ဟောင်ကောင်-မြန်မာ ကုန်သွယ်ရေး ပေါင်းစည်းမှုမှတစ်ဆင့် တရုတ်ပြည်မကြီး ဈေးကွက်သို့ထိုးဖောက်နိုင်ရန် ရည်ရွယ်

ဟောင်ကောင်-မြန်မာ ကုန်သွယ်ရေး ပေါင်းစည်းမှုမှတစ်ဆင့် တရုတ်ပြည်မကြီး ဈေးကွက်သို့ထိုးဖောက်နိုင်ရန် ရည်ရွယ်

မကြာမီအချိန်အတွင်း အကောင်အထည်ဖော်လက်မှတ်ရေးထိုးမည့် ဟောင်ကောင်-မြန်မာ
ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် ကာကွယ်ရေး ဆိုင်ရာ သဘောတူညီမှုစာချုပ်မှတစ်ဆင့် ကုန်သွယ်
မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ် ဆောင်ရန် ရည်ရွယ်ထားကြောင်း ဟောင်ကောင် အထူးအုပ်
ချုပ်ခွင့်ရဒေသ၏ ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဌာန အတွင်းရေးမှူး Mr.Greg So က
မြန်မာတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံမှုတွင် ပြောသည်။

"မြန်မာနိုင်ငံက တရုတ်ပြည်မကြီးဈေးကွက် ကို ပိုမိုထိုးဖောက်နိုင်အောင်လည်း ဟောင်ကောင် က
တစ်ဆင့်ခံ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ပြင်ဆင်နေပါတယ်" ဟု ၎င်းကပြောသည်။ ဟောင်
ကောင်သည် မြန်မာနိုင်ငံနှင့်သဘောတူညီမှုအပြင် အာဆီယံ-ဟောင်ကောင် လွတ်လပ်စွာကုန်
သွယ်ခွင့် ညှိနှိုင်းမှုကိုလည်း ယခုနှစ် ဇူလိုင်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ် ပြီး ညှိနှိုင်းမှုပြီး
စီးပါက အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr.Greg So က
ပြောသည်။

"ကျွန်တော် ဒီခရီးစဉ်မှာ မြန်မာနိုင်ငံက အစိုးရအရာရှိတွေအပြင် ကုန်သည်စက်မှု အသင်းချုပ်က
တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဓိကကတော့ မကြာမီကာလ
အတွင်းမှာ အကောင်အထည် ဖော်မယ့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနဲ့ ကာကွယ် ရေး သဘောတူညီ
ချက်အတွက်ပါ။ ဒါ့ပြင် အာဆီယံ-ဟောင်ကောင် လွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူညီချက်
မှာလည်း မြန်မာကို အဓိကကုန်သွယ်ဖက်အဖြစ်ပါ၀င်နိုင်ဖို့ ညှိနှိုင်းမှုမှာပါ" ဟု ၎င်းကပြောသည်။

အဆိုပါသဘောတူညီချက်များမှတစ်ဆင့် ကမ္ဘာ့ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်ပြည်
မကြီးဈေးကွက်ကို ထိုးဖောက်ရန် ဈေးကွက်အတွေ့အကြံုရှိ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်များ
မှတစ်ဆင့် ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားသည့်အပြင် ကျောက်မျက်ရတနာနှင့်
စိုက်ပျိုးရေးထွက်ကုန်များကို ဟောင်ကောင်သို့ တိုးမြှင့်တင်သွင်းခွင့်ရရန် မျှော်မှန်းထားကြောင်း
Mr.Greg So ကပြောသည်။

"လွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူညီချက်ကနေ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးတွေကို
လျှော့ချနိုင်မှာဖြစ်တဲ့အတွက် ကုန်သွယ်မှုပမာဏက သေချာပေါက် တိုးတက်လာမှာပါ။ ဒါ့အပြင်
မြန်မာ-ဟောင်ကောင်ပူးပေါင်း မှုကတစ်ဆင့် နည်းပညာဖြန့်ဝေမှုကို မြန်မာ နိုင်ငံ လုပ်ငန်းရှင်တွေ
ကရရှိမှာဖြစ်ပြီး ပို့ကုန်အရည်အသွေးကို တိုးမြှင့်နိုင်မှာ ဖြစ်တဲ့အတွက် ဈေးကွက်ချဲ့ထွင်ရာမှာ
များစွာအထောက်အကူဖြစ်နိုင်မှာပါ " ဟု ၎င်းကပြောသည်။

၂၀၁၃ ခုနှစ်အတွင်းက ဟောင်ကောင်သည် မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းရှိ နိုင်ငံ
များနှင့် ကုန်သွယ်မှုတန်ဖိုးမှာ ကုန်ပစ္စည်း ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၉၆ ဘီလျံရှိပြီး
၂၀၁၂ ခုနှစ်အတွင်းက ၀န်ဆောင်မှု လုပ်ငန်းများဆိုင်ရာ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ
၁၄ ဘီလျံ ရှိခဲ့သည်။

ဟောင်ကောင်သည် တရုတ်ပြီးလျှင် အာဆီယံ နှင့် ကုန်သွယ်မှုအများဆုံး နိုင်ငံဖြစ်ပြီး မြန်မာ
နိုင်ငံ၏ တတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံလည်းဖြစ်ကြောင်း Mr.Greg So က ပြောသည်။

"လက်ရှိဖွံ့ဖြိုးတိုးတက်မှုအရ စံနှုန်းအဆင့်ဆင့်ပြောင်းလဲလာမှုနဲ့ စားသုံးမှုမြင့်မားလာမှုတွေကြောင့်
စားသုံးသူတွေရဲ့ အရည်အသွေးပိုင်း ကို အလေးပေး တောင်းဆိုမှုတွေကလည်း မြင့်တက်လာပါ
တယ်။ စားသုံးသူတောင်းဆိုတာကို အဓိကထား ထုတ်လုပ်ရောင်းချရမယ့် ဈေးကွက် မျိုး ဖြစ်လာ
ပါနေပါတယ်။ သဘောတူညီချက် တွေကနေတစ်ဆင့် လိုင်စင်လျှောက်ထားခြင်း နဲ့ ထုတ်လုပ်
ရောင်းချပိုင်ခွင့်တွေအတွက် ငွေအ ကုန်အကျမများအောင် ဆောင်ရွက်နိုင်ခြင်း က ဈေးကွက်ချဲ့
ထွင်မှုအတွက် အထောက်အကူပြုမှာပါ"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုလာရောက် လုပ်ကိုင်သည့် ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင်များ
အနေဖြင့် ချမှတ်ထားသောဥပဒေများ၊ စည်မျဉ်းစည်ကမ်းများ၊ ကန့်သတ်ချက်များနှင့်ပတ်သက်၍
အခက်အခဲမရှိသော်လည်း လျှပ်စစ်မီးပုံမှန်မရရှိမှုနှင့် ဘာသာစကားအဟန့်အတားတို့က အဓိက
စိန်ခေါ်မှုများဖြစ်နေကြောင်း ၎င်းကပြောသည်။

ယခုအချိန်ထိ မြန်မာနိုင်ငံနှင့် ဟောင်ကောင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏတန်ဖိုးမှာ
အမေရိကန်ဒေါ်လာ ၁၅၂ သန်းရှိပြီး ၂၀၀၉ ခုနှစ် မှ ၂၀၁၃ ခုနှစ်အတွင်း ၆၂ ရာခိုင်နှုန်း မြင့်တက်
လာကြောင်းနှင့် လက်ရှိရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအများဆုံးပြုလုပ်နေသော အထည်ချုပ်
ကဏ္ဍတွင်သာမက ကဏ္ဍစုံတွင် ထပ်မံရင်းနှီး မြှုပ်နှံနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊
စည်ပင်သာယာနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် ပြီးဖြစ်ကြောင်း
ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကောင်စီ ဒုတိယအလုပ်အမှုဆောင် ဒါရိုက်တာMs. Margaret
Fong က မတ်လ အတွင်းက မြန်မာနိုင်ငံခရီးစဉ်တွင် ပြောသည်။

"ဟောင်ကောင်က ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့ မြန်မာနိုင်ငံဟာ မစိမ်းတဲ့ တိုင်းပြည်
တစ်ခုပါ။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်ကစလို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေမှာ
၀င်ရောက်ခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံထဲမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၇၇ ဘီလျံ တန်ဖိုးရှိတဲ့
စီမံကိန်းပေါင်း ၆၈ ခုနဲ့ တတိယနေရာမှာရှိနေတာလည်းဖြစ်ပါတယ် " ဟု ကုန်သည်စက်မှု အသင်း
ချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ကလည်း ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု
စုစုပေါင်း ၆၁ ရာခိုင်နှုန်းမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းဖြစ်ပြီး အထည်ချုပ်၊ ဖိနပ်နှင့် ပလတ်
စတစ် ထုပ်ပိုးမှုစက်ရုံအများ ဆုံးတည်ရှိရာနေရာဖြစ်ကြောင်းပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုခဲ့ သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း ၈၇ ခုတွင် ဟောင်ကောင်
က ၁၈ ခုပါ၀င်ပြီး ရန်ကုန် မြို့တွင်းရင်းနှီးမြှုပ်နှံမှု၏ လေးရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော နိုင်ငံ
လည်းဖြစ်သည်။

Ms.Fong ကလည်း ဟောင်ကောင်-မြန်မာ ကုန်သွယ်မှုပမာဏမှာ ၂၀၁၁ မှ ၂၀၁၂ အတွင်းတွင်
၁၂ ရာခိုင်နှုန်း၊ ၂၀၁၂ မှ ၂၀၁၃အတွင်း ၂၄ နှင့် ၂၀၁၃ မှ ယခုလက်ရှိအချိန်ထိ ၁၆ ရာနှုန်း အသီး
သီး မြင့်တက်သည့်အတွက် ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်သည့် အလားအလာကောင်း များရှိနေပြီး
၂၀၁၄ ခုနှစ် အတွင်း ၁၀ ရာခိုင်နှုန်းနှင့်အထက် ထပ်မံတိုးမြှင့်နိုင် အောင် ပူးပေါင်းလုပ်ဆောင်သွား
မည်ဖြစ် ကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး