတယ်။
တရုတ်နိုင်ငံမှာ စားကြွင်းစားကျန် အလွန်များနေတာဟာ ယဉ်ကျေးမှုဓလေ့တွေနဲ့ ဆက်နွှယ်နေတယ်လို့
ချင်းဝေ သဘာဝပတ်ဝန်းကျင် ကုမ္ပဏီညွှန်ကြားရေးမှူး ဝမ်ကျင်းဟွာက ဆိုပါတယ်။

တရုတ်လူမျိုးတွေဟာ ဧည့်ဝတ်ကျေလွန်းကြလို့ တစ်စုံ တစ်ယောက်ကို စားသောက်ဆိုင်မှာ ဖိတ်ခေါ်
ကျွေးမွေးတဲ့ အခါ ပိုပိုလျှံလျှံတည်ခင်းကျွေးမွေးကြလို့ ပိုလျှံတဲ့အစား အသောက်တွေ စွန့်ပစ်ကြရခြင်းပါပဲ။
ဝဖြိုးလာတဲ့ လောက်ကလေးတွေကို ကြက်စာ၊ ငါးစာ၊ လိပ်စာအဖြစ်လည်း ရောင်းချလေ့ရှိကြတယ်။
အလွန်အာဟာရဖြစ်စေတဲ့ အသားဓာတ် (protein) ၆၅ ရာခိုင်နှုန်းနဲ့ အဆီစု (lipids) ၃၆
ရာခိုင်နှုန်းအထိ ပါဝင်တာကြောင့် ဒီလို ကြွက်တွေ၊ ငါးတွေကတစ်ဆင့် တကယ့် အာဟာရဓာတ်တွေကို
လူတွေ ပြန်လည်ရရှိလာကြပါတယ်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း