ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ပုဂ္ဂလိက
စက်သုံးဆီဆိုင် ၃၄ ဆိုင်ကို သတ်မှတ်ပေးထားသည့် ဆီခြင်တွယ်မှုကို ပြည့်မီခြင်းမရှိသောကြောင့်
ရောင်းချခွင့်လိုင်စင် တစ်လမှ သုံးလ အထိ အသီးသီး ယာယီပိတ်သိမ်းကာ အရေးယူထားကြောင်း
စွမ်းအင်ဝန်ကြီးဌာနက မေလ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ
ထိန်းသိမ်းရေးကော်မတီအနေဖြင့် သက်ဆိုင်ရာ ဆပ်ကော်မတီများ၏ စစ်ဆေးမှု နှစ်ကြိမ်စလုံးတွင်
သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိသည့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီ
ဆိုင်များအနက် လေးဆိုင်အား ၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ
စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးခွင့်လိုင်စင်အား သုံးလအထိ ပိတ်သိမ်းအရေးယူခဲ့ပြီး ကျန်ဆိုင်များကို
မေလ ၆ ရက်နေ့ မှ ဇွန်လ ၅ ရက် နေ့အထိ ရောင်းချခွင့်လိုင်စင် တစ်လ ပိတ်သိမ်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ
တစ်ဦး က "ပထမအကြိမ်မှာကတည်းက အခြင်အတွယ် မပြည့်တဲ့ဆိုင်တွေကို သတိပေးထားပြီး
သားပါ။ နောက်တစ်ကြိမ်ထပ်မိလို့ အခုလို အရေးယူရတာပါ" ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရေနံထွက် ပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ
ထိန်းသိမ်းရေးဆပ်ကော်မတီက ရန်ကုန်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စက်သုံးဆီ
အရောင်းဆိုင် ၂၃ဆိုင် အား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ၊ ၂၇ ရက်နေ့တို့တွင် ၀င်ရောက်
စစ်ဆေးခဲ့ရာ ၂၁ ဆိုင်မှာ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိဘဲ ဒုတိယအကြိမ်အဖြစ် ၂၀၁၃
ခုနှစ် မတ်လ ၂၁၊ ၂၂၊ ၂၅ ရက် တို့တွင် စက်သုံးဆီဆိုင် ၆၆ ဆိုင်ကို ၀င်ရောက် စစ်ဆေးရာတွင်
၁၆ ဆိုင်မှာ သတ်မှတ်အခြင်အတွယ်ပြည့်မီခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း စွမ်းအင်
၀န်ကြီးဌာန၏ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပဲခူးတိုင်းဒေသကြီး ဆပ်ကော်မတီ၏ ဧပြီလအတွင်း ဒေသတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၄၂
ဆိုင်ကို ၀င်ရောက် စစ်ဆေးခဲ့ရာ ၂၂ ဆိုင်မှာ အခြင်အတွယ် ပြည့်မီခြင်းမရှိသည်ကို တွေ့ရကြောင်း
ဖော်ပြထားသည်။
အဆိုပါ ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းခံရသောဆိုင်များမှာ လင်းလက်အောင်၊ သူရိယ၊ လမ်းမတော်
မြို့နယ် အတွင်းရှိ Denko၊ GL၊ နီလာရိုးမ၊ Green Luck၊ ပါ၀ါနိုင်း၊ New World၊ 2000 နှင့်
ရာဇာမင်း တို့ဖြစ်သည်။
အဆိုပါ အရောင်းဆိုင်အချို့မှ တာဝန်ရှိသူများက "လာပြီး စစ်ဆေးတုန်းက ခြင်တွယ်တဲ့နည်းစနစ်
က နိုင်ငံတကာမှာ ကျင့်သုံးတဲ့ပုံစံနဲ့ မဟုတ်ပါဘူး။ တစ်လီတာ အမှတ်အသား မပါတဲ့ ရိုးရိုးခွက်တွေ
နဲ့ လာပြီးတိုင်းသွားတာပါ။ စနစ်မကျဘူးလို့ပဲ ပြောချင်ပါတယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။

















