Standard Chartered ဘဏ် အမှုဆောင်အရာရှိချုပ်နှင့် ဆွေးနွေးခြင်း

Standard Chartered ဘဏ် အမှုဆောင်အရာရှိချုပ်နှင့် ဆွေးနွေးခြင်း

သက်တမ်း နှစ် ၁၅၀ ရှိ ကမ္ဘာကျော် Standard Chartered ဘဏ်က ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ
လတွင် မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။
ပြီးခဲ့သည့် သီးတင်းပတ်အတွင်း Standard Chartered ဘဏ်၏ အာဆီယံဈေးကွက်ဆိုင်ရာ
အမှုဆောင် အရာရှိချုပ်သစ် အဖြစ်ခန့်အပ်ခံထားရသူ မစ္စတာ လင်မ်ချန်တက်ခ် မြန်မာနိုင်ငံသို့
လာရောက်ခဲ့ရာ မြန်မာ တိုင်း(မ်) အကြီးတန်းစီးပွားရေးသတင်းထောက် အောင်ရှင်က ရန်ကုန်မြို့
တွင် သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

* မေး - ပထမဆုံး အာဆီယံဈေးကွက်အကြောင်း ပြောပြပေးစေချင်ပါတယ်။
ဖြေ - ဘဏ်လုပ်ငန်းရှင်တွေအတွက် အာဆီယံဈေးကွက်က စိတ်လှုပ်ရှားဖို့ ကောင်း တယ်။
စီးပွားရေးလုပ်ငန်း ပမာဏအနေနဲ့ မဟုတ်ဘဲ ဖြစ်ထွန်းလာတဲ့အရှိန်အရ ပြောမယ် ဆိုရင်
အာဆီယံဈေးကွက်က တရုတ်နဲ့ ဂျပန် ပြီးရင် အာရှမှာ တတိယအကြီးဆုံးဈေးကွက်ဖြစ်လာပြီ။
အာဆီယံဒေသတွင်း ကုန်သွယ်မှု ပိုမိုစီးဆင်းလာသလို ရင်းနှီးမြှုပ်နှံမှုမှာလည်း ပြီးခဲ့တဲ့နှစ်က
တရုတ်ကိုကျော်သွားတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၈ ဘီလျံပမာဏနဲ့ အာဆီယံက
နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးရတဲ့ ဒေသပါပဲ။ ကျွန်တော်တို့ Standard Chartered
ဘဏ်က အာဆီယံဒေသတွင်းမှာ နှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်လာ ခဲ့တာဖြစ်တဲ့အတွက်
ဒေသန္တရဗဟုသုတ လုံလုံလောက်လောက်ရရှိပြီးပါပြီ။ အာဆီယံဖွံ့ဖြိုးတိုးတက်လာမှုကို ကျွန်တော်
တို့ စိတ်ဝင်တစားရှိပါတယ်။ အထူး သဖြင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာမယ့် အခြေအနေ
တွေပေါ့။

* မေး - မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာကိုရော ဘယ်လိုများ
ရှုမြင်ထားသလဲ ခင်ဗျာ။

ဖြေ - မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုက ခိုင်မာနိုင်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်
မှုနှုန်း ခုနစ်ရာခိုင်နှုန်း ၀န်းကျင်ရှိနေ တယ်။ အခြေခံစီးပွားရေးပမာဏက သေးငယ် နေပေမယ့်
တိုးတက်မှုနှုန်းကတော့ အားရစရာကောင်းတဲ့နှုန်းထားပါပဲ။ အရှိန်အဟုန်ကောင်း တဲ့ စီးပွားရေးဖွံ့
ဖြိုးတိုးတက်မှုနှုန်းဖြစ်တဲ့အတွက် ဂဏန်းတစ်လုံးကနေ နှစ်လုံးအထိ ဖြစ်သွားနိုင်ပါတယ်။

* မေး - အဲဒီလို ဂဏန်းနှစ်လုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းရောက်ဖို့
ဘယ်လောက်များကြာနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ - စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ နေရာမှာ အမှီသဟဲပြုနေရတဲ့ လိုအပ်ချက်တွေတော့
ရှိနေမှာပါ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က စိတ်လှုပ်ရှားစရာ ကောင်းပါ တယ်။
အဲဒါက ဒီနှုန်းအတိုင်းဆက်သွားမယ်ဆိုရင် ပိုပြီးခိုင်မာတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို
မျှော်မှန်းနိုင်မှာပါ။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်က အကြောင်းတစ်ခုခုကြောင့် နှောင့်နှေး
သွားမယ်၊ ရပ်တန့်သွားမယ်ဆိုရင်တော့ စီးပွားရေးလည်း ထိခိုက်မှာ အမှန်ပါပဲ။ နောက်ပြီး မြန်မာ့
စီးပွားရေးက လယ်ယာ စိုက်ပျိုးရေးကို အခြေခံတယ်။ လယ်ယာစိုက်ပျိုး ရေးအရ စီးပွားရေးဖွံ့ဖြိုး
တိုးတက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဘာကြောင့်ဆို စိုက်ပျိုးထုတ်လုပ်မှုက အချိန်ယူရတဲ့အတွက်ပါပဲ။
ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ အခြေခံအဆောက်အအုံပိုင်း၊ စွမ်းအင် ကဏ္ဍ၊ ဆက်သွယ်ရေးနဲ့
ငွေကြေးဝန်ဆောင်မှု ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်။ မြန်မာ နိုင်ငံမှာ မတူညီတဲ့
စီးပွားရေးအခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။

* မေး - မြန်မာနိုင်ငံရဲ့ လက်ရှိဘဏ်လုပ်ငန်း ကိုရော ဘယ်လိုများ
ရှုမြင်ထားသလဲခင်ဗျာ။

ဖြေ - အရည်အသွေးပြည့်ဝပြီး ခိုင်မာတဲ့ ငွေကြေးဝန်ဆောင်မှုဘဏ်လုပ်ငန်းမျိုး မြန်မာ နိုင်ငံမှာ
လိုအပ်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာဘဏ်အနေနဲ့ တခြားဈေးကွက်တွေ မှာရရှိခဲ့တဲ့
အတွေ့အကြံုကောင်းတွေကို ယူဆောင်လာနိုင်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေး
လုပ်ငန်းတွေကို ထောက်ပ့ံပေးနိုင်မယ့် အတွေ့အကြံုနဲ့ လုပ်ကိုင်နိုင်စွမ်း ကိုလည်း ကျွန်တော်တို့
မှာ ရှိထားပြီးပါပြီ။ တိုးတက်ဖွံ့ဖြိုးစ နိုင်ငံတွေမှာ အသေးစား စီးပွားရေးလုပ်ငန်းတွေက အဓိက
ကျောရိုးပါပဲ။ ဘဏ်လုပ်ငန်းဖွံ့ဖြိုးဖို့ ရှင်းလင်းပြတ်သားတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိရပါမယ်။
ဘာကြောင့် ဆို ငွေကြေးဝန်ဆောင်မှုပေးတဲ့ ဘဏ်လုပ်ငန်း က စီးပွားရေး အနေအထား အားလုံး
ကို အကျိုးသက်ရောက်နိုင်လို့ပါပဲ။ နောက်ပြီး ဘဏ်လုပ်ငန်းမှာ ယှဉ်ပြိုင်မှုကလည်း အရေး ကြီး
ပါတယ်။ ယှဉ်ပြိုင်မှုကနေ တီထွင်ဖန်တီးမှု တွေရရှိပြီး ဈေးကွက်အတွင်း ငွေကြေး ၀န်ဆောင်မှုတွေ
ကောင်းကောင်းလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။


* မေး - ဒီနှစ်ထဲမှာ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးသွားမယ်လို့
အစိုးရက ပြောထားပါ
တယ်။ အဲဒီအတွက် လူကြီးမင်းတို့ဘဏ် က ဘယ်လိုများ
မျှော်လင့်ထားသလဲ ခင်ဗျာ။

ဖြေ - နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့် ပေးဖို့ကို ကျွန်တော်တို့လည်း စောင့်မျှော်နေ ပါတယ်။
မြန်မာ့စီးပွားရေးမှာ ထဲထဲဝင်ဝင် ပါ၀င်ဖို့ ကျွန်တော်တို့ဘဏ်က အခိုင်အမာ ပြုပြီးသားပါ။ ဘဏ်
လုပ်ငန်းနည်းတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့ ကျွန်တော်တို့ဘဏ်က အများကြီး အထောက်
အပံ့ပေးနိုင်လိမ့်လို့ လည်း ယုံကြည် ထားပါတယ်။ မဲခေါင်ဒေသ တွင်း ကျွန်တော်တို့ရဲ့ လုပ်ငန်း
ကွန်ရက်ကို ကောင်းကောင်းတည်ဆောက်ထားပြီးဖြစ်သလို အာဆီယံဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး
တက်မှုကို လည်း ကျွန်တော်တို့ များစွာစိတ်လှုပ်ရှား မိပါတယ်။

* မေး - အာဆီယံစီးပွားရေး အသိုက်အဝန်း ကရော
ကောင်းကောင်းဖြစ်ထွန်းနေတယ်လို့ ထင်ပါသလား ခင်ဗျာ။

ဖြေ - တချို့အပိုင်းတွေမှာ ကောင်းကောင်း ဖြစ်နေပါတယ်။ ဥပမာ ဪ အာဆီယံနိုင်တွေ
အကြားလွတ်လပ်စွာ ကုန်စည်စီးဆင်းတာမျိုး ပေါ့။ ငွေကြေးဝန်ဆောင်မှုမှာ တော့ ကွဲပြားမှုတွေ
ရှိနေဆဲပါ။ ဒါပေမဲ့ အာဆီယံစီးပွားရေးက လမ်းမှန်အတိုင်းသွားနေတယ်လို့ ထင်ပါတယ်။

* မေး - မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ လုပ်ကိုင်ခွင့်ရတဲ့အခါ
ဖြစ်ပေါ်လာနိုင်တဲ့ ယှဉ်ပြိုင်မှုတွေကိုရော ဘယ်လိုမျှော်မှန်းထား သလဲ ခင်ဗျ။

ဖြေ - ပထမဆုံးအနေနဲ့တော့ ဈေးကွက်ကို ကြည့်ရပါမယ်။ ဘဏ်လုပ်ငန်းဖွံ့ဖြိုးမှုကို အစီစဉ်တကျ
သွားနိုင်ရပါမယ်။ နည်းလမ်းကောင်းတစ်ခုကတော့ အကန့်အသတ်နဲ့ ခွင့်ပြုတာမျိုး ပေါ့။ ဘဏ်တွေ
အများကြီး တစ်ခါတည်းခွင့်ပြု လိုက်မယ်ဆိုရင်တော့ အရည်အသွေးမရဘဲ ၀ရုန်းသုန်းကား ဖြစ်သွား
နိုင်ပါတယ်။ ပထမ အဆင့်မှာ လိုင်စင်နည်းနည်းချပေးပြီး နောက် တစ်ဆင့်မှာ နည်းနည်းထပ်ချပေး
အဲဒီလို တစ်ဆင့်ချင်း သွားသင့်ပါတယ်။

* မေး - မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလိုင်စင် ရခဲ့မယ်ဆိုရင်
Standard Chartered က ပထမဆုံး ဘယ်လိုဦးစားပေးလုပ်ကိုင်သွားဖို့
ရှိသလဲ။

ဖြေ - ပထမဆုံး ကျွန်တော်တို့ ဖွဲ့စည်းပုံကို ပြင်ရမှာပါ။ မြန်မာဝန်ထမ်းတွေ ထပ်ခန့်ရမယ်။
သူတို့ကို လေ့ကျင့်ပေးရမယ်။ ကျွန်တော်တို့ရဲ့ ခိုင်မာပြီးသား တခြားဈေးကွက်နေရာတွေကို
သူတို့ကိုစေလွှတ်ပြီး လေ့ကျင့်ပေးရမယ်။ လုပ်ငန်းပိုင်းအရည်အသွေး မြှင့်တင်တာက တော့
ဦးစားပေးလုပ်ငန်းစဉ် ဖြစ်မှာပါ။

* မေး - တခြား ဘာများ ဖြည့်စွက်ပြောကြား ချင်ပါသလဲခင်ဗျာ။
ဖြေ - လက်ရှိအနေအထား မှာတော့ ကျွန်တော်တို့ နိုင်ငံတကာဘဏ်တွေက မြန်မာ နိုင်ငံမှာ
ရုံးခွဲတွေ ဖွင့်လှစ်ထားပေမယ့် ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းတွေမှာတော့ ကန့်သတ်ခံထားရ
ပါတယ်။ ဒီအကန့်အသတ်က ဈေးကွက်ထဲမှာ ၀င်ရောက်အကျိုးပြုနိုင်မယ့် ကျွန်တော်တို့ ရဲ့
လုပ်နိုင်စွမ်းကိုလည်း ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ တွေ
လုပ်ထုံးလုပ်နည်းတွေနဲ့ ကျွမ်းဝင်ဖို့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ နီးနီး
ကပ်ကပ် လက်တွဲဆောင်ရွက်နေ ပါတယ်။ ဒေသန္တရဗဟုသုတနဲ့ လုပ်ထုံးလုပ်နည်း တွေကို
ကျွမ်းဝင်ပြီးသားဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်း လဲမှုမှာ
အများကြီးအသုံးဝင်တဲ့ အခန်းကဏ္ဍ ကနေ ပါ၀င်လုပ်ကိုင်သွားနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး