အခွန်ဝင်ငွေအများဆုံး ကောက်ခံရရှိနေသည့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ
ပြည်တွင်းအခွန်ဌာနမှ ကောက်ခံလျက်ရှိသော အခွန်လေးမျိုး နှင့်ပတ်သက်၍ ဇွန်လ တတိယပတ်
တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း
လွှတ်တော်ကိုယ်စားလှယ်များက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်ကောက်ခံမှုလုပ်ငန်းကဏ္ဍငါးမျိုး
ဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ အောင်ဘာလေထီခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အကောက်
ခွန် တို့အနက်ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်ခွန်မှ ၄၁ ရာခိုင်နှုန်းနှင့် ၀င်ငွေ
ခွန်မှ ၄၈ ရာခိုင်နှုန်းကျော် ရရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်သော စာရင်းများတွင်ဖော်ပြထားသည်။
၂၀၁၂၂၀၁၃ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်ကောက်ခံမှုဝင်ငွေမှာ ကျပ်
သန်းပေါင်း ၂၃ သိန်း၊ ခုနစ်ထောင် ဖြစ်ပြီး ၀န်ကြီးဌာနခုနစ်ခုတို့၏ အခွန် ကောက်ခံမှု တို့အနက်
၉၃ ရာခိုင်နှုန်းကျော် ထည့်ဝင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ၎င်းတို့
ကော်မတီ အနေဖြင့် အခွန်ကောက်ခံမှု ၁၄ မျိုးအနက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အခွန်
ကောက်ခံမှုလေးမျိုးကို လာမည့် လွှတ်တော်တွင်သုံးသပ်မည်ဖြစ်ကြောင်း ပြောသည်။
"လက်ရှိချမှတ်ထားတဲ့ ဥပဒေ၊ အမိန့် ကြော်ငြာစာနည်းလမ်းတွေကို အခွန်ထမ်းတွေက အမှန်
တကယ်လိုက်နာမှု ရှိ၊ မရှိ လွှတ်တော်မှာ ဆွေးနွေးမယ်။ အခွန်ရဲ့ ဂျီဒီပီထည့်ဝင်နိုင်မှုကိုကြည့်ရင်
အခွန်ကောက်ခံမှုစနစ်က ဟာနေတာတွေ့ရတယ်"ဟု ၎င်းက ပြောသည်။
လက်ရှိဘဏ္ဍာနှစ်၏ အခွန်ကောက်ခံမှုဝင်ငွေသည် ဂျီဒီပီထည့်ဝင်မှုအချိုး၏ ၄ ဒသမ ၅ ရာခိုင်နှုန်း
သာ မျှော်မှန်းနိုင်ကြောင်း၊ အိမ်နီးချင်း လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှာပင် ၁၀ ရာခိုင်နှုန်းကျော်
ထည့်ဝင်နိုင်ကြောင်း ၎င်းက ပြောသည်။
"အခွန်ကောက်ခံမှုကရတဲ့ဝင်ငွေကို ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ များများသုံးချင်တယ်။
ဒီမိုကရေစီတိုင်းပြည်ဆိုတာ အခွန်စနစ်ပေါ်မှာမှီခိုနေရတာပါ။ အခွန်နဲ့ သေခြင်းတရားဆိုတာရှောင်
လွှဲလို့မရဘူး။ အခွန်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်မှာပဲဆွေးနွေးခွင့်ရမှာပါ"
ဟု ၎င်းက ပြောသည်။
၎င်းအနေဖြင့် ဆွေးနွေးမည့်အဓိက အကြောင်းအရာမှာ လစာဝင်ငွေနှင့် ပတ်သက်သည့် အခွန်
ကောက်ခံမှုဖြစ်ပြီး ဥပမာအနေဖြင့် လက်ရှိအနိမ့်ဆုံး အခွန်ဆောင်ရမည့် လစာကို ကျပ် ၁၀၀,၀၀၀
သတ်မှတ်ထားသောကြောင့် အချို့သောပုဂ္ဂလိကကုမ္ပဏီများမှ ၀န်ထမ်းများ၏ လစာကို ထိုပမာဏ
အောက်လျှော့ချ သတ်မှတ်ကာ အခြားသော ၀င်ငွေခေါင်းစဉ်များတပ်ကာ ခံစားခွင့်ပေးနေခြင်း
ကြောင့် ၀န်ထမ်းများ အမှန်တကယ်အခွန်ဆောင်နိုင်မည့် လစာနှင့် အခွန်နှုန်းထားကို ပြင်ဆင်ရန်
ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောသည်။
"ဘယ်လောက်ထားသင့်တယ်ဆိုပြီး အဆိုပြုဖို့တော့ မဆုံးဖြတ်ရသေးဘူး။ လောလောဆယ်တော့
ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကောက်ခံနေပါတယ်" ဟု ဦးဝင်းမြင့် က ပြောသည်။
၂၀၁၃၂၀၁၄ ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှုမှ ကျပ် ၂ ဒသမ ၂ ထရီလျံ ရရှိနိုင်ရန်မျှော်
မှန်းထားပြီး ထိုလျာထားသည့်ပမာဏထက် ပိုမိုရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
"အခွန်စနစ်တွေ ပြုပြင်မယ်၊ အခွန်ထမ်းတွေရဲ့ မှတ်တမ်းတွေကို စနစ်တကျ ထားရှိရမယ်ဆိုတဲ့
တိကျရေရာတဲ့ စာရင်းတွေရှိလာရင် အခုမျှော်မှန်း ထားတာထက်ပိုလာနိုင်ဖို့ပဲ ဖြစ်လာမှာပါ။
တကယ်ဆိုရင်လည်း အခွန်ကနေ တိုင်းပြည်အတွက်ဝင်ငွေဟာ ဒီထက်မက ပိုပြီးရသင့်ပါတယ်"
ဟု ၎င်းက ပြောသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အပါအဝင် ၀န်ကြီးဌာနများက e-government စနစ် လုပ်ဆောင်
ရန် လွန်ခဲ့သော လေး၊ ငါးနှစ်ကပင်ကြိုးပမ်းနေပြီး အကောင်အထည်ဖော်နိုင်ပါက အခွန်ရှောင်သည့်
နှုန်း လျော့နည်းသွားမည်ဖြစ် ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကြီးက
လာမည့်လွှတ်တော် အစည်းအဝေးတွင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ပတ်သက်၍ အဓိကထား
ဆွေးနွေးမည် ဖြစ်ကြောင်း ပြောသည်။
၎င်းက ကုန်သွယ်ခွန်ပေးဆောင်ရာတွင် ယခင်က လည်ပတ်သည့်ငွေပေါ်တွင်ပေးဆောင်စေခဲ့သော်
လည်း ပြီးခဲ့သည့် ၂၀၁၂၂၀၁၃ ဘဏ္ဍာနှစ်တွင် ချမှတ်လိုက်သောမူအရ တစ်ဆင့် ၀ယ်ယူသူသည်
အမြတ်ငွေအပေါ်တွင်သာ ပေးဆောင်ရသည့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေး နွေးမည်
ဖြစ်ကြောင်း ပြောသည်။
"အရင်က ၀ယ်တဲ့ အဆင့်တိုင်းဆောင်ရမယ်ထင်ပြီး အခွန်ရှောင်တာတွေဖြစ်လာတယ်။ သက်ဆိုင်
ရာဝန်ကြီးဌာနတွေအနေနဲ့ ကြော်ငြာပေးပြီး မျှမျှတတဖြစ်တဲ့ ဂဏန်းဆိုရင် ဆောင်ကြမယ်။
စီးပွားရေးအရ သာတယ် နာတယ်ဆိုတာမရှိတော့ဘူး"ဟု ၎င်းက ပြောသည်။
ထို့ပြင် ကောက်ခံနေသည့် နှုန်းထားများကိုလည်း ပြောင်းလဲရန် ဆွေးနွေးမည်ဖြစ်သည်။ စီးကရက်
ပေါ်တွင် ၁၀၀ ရာခိုင်နှုန်းမှ ၂၀၀ ရာခိုင်နှုန်း၊ အရက်နှင့် ကျွန်းသစ်လုံးပေါ်တွင်ကောက်ခံနေမှုကို ၅၀
ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းနှင့် စားအုန်းဆီ တင်သွင်းခွန်ကို ငါးရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းသို့
ပြောင်းလဲကောက်ခံရန်အကြံပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ပြည်သူလူထုရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း လျော့ကျလာတာကို ကာကွယ်သွားဖို့
အခွန်စနစ် တွေတင်ပြသွားမယ်"ဟု ဦးကိုကြီးက ပြောသည်။
















