မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလွှဲဝန်ဆောင်မှု ရရှိရန် ကျန်ရှိနေသော ပြည်နယ်ဖြစ်သည့်
ချင်း ပြည်နယ်တွင် ဇွန်လမှစတင်၍ အဆိုပါ၀န်ဆောင် မှုရရှိရန် Western Union နှင့် ပူးပေါင်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကမ္ဘောဇ ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကပြောသည်။
"ချင်းပြည်နယ်မှာ ကမ္ဘောဇဘဏ်ခွဲတစ်ခု ကို နောက်တစ်လလောက်ကြာရင် ဖွင့်ဖို့ ရှိတယ်။
ဘဏ်ခွဲဖွင့်ဖို့ အားလုံးအဆင်သင့်ဖြစ် နေပြီ။ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေတာပါ။
ချင်းပြည်နယ်မှာ နောက်ထပ်ဘဏ်ခွဲ နှစ်ခုကိုလည်း ထပ်ဖွင့်ဖို့ရှိတယ်။ ချင်းလူမျိုး အများစုက
ပြည်ပရောက်နေတော့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို အဆင်ပြေပြေသုံးနိုင်ဖို့ ရည်ရွယ်တယ်"
ဟု ဦးသန်းလွင်က ပြောသည်။
Western Union ၏ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် နောက်ပိုင်း
စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ ပြီးသည့်နောက်ပိုင်း ၂၀၁၃ ခုနှစ်မှ အစပြုကာ အဓိကကျသော
မြို့များတွင် နေရာပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ကာ စတင်ဆောင်ရွက်ခဲ့သည်။
"Western Union နိုင်ငံတကာ ငွေလွှဲ ၀န်ဆောင်မှုကို မနှစ်က မြန်မာနိုင်ငံရဲ့ အေးဂျင့် နေရာ
၁၀၀ ကျော်မှာ စတင်ဝန်ဆောင်မှု ပေးခဲ့တယ်။ ၀န်ဆောင်မှုပေးပြီး တစ်နှစ် အကြာ အခုချိန်မှာ
အေးဂျင့်နေရာ ၄၆၀ ထိ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ပြီ ဖြစ်တယ်"ဟု အင်ဒိုချိုင်းနားနှင့် မြန်မာနိုင်ငံ
ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms.Ly Nguyen က မေလ ၉ ရက်နေ့ကကျင်းပသော Western
Union ၏ တစ်နှစ်ပြည့်အခမ်းအနားတွင်ပြောသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ထွက်ခွာသူနှစ်သန်း
ကျော်တို့အတွက် နိုင်ငံတကာငွေလွှဲခြင်းက လိုအပ်သောဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ပုံမှန် ငွေကြေး
ထောက်ပံ့ခြင်း၊ ပညာရေး၊ ကျန်းမာရေး နှင့် ထူးခြားသောနေ့များတွင် လက်ဆောင်ပစ္စည်း ပေးပို့ခြင်း
များကို Western Union က ၀န်ဆောင် မှု ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။
"နိုင်ငံခြားရောက်နေတဲ့ မြန်မာ တိုင်းရင်းသား အများစုက ငွေလွှဲရင် ဘဏ်ကိုမသုံးကြဘဲ နဲ့
ဟွန်ဒီနဲ့ပဲ ငွေလွှဲနေတာများတယ်။ တကယ် ဆို ဟွန်ဒီထက် ဘဏ်က ပိုစိတ်ချရတယ်။Western
Union ကို တွင်တွင်ကျယ်ကျယ် သုံးတတ်ဖို့ အသိပညာပေးတာတွေ လုပ်သွား မယ်"ဟု
ဦးသန်းလွင်ကပြောသည်။
Western Union နိုင်ငံခြားငွေလွှဲ ၀န် ဆောင်မှုနှင့် ငွေလွှဲပါက နာရီပိုင်းအတွင်း ငွေထုတ်နိုင်သော
ကြောင့် သုံးစွဲသူများပြားလာကြောင်း ၎င်းကပြောသည်။ ကမ္ဘောဇဘဏ်တွင် နိုင်ငံခြား ငွေလွှဲလုပ်
ကိုင် လျက်ရှိသူ မဌေးဌေးက "ဒီနိုင်ငံခြားငွေလွှဲ ၀န်ဆောင်မှုနဲ့ ငွေလွှဲ၊ ငွေထုတ်ရတာ အဆင်ပြေ
ပါတယ်။ ကျွန်မမောင်လေးက ဂျပန်ကနေ Western Union နဲ့ လစဉ်ငွေလွှဲတယ်။ အရင်က
ဒီလိုနာရီပိုင်းအတွင်း ငွေလွှဲလို့မရဘူး။ အခု အဘက်ဘက်က တိုးတက်လာတဲ့အချိန်မှာ ဒီလိုငွေ
လွှဲဝန်ဆောင်မှုတွေ ရလာပြီ။ ဒါပေမဲ့ သူများနိုင်ငံတွေမှာ ငွေလွှဲရင် သိပ်မစောင့် ရပေမယ့် မြန်မာနိုင်
ငံမှာ နာရီဝက်ကျော် တစ်နာ ရီနီးပါးစောင့်ရတယ်။ နောက်ပိုင်း ပိုအသုံးတွင်ကျယ်လာတဲ့အချိန်မှာ
ဒီလိုမစောင့်ရတော့ရင် ပိုအဆင်ပြေမယ်။ နိုင်ငံတကာနည်းတူ ဖြစ်စေချင်တယ်"ဟု ပြောသည်။
Western Union နိုင်ငံခြား ငွေလွှဲဝန်ဆောင်မှု ကို ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီ
ဘဏ်၊ ရိုးမဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် အပါအဝင် ပြည်တွင်းဘဏ်ကိုးခုနှင့် ချိတ်ဆက်
ကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ နေရာပေါင်း ၄၆၀ ကျော်တွင် နိုင်ငံပေါင်း ၂၀၀
ကျော်နှင့်ချိတ်ဆက်ကာ ငွေလွှဲဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိသည်။ မဲခေါင်ဒေသကဲ့သို့
အိမ်နီးချင်းနိုင်ငံများ တွင် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပ
သို့မထွက်ခွာမီ သိထားသင့်သော အချက်အလက်များကို သင်ကြား ပို့ချပေးသွားမည်ဟု
Ms.Ly Nguyen က ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ တွေ့ကြံုရ မည့်အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းကောင်း
များကို Western Union နှင့် မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်နှင့်
သမဝါယမဘဏ်တို ပူးပေါင်း ပြုလုပ်သွားမည် ဖြစ်သည်။
















