ကုန်သွယ်ရေးမူဝါဒအသစ်ကို ၂၀၁၃ ခုနှစ် အကုန်တွင် အပြီးသတ် ရေးဆွဲသွားမည်

ကုန်သွယ်ရေးမူဝါဒအသစ်ကို ၂၀၁၃ ခုနှစ် အကုန်တွင် အပြီးသတ် ရေးဆွဲသွားမည်

မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အဓိကကျသော ပို့ကုန် တိုးတက်ရေးအတွက်
ကုန်သွယ်ရေးမူဝါဒကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကမ္ဘာ့ကုန်သွယ်ရေး
အဖွဲ့အစည်း World Trade Organization ၏ အကူအညီဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီး
ရေးဆွဲသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်က မေလ ၄ ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

"ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ WTO ရဲ့ အကူအညီနဲ့ နိုင်ငံတကာအဆင့်မီ ကုန်သွယ်ရေး
ပေါ်လစီတွေကို ရေးဆွဲနေပါတယ်။ မူကြမ်းတော့ မထွက်သေးပါဘူး။ ၂၀၁၃ ကိုလည်း ကျော်သွား
နိုင်ပါတယ်။ ဒါပေမဲ့ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။
ဒီကုန်သွယ်ရေးမူဝါဒ ရေးဆွဲပြီးသွားတဲ့အခါ ကုန်သည်တွေ စီးပွားရေးလုပ်ကိုင်ရတာ ပိုမိုအဆင်ပြေ
လာမှာ ဖြစ်ပါတယ်"ဟု ဦးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိကျင့်သုံးနေသော ကုန်သွယ်ရေးမူဝါဒသည် ပြုပြင် ပြောင်းလဲလာသော
စီးပွားရေးစနစ်သစ်များနှင့် အံမဝင်သဖြင့် အသစ်ရေးဆွဲရန် လိုအပ်ကြောင်းလည်း ပြည်ပပို့ကုန်
လုပ်ငန်းရှင်များက ပြောသည်။

"အခုလက်ရှိကုန်သွယ်ရေးမူဝါဒက ဆိုရှယ်လစ်ခေတ် ကတည်းကနေ ရေးဆွဲခဲ့လို့ ဆိုရှယ်လစ်စနစ်
ကိုအားပေးတဲ့ မူဝါဒပဲဖြစ်တယ်။ အဲဒီ မူဝါဒ ကိုပဲ အစိုးရကနေပြင်ဆင်တာတွေပြုလုပ်ခဲ့ပေမယ့်
ခေတ်နဲ့အညီ ပြောင်းလဲ ပစ်လိုက်တာမျိုးတော့ မရှိခဲ့ဘူး။ အသစ်ရေးဆွဲမယ်ဆိုလည်း ပို့ကုန်မြှင့်
တင်မှုကိုအားပေးတဲ့ Export Leading မူဝါဒပဲ ဖြစ်ရမယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်
ဒုတိယ ဥက္ကဌ ဦးနှင်းဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးအတွက် ကုန်သွယ်ရေးမူဝါဒအသစ်များ ရေးဆွဲအကောင်အထည်
ဖော်ရာ၌ စည်းမျဉ်းဥပဒေတချို့ကို လျှော့ပေါ့ ပေးရန်၊ အစိုးရချုပ်ကိုင်ထားခြင်းကို လျှော့ချပေးရန်နှင့်
စည်းကမ်းများကို လက်တွေ့ထိန်းညှိပေးရန် ထည့်သွင်းဆွေးနွေးသင့်ကြောင်း ၎င်းက ပြောသည်။

"ကုန်သွယ်ရေးမူဝါဒအတွက် ခြေလှမ်းစတာလို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့တွေကိုခေါ်ပြီး ပို့ကုန်
ဈေးကွက်နည်းဗျူဟာနဲ့ ပတ်သက်တာတွေကို ဆွေးနွေးခဲ့ကြတယ်"ဟု ဦးနှင်းဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး