ဂျပန်လေလံကားဈေးနှုန်းများ ပြီးခဲ့သည့်သီတင်း ပတ်အတွင်း ကျပ် ၁၀ သိန်းဝန်းကျင်ခန့်မြင့်တက်
လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ရှိနှင့်ပြီးဖြစ်သော ၁၃၀၀ စီစီကားများကိုသာ အာရုံစိုက်
၀ယ်ယူလာခြင်းကြောင့် ထိုကားများ အရောင်းအဝယ်လိုက်လာကြောင်း ကား အရောင်းအဝယ်
လုပ်ကိုင်သူများကပြောသည်။
"ဈေးကွက်ထဲမှာ အခုရက်ပိုင်းအရောင်းအဝယ်ဖြစ်နေတာက ပွိုင့်သရီး (၁၃၀၀စီစီ) ကား တွေ
အများဆုံးပါ။ ဈေးနှုန်းကလည်း ၀ယ်ပျော် ဈေးဖြစ်နေတော့ ၀ယ်တဲ့သူတွေများတယ်။ အမြင့်ကား
တွေ ကြိုက်ပါတယ်ဆိုတဲ့ နယ်ဝယ်လက်တွေတောင် ဒီလိုကားမျိုးတွေကိုရွေးပြီး ၀ယ်လာတဲ့
အတွက်ကြောင့် ဈေးကွက်ထဲမှာအဝယ်များသလို ဂျပန်လေလံကားဈေးကွက်မှာတောင် ၁၀
သိန်းလောက်ဈေးမြင့်တက်လာတာတွေရှိတယ်" ဟု ကားအရောင်းအဝယ် လုပ်ကိုင်သူ
ကိုခင်မောင်စိုးက ပြောသည်။
ကားဈေးကွက်အတွင်း နယ်ဝယ်လက်အဆင်းများခဲ့သော်လည်း ဈေးကွက်အတွင်းရှိ အမြင့်ကား
များမှာ စလစ်လိုအပ်ချက်အရ အရောင်းအဝယ် အဖြစ်နည်းခဲ့ကြောင်း လုပ်ငန်းရှင်များက
ပြောသည်။
"စလစ်ကပ်ပြီးဝယ်ရတဲ့ အမြင့်ကားတွေက စလစ်ဈေးနှုန်းမြင့်လာလို့ အရောင်းအဝယ် သိပ်မဖြစ်
တော့ဘူး။ အခုဆိုရင် စလစ်ဈေးနှုန်းက အမည်ပေါက်ကို ၁၁၅ သိန်းဝန်းကျင်လောက်ဖြစ်နေပြီး
စလစ်ဈေးက ၁၁၅ သိန်း ကားက သိန်း ၂၀၀ ဆိုရင် ကားတစ်စီးရဲ့တန်ဖိုးကသိန်း ၃၀၀ ကျော်
သွားလိမ့်မယ်။ ၀ယ်တဲ့သူတွေက သိန်း ၃၀၀ ကျော်ကားကို စလစ်ကပ်ပြီး ၀ယ်စီး မလား ဈေး
ကွက်ထဲက သိန်း ၁၅၀ လောက် သုံးပြီး သင့်တင့်တဲ့ကားကို စီးမလားဆိုတာကို တွက်လာကြလို့
အမြင့်ကားက ဈေးကွက်ထဲမှာ အရောင်းအဝယ် ထင်သလောက်မဖြစ်တော့ ဘူး"ဟု
ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုဦးကပြောသည်။
မင်းရဲကျော်စွာကားပွဲစားတန်းကို ယခုလမှစတင်ခါ လှိုင်မြို့နယ် ၁၃ ရက်ကွက်ရှိ မြေကွက် လပ်
သို့ စတင်ပြောင်းရွှေ့သွားမည်ဖြစ်ခြင်း ကြောင့် အရောင်းအဝယ်လုပ်ကိုင်ရာတွင် အထိုင်ကျရန်
ခက်ခဲဦးမည်ဖြစ်ကြောင်း ကား ၀ယ်ရောင်းလုပ်ကိုင်သူများကပြောသည်။
"ကားအရောင်းအဝယ် ဈေးကွက်ကြီးဖြစ်တဲ့ ဟံသာဝတီပွဲစားတန်းကြီးဖျက်လိုက်ကတည်း က
ကားပွဲစားတွေ အုပ်စုတွေကွဲသွားကြတယ်။ အခုဆိုရင် သီရိမင်္ဂလာပွဲစားတန်းကတော့ လော
လောလတ်လတ်တော့ပြောင်းဖို့ အသံ မထွက်သေးပေမယ့် မင်းရဲကျော်စွာကားပွဲစားတန်းကို
လှိုင်မြို့နယ်ထဲကကော်မတီပိုင် တဲ့ မြေကွက်လပ်ကို ပြောင်းရွေ့ခိုင်းထားတယ်။ ဟိုမှာ အခု
ဆိုရင် မြေညှိတာတွေလုပ်နေပြီ။ မင်းရဲကျော်စွာကားကွင်းကို အရင်ပထမ တစ်ခါတုန်းက
ဆေးရုံဆောက်ဖို့လို့တော့ပြော ထားတယ်။ အခုတော့ ဘာလုပ်ဦးမယ်ဆိုတာ တော့ မပြော
တတ်ဘူး။ ပြောင်းဆိုတော့လည်း ပြောင်းရဦးမှာပေါ့ဗျာ" ဟု ကားအရောင်းအဝယ် လုပ်ကိုင်သူ
ဦးမင်းညွန့်က ပြောသည်။ ကျောင်းဖွင့်ရာသီချိန်ဖြစ်သဖြင့် ကား ဈေးကွက်အတွင်း မီနီထရပ်များ
အရောင်း အဝယ်လိုက်လာကြောင်းလည်း ၀ယ်ရောင်းများ က ပြောသည်။
















