ရောင်းသူရော ၀ယ်သူအတွက်ပါ အဆင်ပြေတဲ့ လက်ရှိ ရွှေဈေးကွက်

ရောင်းသူရော ၀ယ်သူအတွက်ပါ အဆင်ပြေတဲ့ လက်ရှိ ရွှေဈေးကွက်

ရွှေတစ်ကျပ်သားကို ကျပ် ၆၆၀,၀၀၀ ၀န်းကျင် မှာ အချိန်နှစ်လကျော်ကြာ ငြိမ်သက်နေတဲ့
လက်ရှိဈေးကွက်ဟာ ရောင်းသူရော ၀ယ်သူအတွက်ပါ အဆင်ပြေစေတဲ့ ဈေးကွက်မျိုးဖြစ်
တယ်လို့ အောင်သမာဓိရွှေဆိုင်က ဦးအောင် က သုံးသပ်ပြောကြားပါတယ်။

"လက်ရှိဈေးကွက်က ကျပ် ၆၆၀,၀၀၀ မှာ အချိန်အတော်ကြာနေပြီလို့ ပြောရမှာပေါ့။ ဒီလထဲမှာ
ရောင်းအားက ၁၅ ရာခိုင် နှုန်းလောက်တော့ ကျသွားတယ်။ ဈေး အေးနေတာကြောင့် အတက်
အကျပေါ် မူတည်ပြီး ဈေးကစားဖို့လုပ်နေတဲ့လူမျိုးက မဝယ်တော့ဘူး။ အထူးသဖြင့် တက်မယ်
ထင်လို့ လိုက်ဝယ်နေတဲ့လူမျိုး မရှိတော့ဘူး။ ပုံမှန် ငွေပိုလို့ ရွှေစုတဲ့လူ၊ တစ်ရွေးချင်း ၀ယ်တဲ့
လူမျိုးကပဲ ၀ယ်တော့တယ်။ ဒါပေမဲ့ ဒီအခြေအနေက ကျွန်တော်တို့လို ရောင်းတဲ့ လူတွေ
အတွက် ကောင်းတဲ့ အခြေအနေမျိုး ပါ။ လူတွေက ရွှေဈေး အတက်အကျကြမ်းရင် ရွှေသမား
စားရတယ်လို့ ထင်နေကြတာ။ အခုလို မှန်မှန်လေးသွားမှ ရွှေသမားအတွက် လုပ်ရကိုင်ရတာ
အဆင်ပြေတာပါ။ ဈေးများ သွားလို့ နည်းသွားလို့ဆိုတဲ့ ပြဿနာတွေလည်း မရှင်းရတော့ဘူး။
ကျွန်တော့်အနေနဲ့ကတော့ လက်ရှိအခြေအနေမျိုးကို ကြိုက်ပါတယ်။ ဈေးအပြောင်းအလဲမမြန်
တဲ့အတွက် ၀ယ်သူအတွက်လည်း ကိုယ်ကြိုက်တဲ့အချိန်မှာ ကြိုက် သလောက် အေးအေးဆေး
ဆေး ဆုံးဖြတ်ဝယ်ယူနိုင်တယ်။ ဈေးအမြင့်နဲ့ ပိုက်မိနေတဲ့ သူတွေလည်း ရှိပေမယ့် အဲဒီလူတွေက
လည်း အတက်အကျမှာ ဈေးကစားပြီး အမြတ်ရပြီး သား လူတွေ များပါတယ်။ ဒါကြောင့် လက်ရှိ
ရွှေဈေးက ဘယ်သူ့ကိုတော့ဖြင့် ထိခိုက် နိုင်တယ်လို့ ပြောမရပါဘူး"လို့ သူက ပြောပါ တယ်။

မြန်မာ့ရွှေဈေးဟာ ၂၀၁၂ ခုနှစ်တုန်းက အမြင့်ဆုံးဖြစ်ခဲ့တဲ့ တစ်ကျပ်သား ကျပ် ရ၈၀,၀၀၀ ဆိုတဲ့
ဈေးကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် တစ်နှစ်လုံးပြန်မရောက်ရှိခဲ့တဲ့အပြင် ၂၀၁၄ ခုနှစ်မှာလည်း အခုလို
တစ်ကျပ်သားကို ကျပ် ၆၆၀,၀၀၀ နဲ့ လအတန်ကြာ ငြိမ်သက်နေခဲ့ပါတယ်။ မေလ ၂၇ ရက်နေ့မှာ
တော့ ရွှေ တစ်ကျပ်သားကို ကျပ် ၆၆,၁၅၀၀ ၀န်းကျင် ပေါက်ဈေး ရှိနေပါတယ်။

လက်ရှိငြိမ်သက်နေတဲ့ ရွှေဈေးကြောင့် ရွှေအတုံးအခဲစုသူတွေထက် ရွှေအလဲအထပ်လုပ်သူတွေ၊
လက်ဝတ်ရတနာ ၀ယ်ယူသူတွေကတော့ ဈေးတက်နေတဲ့အချိန်မှာထက် ပိုများတယ်လို့လည်း
အောင်သမာဓိရွှေဆိုင်က မဖြူဖြူအောင်က ဆိုပါသေးတယ်။

"သင်္ကြန်မတိုင်ခင်က ရောင်းအားတက် တယ်။ သင်္ကြန်အပြီးမှာတော့ ပြန်ရောင်းတဲ့လူတွေ၊
အလဲအထပ်လုပ်တာတွေ များတယ်။ ၀ယ်သူတွေအတွက် ရွှေဈေးငြိမ်နေတာက ရောင်းမှား
၀ယ်မှား ဖြစ်မှာကို ကြောက်စရာ မလိုတော့ဘူး။ နောက်ပြီး လက်ဝတ်လက်စား တွေရဲ့ အလျော့
တွက်ကလည်း သက်သာသွား တယ်။ ဒါကြောင့် ၀ယ်သူတွေက လက်ဝတ် ရတနာ ၀ယ်တဲ့
ဘက်ကို ပိုအားစိုက်လာကြတယ်"လို့ သူက ပြောပါတယ်။

ဒါ့ပြင် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလတုန်း ကလို ပြင်ပပေါက်ဈေးနဲ့ နိုင်ငံတော် ရွှေဝယ်ယူရေးက ၀ယ်ယူတဲ့ဈေးကွာလို့ မှောင်ခိုဈေးကွက် တွေ ပေါ်ပေါက်လာတာမျိုး၊ ၀ယ်လိုအားရှိတဲ့အချိန်မှာ
ပြင်ပက ရွှေအဝင်ကို တားဆီးတာမျိုး၊ ဈေးကွက်ကို ထိန်းချုပ်တာမျိုးတွေ မရှိတော့သလို ငွေကြေး
စနစ်ကို အထူးတလည်ထိန်းချုပ်ထားတာမျိုးတွေလည်း မရှိတော့တဲ့ အတွက်ကြောင့် အခုလို နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အခြေအနေမျိုး ဖြစ်လာနိုင်တာပါလို့လည်း ဦးအောင်က
ပြောပါတယ်။

"၂၀၁၀ နောက်ပိုင်းမှာ အရင်တုန်းက မြန်မာ့ ရွှေဈေးကွက်မှာ ဖြစ်လေ့ဖြစ်ထ ရှိတာတွေ က တဖြည်းဖြည်းချင်း ပျောက်သွားတယ်။ ဒေါ်လာဈေး၊ ရွှေဈေးစတာတွေကို ချုပ်ကိုင် မထားတာ
ရယ်၊ လူတစ်ဦးတစ်ယောက်တည်း က ရွှေပမာဏအများကြီး ၀ယ်စုတာမျိုး နည်း သွားတဲ့
အတွက်ရယ်ကြောင့် ရွှေဈေးက အခုလို အချိန်အတော်ကြာ ငြိမ်သက်နေနိုင်တာလို့ ထင်ပါတယ်"
လို့ ဆိုပါတယ်။

မျှော်လင့်ထားတဲ့ အချိန်ထက် ပိုပြီး အခုလို ရွှေဈေးဆက်အေးနေရင်လည်း ရွှေ ဈေးကွက်နဲ့
ရွှေရောင်းရွှေဝယ်ကို လူတွေ ရိုးအီမသွားရအောင် ဈေးကွက်ကို လှုပ်ရှား စေမယ့် နည်းလမ်းမျိုး
စဉ်းစားလုပ်ဆောင်ပေးသင့်တယ်လို့လည်း ဦးအောင်က ပြောပါတယ်။

"လက်ရှိရွှေဈေးကြောင့် အရောင်းအေးနေလို့ ၀န်ထမ်းတွေ လျှော့ပစ်ရတယ်။ ပန်းထိမ်ဆရာတွေ
လျှော့ပစ်ရတယ်လို့ မရှိသေးဘူး။ အဲဒီလို မဖြစ်ဘဲ ပုံမှန်လေး လည်ပတ်နိုင်အောင်၊ ရွှေလောက
ကနေ ပျောက်ကွယ်သွားတာမျိုး မဖြစ်ရအောင် နည်းလမ်းရှာပြီး ဈေးကွက်ကို လှုပ်အောင်
လုပ်ပေးရတယ်။ ကျွန်တော်တို့ဆိုင်မှာတော့ ဖုန်းကာဗာလို၊ ရွှေတဘက်လိုစတဲ့အထည်ဆန်းလေး
တွေ လုပ်ရောင်းတယ်။ ကံစမ်းမဲတွေ ဖောက်ပေးတယ်။ ရွှေသင်တန်းလုပ်တယ်။ အဲဒီလိုနည်းတွေ
နဲ့ ဖောက်သည်မျိုးစုံရအောင်၊ ဈေးကွက်ကို လှုပ်အောင် လုပ်ပါတယ်"လို့ သူက ပြောပါတယ်။

လက်ရှိ ၂၀၁၄ နှစ်ဝက်ကာလအထိ ရွှေ ကုန်ကြမ်းအဝင်ဟာ ၂၀၁၃ ခုနှစ် တစ်နှစ် လုံးနဲ့ ယှဉ်ရင်
တော့ သိသိသာသာကွာခြားမှုမရှိပေမယ့် တစ်လချင်းအနေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တော့
အကျဘက်ကို မသိမသာ ဦးတည်နေတယ်လို့ အောင်သမာဓိရွှေဆိုင်ရဲ့ စာရင်းတွေအရ
သိရပါတယ်။

ရွှေဈေး ဆက်လက်တည်ငြိမ်နေဖို့အတွက်က ရွှေအထွက်နှုန်းပုံမှန် ရရှိဖို့နဲ့ ပြည်ပ ရွှေစီးဆင်းမှုတို့
အထူးလိုအပ်ပါ တယ်။ ဒါကြောင့် အခုလို ဈေးကွက်ကို ရွှေ အဝင် နည်းပါးနေမှုဟာ လက်ရှိမှာ
ဈေးကွက် ကို ဘာမှ မသက်ရောက်နိုင်သေးပေမယ့် ဓာတ်ဆီဈေး၊ ဒီဇယ်ဈေး မြင့်တက်ပြီး နိုင်ငံ
ရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ ရွှေဈေးက တခြားကုန်ပစ္စည်းနဲ့စာရင် အရင်
ဆုံးတက်နိုင်တယ်လို့သူကပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး