ထိုင်းနိုင်ငံ ဒီမိုကရေစီအရေး တစ်ကိုယ်တော်ဆန္ဒပြ

ထိုင်းအတိုက်အခံဖြစ်သူ အီကာချိုင်း ဟောင်ကန်ဝမ် ဇူလိုင် ၁၂ ရက်က တစ်ကိုယ်တော်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီထိုင်းအတိုက်အခံဖြစ်သူ အီကာချိုင်း ဟောင်ကန်ဝမ် ဇူလိုင် ၁၂ ရက်က တစ်ကိုယ်တော်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘန်ကောက် - ယခုနှစ် ဇွန် ၂၄ ရက်က အီကာချိုင်းဟောင်ကန်ဝမ်ဟာ ဘိလပ်မြေတစ်ပုံးနဲ့
လေးလံလှတဲ့ နီညိုရောင် ကြေးပြားကြီးတစ်ချပ်ကို သယ်ဆောင်လျက် ဘန်ကောက် လုံခြုံရေး
ရဲတပ်ဖွဲ့အင်အား အပြည့်ချထားတဲ့ ရွိုင်ရယ်ပလာဇာ ဈေးဆိုင်တန်းကို ဖြတ်လျှောက်ပြီး အစိုးရ
ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါပေမဲ့ ၄၂ နှစ်အရွယ် အီကာချိုင်းဟာ သူ့ကြေးပြားကြီးကို အောက်မချမီမှာပဲ အလုံပိတ် မော်တော်ယာဉ်
ပေါ်ကို ကသုတ်ကရက် ဆွဲတင်ဖမ်းဆီး ခံလိုက်ရတယ်။ သူ့ကြေးပြားကြီးဟာ တာဝန်ရှိသူတွေကိုယ်တိုင်
နိုင်ငံ့ သမိုင်းကြောင်းကို ဖုံးဖိနေကြပြီလားလို့ စိုးရိမ် ကြောင့်ကြစိတ်များစွာဖြစ်ခဲ့ကြရတဲ့ ဧပြီလမှာ
ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ မော်ကွန်းထိုးထားတဲ့ အထိမ်းအမှတ် နီညိုရောင် ကြေးပြားကြီးနဲ့
ချွတ်စွပ်တူ ပုံတူကြေးပြားကြီး ဖြစ်နေပါတယ်။

၁၅ လက်မ (၃၈ စင်တီမီတာ) အရွယ်အစားရှိတဲ့ မူလ မော်ကွန်းကြေးပြားဟာ သက်ဦး ဆံပိုင်ဘုရင်
စနစ်ကို အဆုံးသတ်လိုက်တဲ့ သွေးထွက်သံယိုမှုမရှိတဲ့ ၁၉၃၂ ခုနှစ်၊ ယိုးဒယား တော်လှန်ရေး
အထိမ်းအမှတ်အဖြစ် စိုက်ထူခဲ့တဲ့ မော်ကွန်းကြေးပြားကြီးပါပဲ။ ဆယ်စုနှစ်များစွာနှောင့်ယှက်ဖျက်ဆီးမှု
ကင်းလာခဲ့တယ်။

ဒါပေမဲ့ ဒီမိုကရေစီအုပ်ချုပ်မှုစနစ် အားနည်းလာတာကြောင့် ယခင်ဆယ်စုနှစ်များကတည်းက
သြဇာပြန်လည်ကြီးမားလာတဲ့ ထိုင်း တော်ဝင်မိသားစုအပေါ် ကြည်ညိုရင်းစွဲရှိသူတစ်စုက
နေရာဟောင်းမှာပဲ မော်ကွန်းကြေးပြားသစ်တစ်ခုနဲ့ ချက်ချင်းအစားထိုး စိုက်ထူလိုက်ကြပါတယ်။

အီကာချိုင်း တစ်ကိုယ်တော် ဆန့်ကျင်ဆန္ဒပြဖို့ ရွေးချယ်လိုက်တဲ့နေ့ဟာ ၁၉၃၂ ခုနှစ်
တော်လှန်ရေးနှစ်ပတ်လည်နေ့ (ဇွန် ၂၄) ပဲ ဖြစ်ပါတယ်။ ''ကြေးပြားအသစ်ကို ကျွန်တော်
ကော်ထုတ်ပစ်လိုက်ချင်တာဗျ။ ဒါပေမဲ့ ကျွန်တော့်အတွက် သိပ်ခက်တဲ့အလုပ် ဖြစ်လိမ့်မယ်''လို့
အီကာချိုင်းက အေအက်ဖ်ပီ သတင်းထောက်ကို မဲ့ပြုံးကလေးနဲ့ ပြောတယ်။

၂ဝ၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အုပ်ချုပ်မှုအာဏာ သိမ်းလိုက်ချိန်ကတည်းက ထိုင်းနိုင်ငံရဲ့
ဘုရင်ကို မထီလေးစားလုပ်မှု ဥပဒေနဲ့ ဖမ်းဆီးအပြစ်ပေးခံခဲ့ရသူပေါင်း ၁ဝဝ ကျော် ရှိခဲ့ပါတယ်။
တော်ဝင်မိသားစုတွေကို မထီလေးစား ပြုမူပြောဆိုရုံမျှနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့
ဥပဒေပါပဲ။

ထီလက်မှတ်ရောင်းချပြီး အသက်မွေးဝမ်းကျောင်းခဲ့ဖူးတဲ့ အီကာချိုင်းလည်း ဒီဥပဒေနဲ့ပဲ
၂ဝ၁၁ ခုနှစ်က ထောင်ဒဏ်သုံးနှစ်နီးပါး ကျခံခဲ့ရဖူးပါပြီ။ သူ့ပြစ်မှုကတော့ ထိုင်းဘာသာပြန်
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေးနန်းတွေ၊ ထိုစဉ်က ထိုင်းအိမ်ရှေ့မင်းသား မဟာဗာဂျီရာလောင်ကွန်း
အကြောင်း ထိုင်းဘာသာပြန် နိုင်ငံတကာသတင်းတွေကို ရောင်းချတဲ့အမှုပါပဲ။

ထောင်ဒဏ်သုံးနှစ် ကျခံပြီးတဲ့နောက်မှာတော့ အီကာချိုင်းဟာ ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားတာတွေကို
မလုပ်တော့ဘဲ ဘုရင်ကို မထီလေးစားလုပ်မှုနဲ့ တရားစွဲခံရသူတွေကို ကူညီဖို့ ဖောင်ဒေးရှင်းတစ်ခု
ထူထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ မော်ကွန်းဝင် ကြေးပြားကြီး ပျောက်ဆုံးမှုက သူ့ကို လှုပ်နှိုးလိုက်ပြန်ပါတယ်။

သူ့ရဲ့ တစ်ကိုယ်တော် ဆန့်ကျင်ဆန္ဒပြမှုအတွက် အာဏာပိုင်တို့က တရားမစွဲတော့ဘဲ လွှတ်
လိုက်စဉ်က ပြန်ပေးလိုက်တဲ့ သူ့ရဲ့ပုံတူ မော်ကွန်းကြေးပြားကြီးကို အိမ်နောက်ဖေးဆောင်ထဲက
ခပ်ထည်ထည် ပြန်ထုတ်လာရင်း ''ဒါဟာ ဒီမိုကရေစီရဲ့ သင်္ကေတတစ်ခုပဲဗျ''လို့ဝင့်ကြွားစွာ
ပြောလိုက်တယ်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း