ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ ထုတ်ကုန်အရည်အသွေးကို ဖော်ပြပေးနိုင် သော
ကုန်အမှတ်တံဆိပ် သုံးစွဲမှုတွင် နိုင်ငံ တကာ လုပ်ထုံးလုပ်နည်းများအတိုင်း အလေး ထားလုပ်
ဆောင်သင့်ကြောင်း ပညာရှင်များက ပြောသည်။
မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်၍ ၁၈၀၀ နှင့် ၁၉၀၀ ပြည့်လွန်နှစ်များ အတွင်း
က ရေးဆွဲထားသော ဥပဒေများဖြစ် သည့် ရာဇသတ်ကြီး၊ ကုန်သွယ်မှုအမှတ်အသား များ ဥပဒေ၊
ပင်လယ်အကောက်ခွန်ဥပဒေ၊ မှတ်ပုံတင်ဥပဒေစသည်တို့တွင် အခန်းကဏ္ဍတစ်ရပ်အနေနှင့်သာ
ပါ၀င်ခဲ့သည်။
နောက်ပိုင်း ရေးဆွဲထားမှုမှာ ယခုနှစ်စောပိုင်းကထုတ်ပြန်ခဲ့ သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး
တွင်သာပါရှိသည်။ ယင်းနှင့်ပတ်သက်၍ သီးခြားရေး ထုတ်ပြန်ထားသော ဥပဒေမရှိခြင်းကြောင့်
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် အခက်အခဲတစ်ရပ်ဖြစ်နေကြောင်း နိုင်ငံတကာ
စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်နှင့် ပတ်သက်သောပြဿနာများ ပေါ်ပေါက်ခဲ့ဖူးပြီး လုပ်ငန်း
ရှင်အချို့မှာ နိုင်ငံတကာတွင်လူသိများ ပြီးသား အမှတ်တံဆိပ်များကို တစ်ဆင့်ခံသုံးစွဲခွင့်ရယူခြင်း
သို့မဟုတ် တရားဝင်လွှဲပြောင်းခွင့် ပြုလုပ်ခြင်းမရှိဘဲ မိမိတို့ကိုယ်ပိုင်တံဆိပ်သဖွယ်သုံးစွဲနေသည်
များရှိသည်။
နေ့စဉ်သတင်းစာများတွင် ထည့်သွင်းဖော်ပြနေသော ပြည်တွင်းလုပ်ငန်းအချို့၏သတိပေးကြေ
ညာထားချက်များမှာ ကုန်အမှတ်တံဆိပ်အကြောင်းသတိပေးဖော်ပြထားသော်လည်း ကုန်အမှတ်
တံဆိပ်ရုပ်ပုံမပါရှိခြင်း၊ တံဆိပ်ပေါ် တွင် လိပ်စာစသည့် မလိုအပ်သောစာသားများ ဖြည့်စွက်ထား
ခြင်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံ တင်အမှတ်ကို မှတ်ပုံတင်ရက်စွဲနှင့် တကွ ဖော်မပြထားခြင်း
စသည့်လိုအပ်ချက်များ တွေ့နေရပြီး ယင်းတို့မှာ နောင်တစ်ချိန်တွင် အငြင်းပွားဖွယ်ရာဖြစ်လာနိုင်
ကြောင်း Kelvin Chia Yangon ၏ ဥပဒေရေးရာညွှန်ကြား ရေးမှူး ဦးသန်းမောင်က ပြောသည်။
ထို့ပြင် အချို့သောရှေ့နေများမှာ အင်္ဂလိပ်စာဖြင့်ကြေညာရာတွင် သဒ္ဒါ၊ သတ်ပုံ၊ အသုံးအနှုန်းမှန်
ကန်အောင်နှင့် စာစီအမှားများပါ၀င်နေခြင်း၊ ကုန်အမှတ်တံဆိပ်ကို ရှေ့နေကြော်ငြာ သဖွယ် ဘွဲ့၊
ဒီပလိုမာများ၊ လက်မှတ်ရသင်တန်း များကိုရှည်လျားစွာ ဖော်ပြခြင်းကြောင့် အပ်နှံ သူကို ကြော်
ငြာစရိတ်ပိုမိုကုန်ကျစေခြင်းများတွေ့ရှိရကြောင်း ၎င်းကပြောသည်။
"ဒီအချက်တွေကို ကိုယ့်နိုင်ငံလာတဲ့ နိုင်ငံ ခြားသားတွေ တွေ့တဲ့အခါမှာ ရယ်စရာဖြစ်ပါတယ်။
ရိုးသားမှုမရှိဘူး၊ ဥပဒေစိုးမိုးတဲ့နိုင်ငံ မဟုတ်ဘူးလို့ အထင်သေးခံရနိုင်တယ်"ဟု ၎င်းကပြောသည်။
ထို့ကြောင့် ကုန်အမှတ်တံဆိပ်ရွေးချယ်ရာတွင် နာမည်တူ ရှိ မရှိစုံစမ်းခြင်း၊ ယင်းကိုသုံးစွဲလိုပါက
လည်း ပိုင်ရှင်ထံမှကုန်အမှတ်တံဆိပ် ပိုင်ဆိုင်ခွင့်ကို တရားဝင်လွှဲပြောင်းခွင့်၊ တစ်ဆင့်ခံ သုံးစွဲခွင့်
ရယူခြင်း၊ သို့မဟုတ် လိုဂိုတံဆိပ်ကိုမတူကွဲပြားအောင်သုံးခြင်း စသည်တို့ပြုလုပ် နိုင်ကြောင်း
၎င်းကသတိပေးသည်။
မိမိကုန်စည် သို့မဟုတ် လုပ်ငန်းကို ပြည်ပ အထိထိုးဖောက်မည်ဆိုပါက မြန်မာအမည်စစ်သုံး
သင့်ကြောင်း ၎င်းကပြောသည်။ "လူတွေရဲ့စိတ်က ဥပမာ ဆေးလိပ်ချင်းတူရင်တောင် ခပေါင်း
ဆေးလိပ်ဆိုမသောက်ချင်ကြဘူး။ ထုတ်တာကတော့ ကိုယ့်အိမ်နောက်ဖေး ကထုတ်လိုက်တာ
ပဲ။ ဒီပေါ်မှာ တံဆိပ်တစ်ခုခု တပ်လိုက်ရင်ကို လူစိတ်ဝင်စားမှုက ပြောင်း သွားရော"ဟု ၎င်းက
ပြောသည်။
စီးပွားရေးပညာရှင်ဦးလှမောင်က ကုန်အမှတ် တံဆိပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဗြိတိသျှ
အစိုးရလက်ထက်ကတည်းက စတင်ရေးဆွဲခဲ့သော ဥပဒေများမှာ တံဆိပ်ခေါင်းအခွန်နှင့် မှတ်ပုံ
တင်ကြေးကဲ့သို့သော ငွေကြေးပိုင်း ဆိုင်ရာတိုးမြှင့်ပြင်ဆင်မှုသာရှိခဲ့ပြီး အထူး တလည်ပြင်ဆင်မှု
မျိုး မတွေ့ရကြောင်း ၎င်းက ပြောသည်။
"မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ပတ်သက်လို့ ပြဋ္ဌာန်းရမယ့်ဥပဒေတွေ အတော်များများရှိနေသေးတယ်။
ကုန်အမှတ်တံဆိပ်နဲ့ပတ်သက်တဲ့ဥပဒေအဖြစ်သီးခြားပီပီပြင် ပြန်ပြင်ထုတ်ဖို့ လိုအပ်တယ်။ အငြင်း
ပွားမှုဖြစ်လာမှသာ ဆိုင်ရာဆိုင်ရာဥပဒေတွေထဲက ပြန်ဆွဲထုတ် တာရှိတယ်။ တည်ဆဲဥပဒေ
ရာဇသတ်ကြီးထဲကပြန်ဆွဲသုံးရတာနဲ့တင် မလုံလောက်တော့ ဘူး"ဟု ၎င်းကပြောသည်။
ယင်းနှင့်စပ်လျဉ်းသော ဥပဒေများအတွက် နိုင်ငံတကာတွင်ရှိပြီးသားထဲမှ သင့်တော်မည့်ပုံစံကို
အမြန်ဆုံးရွေးချယ် အကောင်အထည်ဖော်သင့်ကြောင်း ပြောသည်။
"လွှတ်တော်ကျင်းပရင်သာ လနဲ့ချီကြာပြီး ဥပဒေကြမ်းထုတ်ထားတာတွေကို ပီပီပြင်ပြင် မဆွေး
နွေးဘူး။ လွယ်လွယ်နဲ့ ထုတ်လို့မရဘူး ဆိုပြီးပဲ ပြောနေကြတယ်။ ဒီဥပဒေတွေက ကိုယ့်နိုင်ငံမှာ
အသစ်ဖြစ်နေပေမယ့် ကမ္ဘာမှာအသစ်မဟုတ်ဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိနေပြီးဖြစ်တယ်။ ဒါကို
ကိုယ့်နိုင်ငံနဲ့မအပ်စပ်ဘူးဆိုပြီးစဉ်းစားနေကြတာ မဟုတ်ပါဘူး။ အောင်မြင်ပြီးသားကိုမှီပြီးလုပ်
ရတာ အင်မတန်ပဲလွယ်ပါတယ်"ဟု ၎င်းကပြောသည်။ ကျောက်တံတားမြို့နယ်တွင် ဒီဇိုင်းစတူ
ဒီယိုဖွင့်လှစ်ထားသူ ဒီဇိုင်နာတစ်ဦးက မြန်မာနိုင်ငံ အပါအဝင် အခြားအိမ်နီးချင်း နိုင်ငံများတွင်
နိုင်ငံဖွံ့ဖြိုးမှုအားနည်းခြင်း၊ ဥပဒေရပ်များ အားနည်းခြင်းတို့ကြောင့် ကုန်အမှတ်တံဆိပ် ခိုးယူကူး
ချသော ပြဿနာမှာ မကြာခဏ ပေါ်ပေါက်နေရခြင်းဖြစ်ကြောင်း ပြောသည်။
"ဒီ ခိုးချကူးယူတဲ့ပြဿနာကို မှတ်ပုံတင်တဲ့ရုံးတို့ ရှေ့နေတို့ကလည်း ဒါတွေကိုမသိဘဲလုပ်
နေတာလား၊ သိသိကြီးနဲ့ ပိုက်ဆံရလို့လုပ်နေ တာလားဆိုတဲ့အပိုင်းလည်းရှိတယ်။ ဒီပြဿနာ
က ဒီဇိုင်နာ၊ ကုမ္ပဏီ၊ ရှေ့နေ၊ မှတ်ပုံတင်ရုံးအားလုံးနဲ့ဆိုင်တယ်"ဟု ၎င်းကပြောသည်။
ကုန်အမှတ်တံဆိပ် ဒီဇိုင်းရေးဆွဲသူတစ်ဦးအနေဖြင့် အပ်နှံသူအတွက် ရေရှည်အသုံးပြုနိုင်မည့်
ဒီဇိုင်းမျိုး ရေးဆွဲသင့်ကြောင်းနှင့် ပြဿနာပေါ်ပေါက်လာပါက တာဝန်ယူမှုရှိသင့်ကြောင်း
၎င်းကပြောသည်။
















