မေလပထမပတ် ရန်ကုန်ကားဈေးကွက်အတွင်း ဆက်လက်အပ်နှံရန် စောင့်ဆိုင်းနေသည့် အက္ခရာ
ကားများမှာ ဈေးကွက်တွင် ကြိုတင်ဝယ်ယူမှုများရှိလာပြီး ပြည်ပမှတင်သွင်းလာသည့် တိုက်ကြေ
ယာဉ်များကို သက်ဆိုင်ရာမှသိမ်းဆည်းအရေးယူမည်ဆိုသည့် သတင်းမှာ ဖြစ်သင့်သည့်ကိစ္စဖြစ်
ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။
"မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒအသစ်အရ လူတိုင်းကားစီးနိုင်ရမယ်ဆိုတဲ့ နိုင်ငံတော်ကချမှတ်
တဲ့ရည်ရွယ်ချက်က ကောင်းပါတယ်။ အဲဒါကြောင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး
ပြည်တွင်းမှာအသုံးပြုနေတဲ့ အနှစ် ၄၀ သက်တမ်း ရှိယာဉ်များမှ စတင်ပြီး အုပ်စုလိုက်အပ်နှံတာ
တွေကို ဆောင်ရွက်ပေးခဲ့တယ်။ အဲဒီလိုဆောင်ရွက်ပေးတဲ့နေရာမှာလည်း ပြည်ပနိုင်ငံက တစ်ပတ်
ရစ်ကားတွေအပါ၀င် မော်ဒယ်မြင့်ကားတွေ အစားထိုးတင်သွင်းခွင့်ကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်
ရွက်ပေးခဲ့တယ်။ စတင်သွင်းခွင့်ပြုတဲ့ အချိန်တုန်းက အဲဒီလိုကားမျိုးတွေကို မသွင်းကြသေးပေမယ့်
နောက်ပိုင်းကစပြီးတော့ စီးပွားရေးသမားတွေက ပြည်ပ နိုင်ငံက တိုက်ကြေကားတွေကိုပါ ရောပြီး
သွင်းလာတာ တွေရှိတယ်။ ကုမ္ပဏီ တစ်ချို့လည်းပါမှာပေါ့။ များသော အားဖြင့် လူပုဂ္ဂိုလ်အမည်နဲ့
တင်သွင်းတဲ့အုပ်စုတွေမှာပါတယ်။ အဲဒီကားတွေကို အရင်ကဆိုရင် သီလဝါမှာ တွေ့ရတယ်။
တိုက်ကြေကားတွေကို ညပိုင်းမှ အပြင်ကိုထုတ်၊ ကားဝပ် ရှော့ကိုပို့ပြီး ဘော်ဒီဆေးမှုတ်လုပ်ပြီး
ဈေးကွက်ထဲကိုမနေ့ကမှ အသစ်ရောက်လာတဲ့ပုံစံနဲ့ ပြင်ပြီး ရောင်းဝယ်မှုလုပ်လာတာတွေရှိခဲ့တယ်"
ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးမင်းညွန့်က ပြောသည်။
အကောက်ခွန်ဦးစီးဌာနက မေလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် မော်တော်ယာဉ် အစား
ထိုးလဲလှယ်ရေးလုပ်ငန်းစီမံချက်ကို ၂၀၁၁ ခုနှစ် အော်တိုဘာလ ၂၅ ရက်နေ့မှစတင်ဆောင်ရွက်ပေး
ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စီမံချက် မော်တော်ယာဉ်အစီးရေ ၁၂၆,၇၃၃ စီး
ကို တင်သွင်းခဲ့ပြီး အဆိုပါယာဉ်များထဲတွင် တိုက်ကြေကားတင်သွင်းထားခြင်း မရှိဘဲ နောက်ပိုင်း
တွင် အဆိုပါကားများ စတင်သွင်းမှုများ ရှိခဲ့ကြောင်း ကြေညာခဲ့သည်။
"ပြည်ပနိုင်ငံက တိုက်ကြေပျက်စီးတဲ့ကားတွေကို တင်သွင်းတဲ့သူတွေရဲ့ အဓိကရည်ရွယ်ချက်က
၀ယ်ယူတဲ့အခါမှာလည်း သက်သာတဲ့ ဈေးနဲ့ရပြီးတော့ ဒီမှာပြုပြင်ပြီး ပြန်ရောင်းမယ်ဆိုရင် အကျိုး
အမြတ်ကထက်ဝက်မက ရနိုင်လို့ပါ။ ဥပမာဪကားတစ်စီး ပါးခြမ်းပျက်စီးနေတယ်ဆိုရင် ဒီမှာ
ပြင်ရင် ဘော်ဒီ ဆေးပြန်လိုက်လို့ အလွန်ဆုံးကုန်မှ တစ်သိန်းပေါ့။ တချို့ကားတွေဆိုရင် ကိုယ်ထည်
မကောင်းတာတွေကအစ အကုန်လုံး ပြန်ပြင်ပြီးဈေးကွက်ထဲကို ရောင်းတာတွေတောင်ရှိတယ်" ဟု
ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။
အကောက်ခွန်ဦးစီးဌာနက ပြည်ပမှတင်သွင်းလာသည့် တိုက်ကြေကားများမှာ သုံးစွဲသူများအတွက်
လုံခြံုစိတ်မချရဘဲ အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်ခြင်း၊ ကုန်သွယ်မှုမူဝါဒနှင့် ကိုက်ညီမှု မရှိ
ခြင်းနှင့် အကောက်ခွန်ဦးစီးဌာန လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီခြင်းကြောင့် တင်သွင်းခွင့် မပြု
သည့် ယာဉ်များအဖြစ် သတ်မှတ်ကာ ပြည့်သူဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ပြီး တင်သွင်း
လာမည့် အလားတူကားများကိုလည်း ဆက်လက်သိမ်းဆည်းသွားမည် ဖြစ်ကြောင်း ကြေညာချက်
ထုတ်ပြန်ခဲ့သည်။
"သက်ဆိုင်ရာက တိုက်ကြေကားတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်ဆိုတဲ့
ကြေညာချက်ကတော့ တော်တော်လေးထိရောက်ပါတယ်။ ဒီလိုကားမျိုးတွေဈေးကွက်ထဲမှာ
ဘယ်လောက်ရောက်ပြီးနေပြီဆိုတာပြောလို့မရဘူး။ စီးပွားရေးလုပ်တဲ့သူကတော့ ငွေရဖို့
တစ်မျက်နှာပဲကြည့်ပြီး လုပ်ခဲ့ကြတယ်။ အများစုကတော့ နယ်ဝယ်လက်တွေခံရနိုင်တယ်။
ဒီလိုကားတွေတင်သွင်းလာရင် သက်ဆိုင်ရာကပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းမယ်ဆိုတဲ့အချက်ကို
အများကိုယ်စားကြိုဆိုပါတယ်"ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကြည်ညွန့် က ပြောသည်။
ကားဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေပြီး မင်းရဲကျော်စွာကား ၀င်းနေရာမှာလည်း ဆေးရုံ
တည်ဆောက်မည်ဖြစ်သောကြောင့် လှိုင်သာယာသို့ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း သတင်းများ
ထွက်ပေါ်နေပြီး လတ်တလောဈေးကွက်အတွင်း အပ်နှံရန်စောင့်ဆိုင်းနေသည့် 'အ' အက္ခရာနံပါတ်
အနက်မှာ ရ၁ သိန်းနှင့် နံပါတ် အနီမှာ ၆၈ သိန်း ၀န်းကျင်ခန့် ဈေးပေါက်နေကြောင်း ကားဝယ်
ရောင်းလုပ်ကိုင်သူများက ပြောသည်။
















