တရုတ်ပြည်က ကုန်းမြင့်ဒေသ ရယူမှုကိုအိန္ဒိယက တုံ့ပြန်

 

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးတို့ကို ဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ မူကာဂျီတို့က ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် နယူးဒေလီ သမ္မတအိမ်တော်၌ ကြိုဆိုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီတရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးတို့ကို ဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ မူကာဂျီတို့က ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် နယူးဒေလီ သမ္မတအိမ်တော်၌ ကြိုဆိုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

တရုတ်ဟာ အိန္ဒိယရဲ့ ဟိမဝန္တာနယ်စပ် ခရိုင်တွေကို ကီလိုမီတာအရွယ်ပမာဏ တစ်ခုချင်း
တဖြည်းဖြည်းဝါးမျိုနေတယ်။ အာရှရဲ့ နိုင်ငံကြီးနှစ်နိုင်ငံတို့ဟာ သူတို့ရဲ့ အလွန်မြင့်မားတဲ့
နယ်စပ်မှာ နယ်မြေအတွက် ကျည်ဆန်မသုံးရတဲ့စစ်ပွဲကို ဆယ်ရာစု နှစ်ပေါင်းများစွာဆင်နွှဲနေ
ခဲ့ကြတယ်။ ဒါပေမဲ့ မကြာခင်အချိန်ကစပြီးတရုတ်ဟာ ငါသိငါတတ်တယ်ဆိုတဲ့သဘောမျိုးပြလာ
တာကြောင့် အိန္ဒိယအနေနဲ့ ကန့်သတ်ထိန်းချုပ်မှုတွေဟာ အသစ်ကိုလိုအပ်လာပြီဆိုတာ မီးမောင်း
ထိုးပြနေတယ်။

တရုတ်ဟာ ပျမ်းမျှခြင်းအားဖြင့် အိန္ဒိယထဲသို့ ၂၄ နာရီတိုင်း ခြေလုံလက်လုံကျူးကျော်မှုတစ်ခုကို
လုပ်နေတယ်။ တရုတ်ပြည်သူ့ လွတ်လပ်ရေးတပ်မတော် (PLA) ဟာ လစ်လပ်နေတဲ့ နယ်စပ်မြေ
နေရာတွေကို သိမ်းပိုက်လိုတဲ့ရည်ရွယ်ချက်နဲ့ စိတ်ဝင်တစား ကျူးကျော်နေတယ်လို့ အိန္ဒိယပြည်ထဲရေး
ဝန်ကြီး Kiren Rijiju က ပြောတယ်။ အိန္ဒိယရဲ့ ထောက်လှမ်းရေးဗျူရို ထိပ်တန်းအရာရှိ ဟောင်းရဲ့
အပြောအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း PLA ရဲ့ ပိုင်နက်ကျူးလွန်မှုတွေကြောင့် အိန္ဒိယဟာ စတုရန်း
ကီလိုမီတာ ၂,ဝဝဝ နီးပါး ဆုံးရှုံးခဲ့တယ်။

တရုတ်လုပ်ရပ်တွေရဲ့ ဖုံးနေတဲ့ ဗျူဟာ အကြောင်းရင်းကတော့ သူတို့ရဲ့ အခွင့်အလမ်းထက်ပိုပြီး
မှတ်သားဖွယ်ဖြစ်တယ်။ ပင်လယ် ထဲမှာလိုပဲ မြေပေါ်မှာ တရုတ်ဟာ အရပ်သား အရင်းအမြစ်တွေ
ဖြစ်ကြတဲ့ တိရစ္ဆာန်အုပ် ထိန်းကျောင်းသူတွေ၊ လယ်သမားတွေနဲ့ စားကျက်မြေစီမံသူတွေကို လှံရဲ့
ထိပ်ဖျားလို အသုံးပြုတယ်။ အကြိတ်အနယ်ဆင်နွှဲတဲ့ မြေပေါ်မှာ အရပ်သားတွေ အခြေကျသွားပြီဆိုရင်
စစ်သားတွေဟာ အငြင်းပွားတဲ့နေရာကို ထိန်းချုပ်လိုက်ကာ အမြဲတမ်းစခန်းတွေ၊ ဒါမှမဟုတ် လေ့လာတဲ့
စခန်းတွေ တည်ဆောက်ဖို့ လမ်းဖောက်ခဲ့တယ်။ အလားတူ တောင်တရုတ်ပင်လယ်ထဲမှာလည်း
တရုတ်ရေတပ် အဖွဲ့တွေဟာ ကျောက်တုံးတွေ၊ သို့မဟုတ် ကျောက်တန်းဖော်ယူဖို့ ငါးဖမ်းသူတွေ
နောက်ကလိုက်လာကြတယ်။ ဒီ နှစ်မျက်နှာစလုံးမှာ တရုတ်ဟာ သူ့ရဲ့ ရည်မှန်းချက်တွေအတိုင်း
ရှေ့တိုးဖို့ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ သို့မဟုတ် ကျည်ဆန်တွေကို အသုံးမပြုခဲ့ဘူး။

တရုတ်ရဲ့ အကြမ်းမဖက်တဲ့ နယ်မြေ ကျူးကျော်မှုဟာ သူ့ရဲ့ ရေပိုင်နက်ကျူးကျော်မှုလောက် အတိုက်အခံ
မများလှဘူး။ တရုတ်ရဲ့ ရေပိုင်နက်ကျူးကျော်မှုကို အမေရိကန်က နိုင်ငံတကာဥပဒေအရ စိန်ခေါ်ခဲ့ပေမဲ့
ထိရောက်မှု သိပ်မရှိခဲ့ဘူး။ တစ်ခါတလေ အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ တရုတ်ရဲ့ လုပ်ရပ်တွေ
ကို လျစ်လျူရှုခဲ့ကြတယ်။

ဥပမာ - မကြာသေးခင်က ရုရှားမှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက
ဘယ်လိုပြောခဲ့သလဲဆိုရင် တရုတ်နဲ့ အိန္ဒိယတို့ဟာ နယ်စပ်ကိစ္စနဲ့ပတ်သက်ပြီး မကျေမလည်ဖြစ်ခဲ့ကြ
ပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ အတွင်းမှာ ကျည်ဆန်တစ်တောင့်မှ မပစ်ခဲ့ရတာ
မှတ်သားလောက်တယ်တဲ့။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဝန်ကြီးချုပ်မိုဒီရဲ့ 'အပြုသဘော
ဆောင်တဲ့ မှတ်ချက်တွေ'ကို တုံ့ပြန်ရာမှာ ချီးမွမ်းခဲ့တယ်။

ဒါ့ပြင် ဝန်ကြီးချုပ်မိုဒီအရင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း သူတို့ရဲ့ နှစ်ပေါင်း ၅,ဝဝဝ ရှိတဲ့
သမိုင်းမှာ ၁၉၆၂ ခုနှစ်က အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ စစ်ပွဲတစ်ကြိမ်သာ ဆင်နွှဲခဲ့တယ်လို့ ပြောလေ့
ရှိခဲ့တယ်။ ၁၉၅၁ ခုနှစ်က ကြားခံနယ်မြေ တိဗက်နိုင်ငံကို တရုတ်က တိုက်ခိုက်သိမ်းယူပြီးမှ
တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ အိမ်နီးနားချင်းနိုင်ငံတွေ ဖြစ်လာကြတာကို အဖြစ်မှန်ထက်
ပိုကြည့်လို့ ကောင်းတဲ့ သမိုင်းက အသိအမှတ်မပြုခဲ့ဘူး။

အိန္ဒိယရဲ့ လိုက်လျောတဲ့ လေလုံးကိုကြည့်ရင် စက္ကူကျားအဖြစ်မြင်ဖို့ ပိုလွယ်တယ်။ 'လက်မကနေ
မိုင်ပေါင်းများစွာ' စကားရပ်ကို ဆောင်ပုဒ်အဖြစ် အိန္ဒိယနဲ့ တရုတ်တို့ ပူးပေါင်းမှုမှာ ဝန်ကြီးချုပ်
မိုဒီက သုံးနေတဲ့အခါမှာ ဒီဆောင်ပုဒ်ကို တစ်နှစ်ထက် တစ်နှစ်တိုးလာတာဆိုပြီး ဘာသာပြန်ကာ
PLA က ပိုင်နက်အရှိန်အဝါ ချဲ့တာကို အတ္တဆန်စွာ ဆက်လက်လုပ်ဆောင်ခဲ့တယ်။ အိန္ဒိယ
အနေနဲ့ နှစ်ပေါင်းများစွာ ဝေဖန်တိုက်ခိုက်တာတွေကို ခုခံခဲ့ရာမှ အိန္ဒိယက ဇာတ်ကြောင်းကို
ပြန်လှန်ရမှာဖြစ်တယ်။

ပထမဆုံးလုပ်ရမယ့် ကိစ္စကတော့ သုံးဖန်များလွန်းလို့ ရိုးအီနေပြီဖြစ်တဲ့ အသုံးအနှုန်းတွေကို
စွန့်ပစ်ရမှာဖြစ်တယ်။ ဝန်ကြီးချုပ် မိုဒီရဲ့ နယ်စပ်ငြိမ်းချမ်းရေးနဲ့ ငြိမ်သက်မှုရှိဖို့ ပြောဆိုမှုတွေဟာ
စစ်မှန်ရင် စစ်မှန်မယ်၊ ဒါပေမဲ့ သူ့လေသံက အိန္ဒိယဟာ သည်းညည်းခံတတ်တဲ့ ထောက်ကူသူ
ပုံစံ ထွက်နေတယ်။

အိန္ဒိယအပေါ် တရုတ်ရဲ့ မြန်ဆန်စွာ တိုးလာတဲ့ ကုန်သွယ်မှုအပိုအလျှံဟာ မိုဒီရဲ့ ဝန်ကြီးချုပ်
သက်တမ်းမှာ နှစ်ဆအထိ ဒေါ်လာ ဘီလျံ ၆ဝ အထိဖြစ်လာကာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့
နယ်မြေပိုင်နက်နဲ့ပတ်သက်ပြီး မိမိကိုယ်ကိုယုံကြည်လွန်းတဲ့ အသွင်ဆောင်လာတယ်။
နယ်စပ်နဲ့ပတ်သက်ပြီး ကြည်လင်ပြတ်သားမှု မရှိတာဟာ PLA ရဲ့ ကျူးကျော်မှုကို
အကာအကွယ်ပေးပြီး ကျူးကျော်ဝင်ရောက်ခြင်း အားလုံးကို တရုတ်ကငြင်းကာ သူ့တပ်တွေ
ဟာ တရုတ်ပိုင်မြေပေါ်မှာသာ လှုပ်ရှားနေတာလို့ဆိုတယ်။ အိန္ဒိယနဲ့ မြေပုံအလဲအလှယ်
လုပ်မယ်ဆိုတဲ့ ၂ဝဝ၁ ခုနှစ်က ပေးခဲ့တဲ့ကတိ တရုတ်ကပျက်ခဲ့တယ်။ နှစ်နိုင်ငံကုန်သွယ်မှုမှာ
မျက်စိမှိတ် ခေါင်းညိတ်ခဲ့တဲ့အတွက် အိန္ဒိယဟာ အမှုမဲ့အမှတ်မဲ့နဲ့ PLA ရဲ့ ဝိုင်းပတ်ထားတဲ့
ဗျူဟာ အကုန်အကျခံခဲ့သလို ဖြစ်ခဲ့တယ်။ တရုတ် ထုတ်လုပ်တဲ့ သံမဏိကို အိန္ဒိယဈေးကွက်မှာ
လျှော့ဈေးနဲ့ အစွံထုတ်တာဟာ ဥပမာတစ်ခုဖြစ်တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တရုတ်ရဲ့ ဒေသတွင်း ငွေကြေးအရှိန်အဝါဟာ ထူးခြားစွာ
ကြီးထွားလာတာကြောင့် အာရှနိုင်ငံတွေ အားလုံးနီးပါးရဲ့ အကြီးဆုံးကုန်သွယ်မှုနဲ့
ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဖြစ်လာခဲ့တယ်။ တစ်ပြန်တစ်လှည့်အနေနဲ့ ဒေသတွင်းဖွံ့ဖြိုးဆဲ
နိုင်ငံအတော်များများဟာ ဒေသတွင်းလုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေး ဆက်နွှယ်မှုကိစ္စတွေ
အတွက် တရုတ်နဲ့ နီးစပ်သွားကြတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် မိုဒီကိုယ်တိုင် အလေးအနက်ပြော
ခဲ့သလို အာရှရဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာအိန္ဒိယအနေနဲ့ ဝင်ပါဖို့ နေရာတွေ အများကြီး
ကျန်သေးတယ်။ ဒေသတွင်း ပိုပြီး ပေါင်းစည်းထားတဲ့ အိန္ဒိယစီးပွားရေးဟာ တရုတ်ရဲ့
နယ်မြေတိုးချဲ့မှုအပေါ် မဲတင်းတဲ့ သဘောသက်ရောက်နိုင်တယ်။

PLA ကို ပိုပြီးရှိန်လောက်တဲ့ အဟန့်အတားဖြစ်လာဖို့ အိန္ဒိယဟာ သူ့ရဲ့ နယ်ခြားလုံခြုံရေး
တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းထားသင့်တယ်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့
အရင်းအမြစ်နိမ့်တဲ့ အိန္ဒိယ - တိဗက် နယ်ခြားရဲတပ်ဖွဲ့ဟာလည်း တံခါးစောင့် သာသာရှိတယ်။
ဒီ ရဲတပ်ဖွဲ့တွေကို သေသေချာချာ သင်တန်းပေး၊ ပစ္စည်းပြည့်ပြည့်စုံစုံ ပံ့ပိုးပေးပြီး အိန္ဒိယ
စစ်တပ် အောက်မှာထားလိုက်ရင် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့ အချိန်တွေ
ကုန်ဆုံးသွားပြီဆိုတာ တရုတ်ကို အချက်ပြလိုက်သလို ဖြစ်မယ်။

အသာစီးပြန်ယူနိုင်ခဲ့ကာ အိန္ဒိယတပ်တွေဟာ တရုတ်ပိုင်နယ်မြေကို နည်းနည်းရယူဖို့
ကြိုးပမ်းခဲ့ရင် ဏူဗ က စကားတွေပြောတာထက် ပိုတုံ့ပြန်မယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့
ကိစ္စအတော်များများမှာ ကင်းလှည့် တာဝန်ထမ်းဆောင်နေတဲ့ အိန္ဒိယနယ်ခြား ရဲတပ်ဖွဲ့ဟာ
လက်နက်ကိုင်ဆောင်တာတွေတောင်မရှိကြဘူး။ ဒီလို ကျိုးနွံတဲ့ တုံ့ပြန်မှုကြောင့် အိန္ဒိယရဲ့
မြောက်ပိုင်းနယ်ခြားဒေသမှာ တရုတ်ဟာ သူ့စိတ်ကြိုက် ထင်သလို လုပ်နေနိုင်တယ်။
အငြင်းပွားနေတဲ့ ကက်ရှ်မီးယားနယ်စပ်မှာလည်း တရုတ်ရဲ့ အားပေးထောက်ခံမှုကို
ရရှိထားတဲ့ ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယတပ်ဖွဲ့တွေကို မကြာခဏဆိုသလို သေနတ်နဲ့
ပစ်ခတ်တာကို ကြည့်ရင်သိနိုင်တယ်။

၁၉၅ဝ ပြည့်နှစ်တွေကစပြီး ဟိမဝန္တာဒေသမှာ PLA ဟာ သူ့ရဲ့ နည်းဗျူဟာတွေကို လက်
တည့်စမ်းခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံအရွယ်ရှိတဲ့ Aksai Chin ကုန်းပြင်မြင့်ကို ပိုင်းဖြတ်ယူခဲ့တယ်။
နောက်ပိုင်းမှာ ၁၉၆၂ ခုနှစ်က နယ်ခြားစစ်ပွဲမှာ အိန္ဒိယကို အရှက်တကွဲ ရှုံးနိမ့်စေခဲ့ကာ
ငြိမ်းချမ်းရေးကို တရုတ်အလိုကျ ရယူခဲ့တာလို့ ၂ဝ၁၂ ခုနှစ်က နိုင်ငံ့အာဘော်တစ်ခုက ဂုဏ်ဖော်
ပြောဆိုခဲ့သေးတယ်။ အခုအခါတွင် တရုတ်ဟာ နယ်ခြားတွေကို ဂေါ်ဖီထုပ်ပုံသဏ္ဌာန်
ချဉ်းကပ်လာတယ်။ ရန်သူအရင်က ထိန်းချုပ်ထားခဲ့တဲ့ နယ်မြေကိုမသွားလာနိုင်ဖို့ ဖြတ်တောက်ပြီး
တဖြည်းဖြည်းနဲ့ အရပ်သားနဲ့ လုံခြုံရေးအထပ်ထပ် ဝိုင်းရံထားလိုက်တယ်။

ဒီနောက်ခံဖြစ်ရပ်မှာ ဟိမဝန္တာငြိမ်းချမ်းရေးရဲ့ စစ်မှန်တဲ့သင်္ကေတဟာ သေနတ်တွေကို
အိတ်ထဲပြန်ထည့်တာမဟုတ်ဘဲ နယ်စပ်ကျူးကျော်မှုတွေကို အဆုံးသတ်ဖို့ပဲဖြစ်တယ်။
အိန္ဒိယရဲ့ လိုက်လျောတဲ့ချဉ်းကပ်မှုဟာ တရုတ်ကို ဟန့်တားဖို့မအောင်မြင်ခဲ့ဘူး။
ပိုင်နက်ကျူးလွန်မှုတွေကိုရပ်ဖို့ အိန္ဒိယအနေနဲ့ အမောက်ထောင်ပြဖို့ လိုလိမ့်မယ်။

(ဤဆောင်းပါးသည် နယူးဒေလီအခြေစိုက် Centre for Policy Research မှ
ပါမောက္ခ Brahma Chellaney ၏ အာဘော်သာဖြစ်သည်။)

- PROJECT SYNDICATE



ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း