ကားဈေးကွက်ကောင်းရန်၊မူဝါဒတည်ငြိမ်ဖို့ လိုအပ်

ကားဈေးကွက်ကောင်းရန်၊မူဝါဒတည်ငြိမ်ဖို့ လိုအပ်

မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒ ပုံသေဖြစ်သွားပါက ကားဈေးကွက်
ပြန်လည် ကောင်းလာနိုင်ပြီး ၀ယ်ယူသူများလည်း စိတ်ချ လက်ချ ၀ယ်ယူလာနိုင်မည်ဖြစ်ကြောင်း
ကား အရောင်းစင်တာလုပ်ငန်းရှင်များနှင့် ကားဝယ်ရောင်းများက ပြောသည်။

"မူဝါဒက ထပ်ပြီးမပြောင်းလဲဘဲ အတည်ဖြစ် သွားပြီဆိုရင်တော့ ကားဈေးကွက်က ပြန်ကောင်း
လာတော့မှာပါ။ ၀ယ်တဲ့သူတွေလည်း မူဝါဒ အပြောင်းအလဲကြောင့် သူတို့ဝယ်လိုက်တဲ့ကား
တစ်စီးက ရှုံးမှာလား၊ မြတ်မှာလားကို တွေးပူ နေစရာမလိုတော့ဘဲ ယုံယုံကြည်ကြည်နဲ့ ၀ယ်လို့
ရတယ်။ မူဝါဒ ခဏခဏပြောင်းနေတုန်းက လုပ်ငန်းလုပ်တဲ့သူတွေလည်း ဆုံးရှုံးတယ်"ဟု
Farmer အော်တိုပိုင်ရှင် ဦးစိုးထွန်းက ပြောသည်။

ကားတင်သွင်းခွင့်မူဝါဒများ ထပ်မံ၍ပြောင်းလဲရန်မရှိတော့ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေလ ၈ ရက်နေ့က ပြုလုပ်သော Mercedes
ကားအရောင်းပြခန်းသစ်ဖွင့်လှစ်ပွဲတွင် ပြောသည်။

"တစ်ချိန်က ကားပါမစ်ရဖို့ဆိုတာ အရမ်း ခက်တယ်။ ကားဈေးတွေကလည်း အရမ်းကြီး တယ်။
ကားနဲ့ပတ်သက်ပြီး ကုမ္ပဏီထောင်မယ် ဆိုရင် တော်တော်ကိုစဉ်းစားရတဲ့ အနေအထား ပါ။
ပထမပိုင်းမှာ ကားပါမစ်ကို အကန့်အသတ် နဲ့ ပေးပါတယ်။ နောက်တော့ မှတ်ပုံတင်ရှိတဲ့မည်သူ
မဆို ကားပါမစ်ပေးခဲ့ပါတယ်။ ကားတွေ လွတ်လပ်စွာ တင်သွင်းခွင့်ပေးပြီး ခြောက်လ လောက်
အတွင်းမှာ မူဝါဒကရှစ်ကြိမ်လောက် ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖွင့်လိုက် ပိတ်လိုက်
တော့မလုပ်ခဲ့ပါဘူး။ အခု တော့ ကားတင်သွင်းခွင့်မူဝါဒ နောက်ထပ်မပြောင်းတော့ပါဘူး"ဟု
၀န်ကြီးကပြောသည်။

၂၀၁၁ ခုနှစ်တွင် ယာဉ်များတင်သွင်းခွင့်ပြုခဲ့ ပြီးနောက် ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒ အပြောင်း
အလဲမှာ ကားအမျိုးအစားတစ်ခုချင်းစီ အလိုက် အပြောင်းအလဲအပါအဝင် ၁၅ ကြိမ် ထက် မနည်း
ရှိခဲ့သည်။

ထိုသို့ မူဝါဒ မကြာခဏ ပြောင်းလဲမှုကြောင့် ဈေးကွက်တည်ငြိမ်မှု မရှိ သည့်အပြင် တိုင်းပြည်၏
စီးပွားရေးပါ မတည် မငြိမ်ဖြစ်စေကြောင်း လုပ်ငန်းရှင်များက ပြောသည်။ "မူဝါဒတွေ အရမ်းပြောင်း
ပြီး ဈေးကွက်မငြိမ် တော့ ဈေးက ကျသင့်တာထက် ကျတယ်။ ကမောက်ကမဖြစ်ကုန်တယ်။ မူဝါဒ
ကတော့ လိုအပ်ရင် ပြောင်းရမှာပဲ။ ဒါပေမဲ့ ပြောင်းတဲ့ အခါမှာ ဈေးကွက်ထဲမှာ ဘာဖြစ်သွားနိုင်လဲ
ဆိုတာကိုကြည့်ပြီး ပြောင်းရင်ပိုသင့်တော်မယ်လို့မြင်တယ်။ မဟုတ်ရင် သင်္ဘောတင်လာတဲ့ကား
တွေက ဆက်ပြီးသယ်လာရမလို၊ ပြန်ပဲပို့ ရတော့မလိုဖြစ်ကုန်တယ်။ ဘယ်ကားတွေကိုတော့
သွင်းခွင့်ပိတ်တော့မယ်။ ဘယ်ကားတွေကိုတော့ ဘယ်ပုံစံနဲ့မှ ပေးသွင်းမယ်ဆိုတာမျိုး ကို သေချာ
ကြေညာချက်ထုတ်သင့်တယ်။ အခု နောက်ထပ်မပြောင်းတော့ဘူးဆိုတာကို ကြိုဆိုပေမယ့် ၁၀၀
ရာခိုင်နှုန်းတော့မဟုတ်ဘူး။ ဘာလို့ လဲဆိုတော့ လက်ရှိချထားတဲ့မူဝါဒတွေက ပြည်သူတွေ
အတွက် အကောင်း အဆိုးရောနေလို့ပါ။ စောင့်ကြည့်ရဦးမှာပဲ" ဟု ကားအရောင်း စင်တာပိုင်ရှင်
တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဧပြီလအတွင်း ကုန်းလမ်း ပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနက ကားတင်သွင်းခွင့် နှင့်
ပတ်သက်သည့် အခွန်အချို့ကို လျှော့ချခဲ့ ခြင်းကြောင့် ကားဈေးများအနည်း ငယ်ကျသွား ပြီး
ကားဝယ်ရောင်းဈေးကွက်တွင် ကားများ အရောင်းအဝယ် ပြန်ကောင်းခဲ့သည်။

"မူဝါဒတစ်ခုကို ခိုင်ခိုင်မာမာချနိုင်ရင်တော့ ပိုကောင်းတယ်။ ကားဝယ်မယ့်သူတွေက မူဝါဒ ပြောင်း
မယ်ဆိုလို့ စောင့်နေကြတာမျိုးရှိတယ်။ ဒါပေမဲ့ ဧပြီလတုန်း က ကုန်သွယ်ခွန်က ၂၅ ရာခိုင်နှုန်းက
နေ ၂၀ ရာခိုင်နှုန်းကိုချပေးခဲ့တဲ့ အပြင် ကညနအခွန်ကလည်း ၁၃၀၀ စီစီ နဲ့ ၁၈၀၀ စီစီအထိ
အခွန်ဆောင်ရတာ ရှစ်သိန်း လောက် လျော့သွားတော့ ကားဈေးတွေ နည်းနည်း ကျသွားတယ်။
ကားသေးလေးတွေ အခွန်လျှော့ ချပြီးမှ တော်တော်လေးရောင်းလိုက်ရတယ်။ မင်းရဲကျော်စွာနဲ့
သီရိမင်္ဂလာ ကားရောင်းဝယ် ရေး စခန်းတွေမှာ ကုန်သလောက်ကိုဖြစ်သွား တယ်။ ဒါကြောင့်
လေလံပြန်ဆွဲတဲ့အခါ ဂျပန်မှာ ကားဈေးက ၅၀၀,၀၀၀ လောက်တက်သွား တယ်။ ရှေ့လျှောက်
လည်း ကားဝယ်ရောင်းဈေးကွက် ပြန်ကောင်းလာနိုင်ပါတယ်" ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး
အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကပြောသည်။

မော်တော်ယာဉ်များ တရားဝင်တင်သွင်းခွင့်ပြုပြီးချိန်မှစ၍ ယခုအချိန်ထိ မော်တော်ယာဉ် စီးရေ
ပေါင်း ၃၀၀,၀၀၀ ကို တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်း ကားပိုင်ဆိုင်မှုနှုန်းမှာ နိုင်ငံ
၏လူဦးရေနှင့် နှိုင်းယှဉ်ပါက လူ ၁,၀၀၀ တွင် ခုနစ်ဦးသာ ကိုယ်ပိုင်ကားစီးနိုင်သေး ကြောင်း
၀န်ကြီးဦးဝင်းမြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး