နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်မှတစ်ဆင့် ငွေပေးချေမှု နည်းပါး

နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်မှတစ်ဆင့် ငွေပေးချေမှု နည်းပါး

နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ၏ ငွေပေးငွေချေမှု များတွင် ဘဏ်မှတစ်ဆင့်ပေးချေခြင်းထက်
တိုက်ရိုက်ငွေပေးချေမှုများနှင့် ဟွန်ဒီ ငွေပေးချေ မှုများကို နယ်စပ်ဒေသကုန်သွယ်မှုများတွင်
အများဆုံးအသုံးပြုနေကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူများက ပြောသည်။

ပြည်တွင်းကုန်သည်များမှာ ဘဏ်စာရင်းကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့
ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တွင် အများဆုံးဖွင့်လှစ် ထားကြသော်လည်း
နယ်စပ်ကုန်သွယ်မှုများအတွက်မူ အဆိုပါဘဏ် နှစ်ဘဏ်မှာ လုံလောက်သည့်ဘဏ်ခွဲများ
မထား ရှိနိုင်သေးခြင်းကြောင့် နယ်စပ်စခန်းများတွင် ဖွင့်လှစ်ထားသော မြန်မာ့စီးပွားရေးဘဏ်ကို
သာ အသုံးပြုရကြောင်း မြဝတီကုန်သွယ်ရေး ဇုန်တွင် တာဝန်ထမ်းဆောင်နေသော ကုန်သွယ်ရေး
အရာရှိတစ်ဦးက ပြောသည်။

ထိုသို့ ကုန်သွယ်မှုအတွက်လိုအပ်လာပါက အဆိုပါ အစိုးရဘဏ်နှစ်ခုချိတ်ဆက်ပြီး ငွေလွှဲမှု
များပြုလုပ်ရာတွင် ကြန့်ကြာမှုများရှိသလို ငွေစာရင်းပမာဏ မည်မျှဖွင့်လှစ်ထားသည်ကို ပြန်လည်
စစ်ဆေးမှုလည်း အားနည်းနေကြောင်း ၎င်းကပြောသည်။

၂၀၁၂ ခုနှစ်မတိုင်ခင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကုန်သွယ်မှုလိုင်စင်
လာရောက်လျှောက်ထားသည့် ကုန်သည်များ၏ ငွေစာရင်း ပမာဏကို သက်ဆိုင်ရာအရာရှိများ
က တောင်းယူကြည့်ရှု နိုင်သော်လည်း ၂၀၁၂ နှောင်းပိုင်းမှစတင်၍ အဆိုပါမူကို ပယ်ဖျက်လိုက်
ရာ ဘဏ်နှင့်ချိတ် ဆက်မှုအားနည်းလာကြောင်း အဆိုပါ အရာရှိ က ပြောသည်။

"ကုန်သည်တွေရဲ့ပစ္စည်း ဈေးကွက်ထဲရောက် သွားရင် အလုပ်လုပ်တော့မှာ မဟုတ်ဘူး။ ငွေမရှိဘဲ
ပစ္စည်းသွင်းလိုက်တယ်။ အစိုးရဆီကို ထိုက်သင့်တဲ့အခွန် ရောက်မလာဘူး။ မူပြောင်း လိုက်တဲ့
အပေါ်မှာဖြစ်လာတဲ့ အားနည်းချက်တွေ၊ ကြန့်ကြာမှုတွေကိုကြည့်ပြီး ကုန်သည်တွေ ဘက်က
လည်း လုပ်စားကြတယ်"ဟု ၎င်းက ပြောသည်။

ထိုသို့ ဘဏ်လုပ်ငန်းစနစ်မပါသော ကုန်သွယ်မှုမှာ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်း၏အဖွဲ့ဝင်နိုင်ငံ
တစ်နိုင်ငံအတွက် လိုက်လျောညီထွေမှုမရှိသလို နိုင်ငံခြားဘဏ်များကိုလည်းဝင်ရောက်ခွင့်ပြု
လိုက်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များလည်း အဆိုပါကွန်ရက်ထဲသို့ ပိုမိုဝင်ရောက်လာပါက
ဘဏ်အချင်းချင်း ချိတ်ဆက်မှုအားနည်းခြင်းသည် ရှုပ်ထွေးမှုဖြစ်လာနိုင်ကြောင်း အဆိုပါတာဝန်
ရှိသူက ပြောသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုအများစုမှာ လည်း ခိုင်မာမှုမရှိသော စင်ကာပူကုမ္ပဏီများ၊
၀ယ်လက်များနှင့် ချိတ်ဆက်နေရသည်ဖြစ်ရာ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များမှာ ငွေလွှဲစာတမ်း
ဖွင့်လှစ်ရန်အတွက် မိမိငွေကို အရင်ဆုံး ဟွန်ဒီဖြင့်ပို့ပေးရကြောင်းနှင့် အဆိုပါကာလ အတွင်း
ငွေလဲနှုန်းပြောင်းလဲမှု မြင့်မားလျှင် နစ်နာမှုများရှိနေကြောင်း ကုန်သည် အသိုင်း အဝိုင်းက
ပြောသည်။

ယခုအခါ ပုဂ္ဂလိဘဏ်များပါ ကုန်သွယ်မှု ၀န်ဆောင်လာခြင်းကြောင့် ဟွန်ဒီငွေလွှဲမှုများ ပင်လယ်
ရေကြောင်းကုန်သွယ်မှုတွင် နည်းပါးသွားသော်လည်း မူဆယ်နှင့် မြဝတီ ဒေသများ တွင်မူ ဆက်
လက်ရှိနေသေးသည်ဟု ကြားသိရကြောင်း အိန္ဒိယသို့ ပဲမျိုးစုံတင်ပို့သော ဦးဝင်းအောင်က
ပြောသည်။

"အဓိကကတော့ အဲဒီကကုန်သည်တွေက အစိုးရဘဏ်တွေကို အများဆုံးအသုံးပြုနေရတဲ့
အချက်ကြောင့်ဖြစ်မယ် ထင်တယ်။ နယ်စပ်မှာ က ဘဏ်သုံးဖို့အဆင်မပြေဘူး။ ကြိုက်ရောင်း
ကြိုက်ဝယ်ပဲ လုပ်ကြတယ်။ ဘဏ်တွေကနေသွားမယ်ဆိုရင် ချက်ချင်းငွေချေရမယ့်ကိစ္စကို
များသောအားဖြင့် နှစ်ရက်ကနေ သုံးရက်လောက် ကြန့်ကြာသွားရော"ဟု ၎င်းကပြောသည်။

မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာတစ်ဦး ကမူ ဘဏ်သို့ဖြတ်သန်းမသွားရခြင်း၏ အဓိက အကြောင်း
မှာ ဘဏ်ကြန့်ကြာမှုထက် ပြည်တွင်း ကုန်သည်များရောင်းချသည့် ပစ္စည်း အရည် အသွေးကို
တစ်ဖက်နိုင်ငံက ယုံကြည်စိတ်ချ နိုင်မှု အားနည်းခြင်းကြောင့်သာ ဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်တို့ဘက်က ကုန်သည်တွေ ရောင်း တဲ့ပစ္စည်းကို တစ်ဖက်ကကိုယ်တိုင်မြင်တွေ့ ရမှ
စိတ်ချနိုင်တယ်။ ဒါကြောင့် နယ်စပ်ကုန်သည် တွေမှာ ငွေလွှဲပေးဖို့ တောင်းဆိုနိုင်မှုအားနည်း
တယ်"ဟု ၎င်းကပြောသည်။

သို့သော် အစိုးရဘဏ်များ၏ အားနည်းချက် မှာ ဘဏ်တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုများတွင်
ကွန်ပျူတာစနစ်ကို အသုံးမပြုနိုင်သကဲ့သို့ အချို့ နေရာများတွင် ဘဏ်ဝန်ထမ်းများနှင့် နှစ်ဦး
နှစ်ဖက်ညှိနှိုင်းမှုများ ရှိခြင်းကြောင့်လည်း ဖြစ်ကြောင်း ကုန်သည်များကပြောသည်။

ထို့ပြင် အခြားနိုင်ငံဘဏ်များတွင် ငွေစာရင်း ဖွင့်လှစ်ထားသည့်ပမာဏထက် ပို၍ရောင်းဝယ်
နိုင်ပြီး လိုအပ်သောပမာဏကို ဘဏ်က စိုက် ထုတ် ပေးထားသည့် အလေ့အထလည်းရှိသည်။

ပြည်တွင်းဘဏ်များတွင်မူ မိမိတွင်ရှိသည့် ငွေစာရင်းပမာဏထက်ပို၍ ကုန်သွယ်ခွင့်မရ နိုင်သော
စည်းမျဉ်းများချမှတ်ထားသည်။ ၂၀၁၂၊ ဩဂုတ်လမှစတင်၍ နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရ ပုဂ္ဂလိ
ကကုမ္ပဏီများတွင် ငွေလွှဲစာတမ်းဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး လက်ရှိတွင် ကမ္ဘောဇဘဏ်၊ သမဝါယမ
ဘဏ်၊ ဧရာဝတီ ဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်၊ မြန်မာ့ ရှေ့ဆောင်နှင့် မြန်မာအရှေ့တိုင်း
ဘဏ် ခြောက်ခုတို့က ဖွင့်လှစ်ထားပြီးဖြစ်သည်။

ထိုသို့ ပြည်တွင်းဘဏ်များကုန်သွယ်မှု ၀န်ဆောင်ပေးနိုင်သည့် အတိုင်းအတာမှာ သက် ဆိုင်
ရာနိုင်ငံခြားဘဏ်များနှင့် သဘောတူစာချုပ် မည်မျှထားရှိမှု၊ အဆိုပါဘဏ်များက ပြည်တွင်း
ဘဏ်များကို မည်မျှယုံကြည် စိတ်ချမှု အခြေ အနေပေါ် မူတည်နေသည်။

ငွေလွှဲခမှာ ဘဏ်အများစုအတွက် အမေ ရိကန်ဒေါ်လာ ၂၀,၀၀၀ နှင့်အောက်ငွေလွှဲခများ အတွက်
၂၅ ဒေါ်လာကျသင့်ကာ ကုန်ပစ္စည်း ပေါ်မူတည်၍ ၀န်ဆောင်ခများများစွာ ကွာခြား မှု မရှိပေ။
သမဝါယမဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပင်လယ်ရေကြောင်းကုန်သွယ်မှု များ
အတွက် ပုဂ္ဂလိကဘဏ်များမှာ နိုင်ငံ အတော်များများကို ချိတ်ဆက်ထားနိုင်သော် လည်း
နယ်စပ်ကုန်သွယ်မှုတွင်မူ အခက်အခဲတချို့ရှိကြောင်း ပြောသည်။

ယင်းမှာ နယ်စပ်ကုန်သွယ်မှုအတွက် အများဆုံးအသုံးပြုသည့်ငွေကြေးမှာ ထိုင်းဘတ်နှင့်
တရုတ်ယွမ်သာ ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များမှာ ယင်းတို့ကို ရောင်း ၀ယ်ခွင့် မရသေးချေ။ အဆိုပါ
ကိစ္စနှင့်ပတ်သက်၍ ဗဟိုဘဏ်သို့ ယမန်နှစ်က အဆိုပြုခဲ့ကြသော်လည်း လက်ရှိ အချိန်တွင်
ဗဟိုဘဏ်က ပြန်လည်ချထားပေးခြင်း မရှိသေးပေ။

"ငွေကြေးကိုင်တွယ်မှု အကန့်အသတ်ကြောင့်နယ်စပ်မှာဘဏ်ခွဲတွေ ဖွင့်လှစ်ဖို့ အခက်အခဲဖြစ်နေ
တာမျိုးရှိတယ်။ ပုဂ္ဂလိကဘဏ်တွေစလုပ်တာ နှစ်နှစ်လောက်ပဲ ရှိသေးပေမယ့် ဗဟိုဘဏ်က
ခွင့်ပြုပေးသလောက် ကုန်သွယ်မှု မှာ အခုထက်ပိုပြီးလုပ်ဖို့အစီအစဉ်တွေရှိတယ်" ဟု ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး