မလေးရှားတွင် ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးရှင်းလင်းမှုကို ဒေသတွင်း ပါလီမန်အမတ်များ ပြစ်တင်

 

မလေးရှား လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးနေစဉ်။မလေးရှား လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးနေစဉ်။

ကွာလာလမ်ပူ - မလေးရှားနိုင်ငံက ဇူလိုင်လအတွင်းအကြီးဆုံး ဖမ်းဆီးရှင်းလင်းမှုတစ်ခုအဖြစ်
အထောက်အထားမရှိသော ရွှေ့ပြောင်းလုပ်သား ၃,ဝဝဝ ကျော်ကိုထိန်းသိမ်းခဲ့ပြီး ထိုလှုပ်ရှားမှုကြောင့်
အားနည်းသူများ မတရားဖိနှိပ်ခံနေရသည်ဟု ဒေသတစ်ဝန်းရှိ ဥပဒေပြုအမတ်များက ဇူလိုင် ၁၂ ရက်တွင်
သတိပေးပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသည် အာရှဒေသအနှံ့မှ ရွှေ့ပြောင်းအလုပ်သမားအများဆုံး လာရောက်လုပ်ကိုင်သော
နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ရွှေ့ပြောင်းအလုပ်သမား သန်းချီ၍ တရားမဝင် နေထိုင်လျက်ရှိကြောင်း
သိရသည်။ အထောက်အထားမဲ့ နိုင်ငံခြားသားများကို မှတ်ပုံတင်ပြုလုပ်ရန် တာဝန်ရှိသူများက
စီစဉ်ပေးခဲ့သော အစီအစဉ်မှာ ဇွန် ၃ဝ ရက်တွင် ပြီးဆုံးခဲ့ပြီးနောက် အာဏာပိုင်များက တရားမဝင်
အလုပ်သမားများကို စတင်ဖမ်းဆီးထိန်းသိမ်းလျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ
ဦးရေ ၃,၁ဝဝ ကျော်ရှိကြောင်းသိရသည်။ ထို ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် အများဆုံးအုပ်စုမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး မြန်မာနှင့် အင်ဒိုနီးရှားလူမျိုးများလည်း ထိန်းသိမ်းခံထားရကြောင်း
သိရသည်။ အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရမှု သတင်းက အိမ်နီးချင်းနိုင်ငံများနှင့် လူအခွင့်အရေး
လှုပ်ရှားသူများထံ ပျံ့နှံ့ခဲ့ပြီး အရှေ့တောင်အာရှတစ်လွှားက လက်ရှိနှင့် ယခင်ဥပဒေပြု
အမတ်ဟောင်းများက ထိုဖမ်းဆီးမှုနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာ
ခဲ့သည်။

''အားနည်းသူတွေကို မတရားဖိနှိပ်တဲ့ လုပ်ရပ်ဟာ နိုင်ငံတွင်း အထောက်အထားမရှိတဲ့
ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ကို လျှော့ချချင်တဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်
ဆိုတာဟာ ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ဘူး'' ဟု အာဆီယံ ပါလီမန်အဖွဲ့ဝင် လူ့အခွင့်အရေး
ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ကမ္ဘောဒီးယားဥပဒေပြုအမတ် မူဆိုချွာကဆိုသည်။

အဓိကတရားခံများသည် နိုင်ငံခြားအလုပ်သမားများထံမှ ငွေညှစ်ခဲ့သော နိုင်ငံခြားအလုပ်အကိုင်
ဝန်ဆောင်မှု ကုမ္ပဏီများပင်ဖြစ်ပြီး ၄င်းတို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများမှာ အကြွေး
အကြီးအကျယ်တင်ကာ မလေးရှားနိုင်ငံမှာပင် မလွှဲမရှောင်သာဆက်လက်လုပ်ကိုင်နေရကြောင်း
ထင်ရှားသော မလေးရှားနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးဆိုင်ရာအုပ်စု တီနာဂါနီတာက
ဒါရိုက်တာ အေဂျလီဖာနန်ဒက်စ်က ပြောကြားခဲ့သည်။

''ရွှေ့ပြောင်းအလုပ်သမားများကြောင့် မဟုတ်ရင် မလေးရှားနိုင်ငံ ဒီလောက် တိုးတက်လာမှာ
မဟုတ်ဘူး။ သူတို့ကို လက်ထိတ်ခတ်မယ့်အစား ကျေးဇူးတင်သင့်တယ်'' ဟု ၄င်းက အေအက်ဖ်ပီ
သတင်းဌာနကို ပြောကြားခဲ့သည်။

နိုင်ငံခြားသားအလုပ်သမားများကို တရားမဝင် ငှားရမ်းခဲ့သည်ဟု စွဲချက်ဖြင့် အလုပ်ရှင် ၆ဝ ကျော်
ဖမ်းဆီးထားခဲ့သည်။ ပြည်ပမှဝင်ရောက်လာသော ရွှေ့ပြောင်းအလုပ်သမားများသည် ဒေသခံများ
ပစ်ပစ်ခါခါ ငြင်းဆန်ပြီး ဝင်ရောက်မလုပ်ကိုင်လိုသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆီအုန်းခြံ
စိုက်ပျိုးရေးကဲ့သို့ လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြရကြောင်း သိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း