ရန်ကုန်ဈေးကွက်တွင် လာရောက်ဝယ်ယူကြ သော နယ်ဝယ်လက်များမှာ အမြင့်ကားများ ထက်
အနိမ့်ကားများကို ပိုမိုဝယ်ယူကြပြီး နယ်မြို့များတွင်လည်း ကားအရောင်းအဝယ်ပိုကောင်းလာ
ကြောင်း ၀ယ်ရောင်းလုပ်ငန်းရှင် များကပြောသည်။
"သင်္ကြန်နောက်ပိုင်း ဈေးကွက်ထဲမှာ အရောင်း အဝယ်က ပုံမှန်မဖြစ်သေးဘူး။ ဒါပေမဲ့ တစ်နေ့ ကို
သုံးလေးစီးလောက်တော့ အရောင်းအဝယ်ဖြစ်တယ်။ ၀ယ်တာကလည်း ရန်ကုန်ထက် နယ်ဝယ်
လက်ကပိုများတယ်။ အရင်တုန်းက ဆိုရင် နယ်ဝယ်လက်က ကျပ်သိန်း ၂၀၀ ကျော် ကားတွေ
ကို၀ယ်ယူကြတယ်။ ဒါပေမဲ့ ဧပြီလ ၁ ရက်နေ့ကစပြီး ကုန်သွယ်ခွန်လျှော့လိုက်တဲ့ နောက်ပိုင်း
၁၃၀၀ စီစီကားတွေ ဈေးကျသွား တယ်။ အဲဒီနောက်ပိုင်း နယ်ဝယ်လက်တွေက အမြင့်ကားအစား
အနိမ့်ကားတွေကိုပဲ ပိုဝယ်လာကြတယ်။ သူတို့တွက်ကိန်းက အမြင့်ကားတစ်စီးဝယ်လို့ရတဲ့နေရာ
မှာ အနိမ့်ကားသုံးစီးဝယ်လို့ရတယ်လို့ ပြောတယ်။ အနိမ့်ကားတွေ ဆိုပေမယ့် ရန်ကုန်ဈေးကွက်မှာ
လူကြိုက်များ တဲ့ကားတွေပါ" ဟု ကားဝယ်ရောင်း ကိုထွန်း ထွန်းနိုင်ကပြောသည်။
ဈေးကွက်အတွင်း ၁၈၀၀ စီစီနှင့်အထက် မော်တော်ယာဉ်များမှအပ ကျန်ယာဉ်များကို ကုန်သွယ်
ခွန် ၂၀ ရာခိုင်နှုန်းလျှော့ချခဲ့ခြင်းကြောင့် အရောင်းအဝယ်လိုက် လာသောကားများတွင်
Honda Fit, Pro Box နှင့်Nissan AD Vanတို့ပါ၀င်ကြပြီး တစ်နေ့လျှင် ပုံမှန်သုံးစီးမှ လေးစီးခန့်
အရောင်းအဝယ်ဖြစ်ကြောင်း ၀ယ်ရောင်းလုပ်ငန်းရှင်များက ပြောသည်။
" '၁က' စလစ်ဈေးက ဧပြီလကုန်မှာ ၁၀၅ သိန်းဝန်းကျင်ရှိတယ် အမည်ပေါက်ဈေးနဲ့ အက္ခရာ
စလစ်ဈေးက ၁၁၅ သိန်းနီးပါးလောက် ဖြစ်သွားတယ်။ အဲဒီလို ဈေးတက်သွားလို့ စလစ် တွေကို
၀ယ်သူမရှိသလောက်ဖြစ်သွားတယ်။ အရောင်းပြခန်းတွေမှာလည်း စလစ်ပေးဝယ်ရတဲ့ကားတွေ
အရောင်းအဝယ်ပါးသွားတယ်။ နယ်ဘက်တွေမှာဆိုရင် '၂က' အက္ခရာကား တွေက သိန်း ရ၀
ကနေ ရ၅ သိန်းလောက် ပေါက်ဈေးရှိတယ်။ ကားဈေးတွေဆက်တိုက်ကျတယ် အရင်ဈေးဟောင်း
နဲ့ဝယ်ထားတဲ့သူတွေပြန်ရောင်းရင် အရှုံးခံပြီးရောင်းနေရတယ်။ စလစ်ဈေးမကျတာကလည်း ငွေနိုင်
တဲ့သူတွေ ဈေးကစားနေကြလို့ပါ" ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုသားကြီးကပြောသည်။
ကားဈေးများကျလာခြင်းကြောင့် ရန်ကုန်မှကားများကိုဝယ်ယူကာ နယ်တွင်ပြန်လည် ရောင်းချ
သော နယ်မြို့များမှဝယ်ရောင်းများ လည်း ပိုမိုအဆင်ပြေကြကြောင်း ပြောသည်။
"ကျွန်တော်က တောင်ကြီးကလာတာပါ။ ရန်ကုန်က ဇိမ်ခံအမြင့်ကားတွေကို၀ယ်ပြီး နယ်မှာ
ပြန်ရောင်းတယ်။ ဟိုကဝယ်လက်တွေက ကား ကောင်းဖို့ပဲလိုတယ်။ ဈေးကိုမကြည့်ဘူး။ သယ်ယူ
စရိတ်သိပ်မကျရင် ကားတစ်စီးကို သိန်း ၂၀ ကနေ ၂၅ သိန်းလောက်မြတ်တယ်။ မန္တလေးက
ကားဈေးက ရန်ကုန်ထက်ဈေးပိုမြင့်လို့ ရန်ကုန် ကိုဆင်းပြီး အရောင်းအဝယ်လုပ်တာပါ" ဟု
နယ်ဝယ်ရောင်း ကိုညီကပြောသည်။
"အရင်တုန်းကဈေးကွက်ထဲမှာပေါက်ဈေး သိန်းရာကျော်ရှိနေတဲ့ အနိမ့်ကားတွေက လည်း
အခုဆိုရင်သိန်းရာဂဏန်းအောက်ကျသွားလို့ ကိုယ်နိုင်တဲ့ငွေအတိုင်းအတာနဲ့ လိုသလောက်
၀ယ်နိုင်ပြီး နယ်မှာပြန်ရောင်းရ တာလည်း အဆင်ပြေပါတယ်" ဟု ၎င်းက ပြောသည်။
















