ယခုနှစ် နွေစပါးဈေးမှာ ဧပြီလ ၂၂ ရက်နေ့က တင်း ၁၀၀ လျှင် ကျပ် ၃၆၀,၀၀၀ ၀န်းကျင်ဖြင့်
ဈေးစတင်ဖွင့်ခြင်းကြောင့် ငါးနှစ်အတွင်း ဒုတိယအကြိမ် တောင်သူများ အကျိုးအမြတ် ရရှိသည့်
ရာသီဖြစ်လာကြောင်း အဖွဲ့ဝင်တောင်သူပေါင်း လေးသိန်းခန့်ရှိသည့် လွတ်လပ်သော တောင်သူ
လယ်သမားများအသင်း ဥက္ကဋ္ဌဦးသိန်းအောင်က မြန်မာတိုင်း(မ်)ကိုပြောသည်။
၂၀၀၈ ခုနှစ်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းနောက်ပိုင်း စပါးပေါ်စအချိန် ဖြစ်သည့်
ရိတ်သိမ်းသည့်ရာသီများတွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂၈၀,၀၀၀ ၀န်းကျင် သာဈေးရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မိုးစပါးရာသီတွင် ပြည်ပဝယ်လိုအားမြင့်မားလာခြင်းကြောင့် စပါးပေါ်
စအချိန်၌ပင် ကျပ် ၄၀၀,၀၀၀ ဖြင့် ဈေးစဖွင့်ခဲ့ခြင်းကြောင့် တောင်သူများ ငါးနှစ်အတွင်းပထမဆုံး
အကြိမ်အဖြစ် အထိုက်အလျောက် အကျိုးအမြတ်ရရှိခဲ့ပြီး လက်ရှိနွေစပါးရာသီတွင် ဒုတိယ
အကြိမ်မြောက် သင့်တင့်သောအကျိုးအမြတ် ရရှိခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"ဒီဈေးနဲ့ဆိုရင်တော့ တောင်သူတွေ မချမ်းသာနိုင်ပေမယ့် စားရေးသောက်ရေး လောက်င
လောက်တဲ့ အနေအထားလောက်တော့ ရှိသွားမှာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်အတွင်း စပါးဈေး
အရမ်းနိမ့်တာရယ်၊ ရေကြီးလို့စပါး ပျက်တာတွေရယ်ကြောင့် တင်နေတဲ့အကြွေးတွေကတော့
ရှိနေတယ်သေးတယ်။ အဲဒီအကြွေးတွေသာမရှိရင် အခုဈေးက တောင်သူ တွေအတွက် တော်
တော်အဆင်ပြေနိုင်ပါတယ်" ဟု ဦးသိန်းအောင်ကပြောသည်။
မြန်မာနိုင်ငံတွင် နွေစပါးကိုမတ်လလယ်မှ ဧပြီလလယ်အထိ ရိတ်သိမ်းလေ့ရှိကာ လက်ရှိ ဈေး
ကျပ် ၃၆၀,၀၀၀ နှင့် တွက်ဆကြည့်ပါက တောင်သူများမှာ ပျမ်းမျှ တင်း ၁၀၀ လျှင် ကျပ် ၅၀,၀၀၀
မှ ၆၀,၀၀၀ အတွင်း အကျိုးအမြတ်ရရှိသည်ဟု နွေစပါး ၂၅ ဧက ကိုယ်တိုင်စိုက်ပျိုး ထားသည့်
ဦးသိန်းအောင်ကပြောသည်။
ပြီးခဲ့သည့်မိုးစပါးရာသီတွင် ထူးခြားဖြစ်စဉ် အဖြစ် စပါးပေါ်စအချိန် နိုဝင်ဘာလ၌ပင် ဧည့်မထစပါး
တင်း ၁၀၀ လျှင် ကျပ် ၄၀၀,၀၀၀ ခန့်ဖြင့် ဈေးဖွင့်ခဲ့ခြင်းကြောင့် တောင်သူများ အကျိုးအမြတ်ရရှိခဲ့
သဖြင့် ယခုထွက်ရှိသောနွေစပါးကို ယခင်နှစ်များထက် တိုးချဲ့စိုက်ပျိုးခဲ့ကြသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၏စာရင်းများအရ မြန်မာနိုင်ငံတွင်နွေစပါးစိုက်
ပျိုးနိုင်သော လယ်ဧကလေးသန်းခန့်ရှိသည်။ ပုံမှန်အားဖြင့် တောင်သူများသည် ငွေအရင်းအနှီး
မလုံလောက်ခြင်းကြောင့် အဆိုပါမြေနေရာအားလုံးကို စိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း ယခုနှစ်နွေ
စပါးကို ယခင်နှစ် များကထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိ တိုးချဲ့စိုက်ပျိုးထားကြောင်း
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်သည်။
အသင်းချုပ်၏စာရင်းများတွင် မြန်မာနိုင်ငံ ၏ စုစုပေါင်းဆန်ထုတ်လုပ်မှု မက်ထရစ်တန် ၁၃ သန်း
၀န်းကျင်အနက် နွေစပါးမှာ သုံးပုံ တစ်ပုံခန့်ပါ၀င်ကြောင်း ဖော်ပြသည်။ ယခုနှစ်တွင်ရိတ်သိမ်း
သည့် နွေစပါးဈေး သည် တောင်သူများအတွက်အကျိုးအမြတ် ရရှိ သည့် အနေအထားဖြစ်သော်
လည်း လယ်ယာ လုပ်သား ရှားပါးလာမှုကြောင့် ရိတ်သိမ်းရာ တွင် လုပ်အားခမြင့်တက်လာကာ
လယ်ယာ လုပ်ငန်းခွင် ကုန်ကျစရိတ်များလည်း ပိုမိုမြင့်တက် လာကြောင်း တောင်သူများကပြော
သည်။
"ပြီးခဲ့တဲ့နှစ်တွေထက် လယ်လုပ်သားခစရိတ် က ၃၀ ရာခိုင်နှုန်းလောက် မြင့်လာတယ်။ ဒီတော့
စပါးဈေးကောင်းလာတယ်ဆိုပေမဲ့ အကျိုးအမြတ်က ရသင့်သလောက်မရတော့ ဘူးပေါ့"ဟု မအူ
ပင်မြို့နယ်လယ်သမားအသင်းဥက္ကဋ္ဌ ဦးသန်းနိုင်ကပြောသည်။
လက်ရှိအချိန်တွင် စပါးဈေးသည် သင့်တင့်သည်အနေအထားဖြစ်သော်လည်း ဒေသခံကုန်သည်
အချို့၏ ဈေးနှိမ်ဝယ်ယူနေမှုများကြောင့် ဈေးကျဆင်းမည်ကို တောင်သူများ စိုးရိမ်နေကြောင်း
၎င်းကပြောသည်။
"အခုစပါးဈေးက ကျွန်တော်တို့မှန်းထားတဲ့ တင်း ၁၀၀ ကျပ်လေးသိန်းအောက် ရောက်လာလို့
မဆိုးဘူးလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒေသခံကုန်သည်တွေက ပေါက်ဈေးအောက်ကိုနှိမ်ဝယ်ပြီး
ဈေးကိုဆွဲချဖို့လုပ်နေကြတော့ဈေးထိုးကျသွားမှာကို တောင်သူတွေကစိုးရိမ် နေကြတယ်။ ဒါမျိုး
တွေက အရင်ကလည်း ကြံုဖူးနေကျဆိုတော့ ကျွန်တော်တို့ဘက်က လည်း စိုးရိမ်တာပေါ့" ဟု
ဦးသန်းနိုင်က ပြောသည်။
ထိုသို့ တောင်သူများ စပါးဈေးကျဆင်းမည်ကို စိုးရိမ်နေကြသော်လည်း လက်ရှိအချိန်တွင် ပြည်ပ
ဈေးကွက်များက မြန်မာ့ဆန်ကို ၀ယ်လိုအားကောင်းမွန်နေခြင်းကြောင့် ဈေးနှုန်း ပမာဏ အများ
အပြား ကျဆင်းမည်မဟုတ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး
ဒေါက်တာစိုးထွန်းက ပြောသည်။
"လတ်တလော အနေအထားကိုကြည့်ရင် ပြည်ပဈေးကွက် ၀ယ်လိုအားကောင်းနေသလို
ပြည်တွင်းမှာလည်း ဈေးတက်ဖို့ကိုမျှော်လင့်ပြီးတော့ စပါးဝယ်လှောင်နေကြတဲ့ သူတွေ
တော်တော်တွေ့နေရတယ်။ ဒီလိုဝယ်လိုအား ကောင်းနေရင်တော့ ဈေးက ကျမှာမဟုတ်ပါဘူး။
ဒီတော့ လက်ရှိနွေစပါးရာသီမှာ တောင်သူတွေ အသင့်အတင့်တော့ အကျိုး အမြတ်ရကြမှာပါ။
မျှော်မှန်းထားသလောက် ကြီးတော့ ဟုတ်ချင်မှဟုတ်မှာပေါ့" ဟု ၎င်းက ပြောသည်။ စပါးဈေး
အသင့်အတင့်ကောင်းမွန်နေခြင်း ကြောင့် သင့်တင့်သော အကျိုးအမြတ်ရနိုင် မည်ဟု မျှော်မှန်း
နေကြသော်လည်း စပါး ရိတ်သိမ်းပြီးစကာလအတွင်း မိုးရွာသွန်းမှုများ ကြံုတွေ့ရပါက ဆုံးရှုံးမှု
များ ဖြစ်ပေါ်နိုင်သည့် အခြေအနေများလည်းရှိကြောင်း ဦးသိန်း အောင်က ခန့်မှန်းသည်။
မြန်မာနိုင်ငံတွင် စပါးရိတ်သိမ်းပြီးပါက ရာသီဥတုဒဏ်ခံနိုင်သော စနစ်တကျထားရှိနိုင် သည့်
သိုလှောင်ရုံများမရှိသေးဘဲ တောင်သူ အများစုမှာ ရိတ်သိမ်းချွေ လှေ့သည့်လုပ်ငန်း စဉ်များကို
လယ်တလင်းပေါ်တွင်သာ လုပ်ကိုင် နေရသည့် အနေအထားဖြစ်ကြောင်း ၎င်းက ပြောသည်။

















