တောင်သူများ စိုက်ပျိုး စရိတ်ချေးငွေ အခက် အခဲဖြစ်နေခြင်းကို ဖြေရှင်းရန်လိုအပ်

တောင်သူများ စိုက်ပျိုး စရိတ်ချေးငွေ အခက် အခဲဖြစ်နေခြင်းကို ဖြေရှင်းရန်လိုအပ်

တောင်သူများ ချေးငွေရယူသည့်အရင်းအမြစ် တစ်ခုထက်မကရှိနေခြင်းက ဆင်းရဲနွမ်းပါးမှု
လျှော့ချရာတွင် အဟန့်အတားဖြစ်နေပြီး တရားဝင်မဟုတ်သော ငွေချေးသည့်အဖွဲ့များ ကလည်း
ကျေးရွာအဆင့်တွင် ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နေကြကြောင်း ကျွမ်းကျင်သူများက
သုံးသပ်သည်။

တောင်သူများ ချေးငွေထပ်ရခြင်း၏ မူလ အကြောင်းရင်းမှာ ချေးငွေပေးသည့် အဖွဲ့ အစည်း၊
သို့မဟုတ် ဘဏ်က စိုက်ပျိုးထွန်ယက်ချိန်အမီ ချေးငွေ မထောက်ပံ့နိုင်ခြင်းကြောင့်ဖြစ်ပြီး
အကျိုးဆက်အဖြစ် တောင်သူများက အတိုးနှုန်းကို အလေးထား မစဉ်းစားတော့ပဲ လိုအပ်
သည့်အချိန်တွင် ငွေသားလက်ငင်းရရှိနိုင်သည့် စနစ်မကျသော ငွေချေးဝန်ဆောင်မှု များထံမှ
ချေးငွေများ ရယူနေခြင်းကြောင့်ဖြစ် ကြောင်း Cenfri မှ အုပ်ချုပ်မှုဒါရိုက်တာ Doubell
Chamberlain က မေလအတွင်းက နေပြည်တော်တွင်ပြုလုပ်သော လယ်ယာစိုက် ပျိုးရေး
ကဏ္ဍ အရင်းအနှီးရယူမှုနှင့် အာမခံ ထားရှိမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြော သည်။

"တောင်သူတွေအတွက် အတိုးနှုန်းက အရေး မကြီးပါဘူး။ သူတို့တကယ် ဂရုစိုက်တာက အချက်
နှစ်ချက်ပဲရှိတယ်။ အဲတာတွေကတော့ သူတို့ လိုတဲ့အချိန်ငွေရဖို့နဲ့ ချေးငွေကို များနိုင်သမျှများများ
ရနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အခုက လိုချင်တဲ့ အချိန်မှာ ချေးငွေမရတော့ ရတဲ့ဆီက ရတဲ့ အတိုးနှုန်းနဲ့ယူ
နေကြတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ချေးငွေပေးတာနောက်ကျတဲ့ အတွက် တကယ်
တမ်းပေးတဲ့အချိန်ကျတော့ အဲဒီချေးငွေက ပထမချေးထားတဲ့ငွေအတွက် အတိုးဖြစ်သွားတယ်။
ဒီလိုနဲ့ပဲ လည်ပတ်နေတာ ပါပဲ" ဟု ၎င်းကပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ယခင် က ဘဏ္ဍာရေးဝန်ကြီးဌာန အောက်တွင်ရှိခဲ့သော်
လည်း ယခုအခါတွင် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ ရောက်ရှိ
သွားပြီဖြစ်ကာ လက်ရှိအချိန်ထိ နိုင်ငံအနှံ့တွင် ဌာနခွဲပေါင်း ၂၀၆ ခုရှိကာ တောင်သူနှစ်သန်း
ကျော်ကို ချေးငွေထောက်ပံ့နေသည့် အကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

"တောင်သူပေါင်း နှစ်သန်းကျော်လောက်က နှစ်စဉ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေကို
ရယူနေတာပါ။ မနှစ်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ချေးငွေပေါင်း ကျပ် ၁,၁၅၈ ဘီလျံ
ကို ချေးပေးခဲ့ပါတယ်။ ဒီဘဏ်ဟာ အစိုးရရဲ့ထောက်ပံကြေးနဲ့လည်ပတ်နေတာဖြစ်တဲ့အတွက်
အတိုးနှုန်းက တခြား ငွေချေးအဖွဲ့အစည်းတွေနဲ့စာရင် အရမ်းကိုနည်း ပါတယ်" ဟု မြန်မာ့လယ်
ယာဖွံ့ဖြိုးရေးဘဏ် မှ အငြိမ်းစားအထွေထွေမန်နေဂျာ ဦးသိန်းမြင့် က ပြောသည်။

ယခင်က အတိုးနှုန်း ၈ ဒသမ ၅ ရှိသော်လည်း နောက်ပိုင်းတွင် ၁၂ ရာခိုင်နှုန်းသို့ပြောင်းလဲ
သတ်မှတ်လိုက်သော မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က ထုတ်ပေးသည့် ချေးငွေထက် လွန်ခဲ့
သော နှစ်ပေါင်းများစွာကတည်းက မြန်မာ နိုင်ငံတွင် လာရောက်လုပ်ကိုင်လျက်ရှိသော အတိုးနှုန်း
၃၀ ရာခိုင်နှုန်းပေးချေရသည့် Pact နိုင်ငံတကာ အသေးစားငွေချေးလုပ်ငန်းမှ ချေးငွေကိုရယူ
ရန် တောင်သူများက ပိုမိုလိုလား ကြကြောင်း အဆိုပါလုပ်ငန်းမှ မြန်မာပြည် လုပ်ငန်းဆိုင်ရာ
စီမံခန့်ခွဲမှုအရာရှိချုပ် Fahmid Karim Bhuiya ကပြောသည်။

"ကျွန်တော်တို့က တောင်သူတွေကို အတိုး နှုန်းသက်သာတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က
ချေးငွေယူဖို့အမြဲတိုက်တွန်းပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ဆီကပဲ လိုချင်ကြ တယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ငွေကို သူတို့မထွန်ယက်မီ ကျေးရွာတွေအထိ ဆင်းပြီး ပေး
လို့ပါ။ Pact က မနှစ်က တောင်သူချေးငွေ ပေါင်း ကျပ် ၆၅ ဘီလျံ ပေးနိုင်ခဲ့တယ်" ဟု ၎င်းက
ပြောသည်။

တောင်သူလိုအပ်သည့်ချေးငွေမှာ အစိုးရက နှစ်စဉ်ချေးငွေထုတ်ပေးနိုင်သည့်ပမာဏထက်များစွာ
ကျော်လွန်နေပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်မှာ အစိုးရအရာရှိများနှင့် ဆက်စပ်လုပ်ကိုင်နေ
ရဆဲဖြစ်ခြင်းကြောင့် တောင်သူ များက ပုဂ္ဂလိက ငွေချေးသူများထံမှသာ ချေးငွေရယူလိုကြောင်း
ဦးသိန်းမြင့်က ပြောသည်။

"ချေးငွေပေးတာက ကျေးရွာတွေအထိ တိုက် ရိုက် ဆင်းပေးတာမျိုးမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်
ရေးမှူးတွေကတစ်ဆင့် လုပ်ရတာတွေ၊ မြို့တက် ယူရတာတွေဆိုတော့ စရိတ်လည်းကုန်တယ်။ ပြီးတော့ ချေးငွေမလုံလောက်တာကလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အတွက် စိန်ခေါ် မှု
တစ်ခုပဲ။ စိုက်ပျိုးရာသီတစ်ခုအတွက် ချေးငွေ က အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံလောက်
လိုအပ်နေတယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး