ဂျာမနီမှ လာရောက်လုပ်ကိုင်မည့် စီးပွားရေးလုပ်ငန်းများ၏ အခြေအနေနှင့် အခက်အခဲကို ဖြေရှင်း
ပေးနိုင်မည့် ဂျာမန် ကိုယ်စားလှယ်ရုံးကို လာမည့် သုံးလ နှင့် လေးလ အချိန်အတောအတွင်း
ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဂျာမန်စက်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များအသင်း၏
ဒုတိယအမှုဆောင် အရာရှိချုပ် Dr. Volker Treier က ပြောသည်။
ဂျာမန်စက်မှုကုန်သည်အသင်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်တို့သည် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မေလ ၂ ရက်နေ့က
သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ဥရောပနိုင်ငံများမှ ထိုကဲ့သို့ ရုံးခန်း လာရောက် ဖွင့်လှစ်ခြင်းသည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး
အကြိမ်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ
ဦးဝင်းအောင် က ပြောသည်။
မြန်မာနိုင်ငံတွင် ရေးဆွဲလျက်ရှိသော အသေးစားနှင့်အလတ်စားလုပ်ငန်း ဥပဒေကြမ်းအပြင် အခြား
သော အကူအညီများကိုလည်း ဂျာမနီနိုင်ငံမှရရှိ နေကြောင်း ၎င်းက ပြောသည်။
Dr. Treier ပြောကြားချက်အရ ရုံးခန်း အမြန်ဆုံး ဖွင့်လှစ်နိုင်မှုသည် သင့်တော်သည့် အရာရှိများ
ခန့်ထားပေးနိုင်မှုအပေါ်မူတည်ပြီး ၎င်းတို့ထံတွင်လာရောက် လျှောက်ထားမှုများရှိ သော်လည်း
ခန့်ထားရန် မဆုံးဖြတ်ရသေးကြောင်း ပြောသည်။
"ခန့်ထားမယ့် အရာရှိဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဂျာမန်ကုမ္ပဏီတွေကို ပြည့်ပြည့်
၀၀ကူညီပေးနိုင်မယ့်သူမျိုးဖြစ်ရပါမယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့သည် ဂျာမန်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ရန် အခွင့်အလမ်းသာသော
နေရာတစ်ခု ဖြစ်ပြီး ၎င်းတို့ရုံးခန်းသည် ဂျာမန် စီးပွားရေး လုပ်ငန်းရှင်များအတွက် သာမက မြန်မာ
ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရန် ကူညီသွားမည် ဖြစ်ကြောင်း Dr. Treier က ပြောသည်။
"ဒီရုံးခန်း ဖွင့်လှစ်မှုဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာအနှ့ံ ကွန်ရက်အတွက် ဒေါက်တိုင်သစ်တစ်ခု ဖြစ်လာ
မှာပါ"ဟု ၎င်းက ပြောသည်။
"ဒီရုံးခန်းအနေနဲ့ ကုမ္ပဏီဖွင့်လှစ်လို့ ပြဿနာဖြစ်ပေါ်လာခဲ့ရင် အဲဒီ ပြဿနာတွေကို သက်ဆိုင်ရာ
အစိုးရ အရာရှိတွေနဲ့ ပူးပေါင်းပြီး ပြေလည်အောင်ဖြေရှင်းပေးမယ်။ ဂျာမနီနဲ့တွဲဖက်လုပ်ကိုင်တဲ့
မြန်မာကုမ္ပဏီတွေအနေနဲ့လည်း ပြဿနာတစ်ခုခုဖြစ်လာရင် ဖြေရှင်းပေးလို့ရတဲ့နေရာ ဖြစ်အောင်
ဆောင်ရွက်သွားမယ်"ဟု ၎င်းက ပြောသည်။
ရုံးခန်းဖွင့်လှစ်ပြီးနောက်တွင် ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု အစရှိသော ဂျာမန်ကုမ္ပဏီများ
ရောက်ရှိလာမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏လိုအပ်နေသော အခြေခံ အဆောက်အအုံများဖြစ်သည့် မီးရထားကဏ္ဍနှင့်
လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်ရေးကဏ္ဍများသို့ ၀င်ရောက်ရန်မျှော်လင့်ထားကြောင်း ၎င်းက ပြော
သည်။
"ဂျာမန် အသုံးအဆောင်ပစ္စည်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွေကိုလည်း ဒီမှာလာရောက်လုပ်ကိုင်ဖို့
ရှိပါတယ်။ အားလုံးကို အဆင့်ဆင့်လုပ်သွားရမှာပေါ့"ဟု Dr. Treier က ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအနေအထား ပြောင်းလဲမှုနှင့် တည်ငြိမ်မှုရလာခြင်းအပြင် အာဆီယံအဖွဲ့
အစည်းတွင်း ပူးပေါင်းပါ၀င်သော အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ဂျာမနီနိုင်ငံ က လာရောက်
လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင်မြန်မာနိုင်ငံ၏ လုပ်သားအင်အားကြွယ်ဝမှုအတွက်လည်း ကျွမ်းကျင်မှုသင်တန်းများ ပေးကာ
ပံ့ပိုးပေးခြင်းဖြင့် ပိုကောင်းမွန်သည့်ရလဒ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလကုန်အထိစာရင်းများအရ ဂျာမနီနိုင်ငံ၏
ရင်းနှီး မြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၁၇ သန်းသာ ရှိနေသေးသည်။

















