မြန်မာ့သရက် ပြည်ပဈေးကွက် ၀င်ရောက်နိုင်ရန် နိုင်ငံတကာ စံချိန်စံနှုန်းများမီရန်လိုအပ်

မြန်မာ့သရက် ပြည်ပဈေးကွက် ၀င်ရောက်နိုင်ရန် နိုင်ငံတကာ စံချိန်စံနှုန်းများမီရန်လိုအပ်

တရုတ်ပြည်သို့ အဓိကတင်ပို့နေသည့် မြန်မာသရက်သီးသည် နိုင်ငံတကာဈေးကွက်သို့ဝင်ရောက်
နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်နှင့် နိုင်ငံတကာစံမီအဆင့်တွင် သိုမှီးထားနိုင်ရန်
အတွက် ပိုးသတ်သန့်စင်ရန် ပြင်ဆင်မှုပြုလုပ်ရာတွင် လုံလောက်သော လျှပ်စစ်ဓာတ်အား မရရှိ
ခြင်းကြောင့် ပြည်ပဈေးကွက်တိုးချဲ့ရန် အခက်အခဲများရှိကြောင်း သရက်စိုက် တောင်သူများနှင့်
သရက်သီးတင်ပို့ ရောင်းချသူများက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒီကသရက်က နိုင်ငံတကာဈေးကွက်ကိုတင်ပို့မယ်ဆိုရင် GAP(Good Agricultural Practices)
လက်မှတ်ရှိဖို့လိုတယ်။ သရက်သီးရဲ့အလေးချိန်မှာကလည်း နိုင်ငံတကာစံဖြစ်တဲ့ တစ်လုံးကို ဂရမ်
၃၅၀ လောက် ရှိရမယ်။ ရင့်မှည့်မှုရှိရမယ်။ ရင့်မှည့်မှုရှိတယ်ဆိုတာက ရေထဲစိမ်ရင်နစ်တာမျိုး၊
သရက်ရဲ့ ပခုံးသားမောက်တာမျိုး ရှိရမယ်။ ပြီးရင် ဆေးထိုးသရက်မဖြစ်ရဘူး။ ဒီလိုအပ်ချက်တွေ
အားလုံးနဲ့ပြည့်စုံမှ နိုင်ငံတကာဈေးကွက်က လက်ခံတယ်" ဟု မန္တလေး ဟင်းသီး ဟင်းရွက်နှင့်
သစ်သီးဝလံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းအတွင်းရေးမှူး ဦးကျော်စိုးနိုင် က
ပြောသည်။

ယခုလက်ရှိတွင် အာဆီယံ စံချိန် စံညွှန်းမီ GAP လက်မှတ်ကို ပြည်တွင်း၌ ထုတ်ပေးနိုင်ရန်ပြင်ဆင်
လျက်ရှိပြီး သရက်သီးတင်ပို့ရန် အဆင့်ဆင့်ပြုလုပ်မှုများကို ပုလိပ်မြို့ တွင် FAO နှင့် မြန်မာ့စိုက်ပျိုး
ရေးဦးစီးဌာနတို့ပူးပေါင်းကာ ယခုလ ၈ ရက်နေ့မှစတင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက
ပြောသည်။

"အခုလက်ရှိမှာ ပုလိပ်ကနေ တစ်ရက်ကို သရက်သီးတန်၂၀၀ လောက် ထွက်တယ်။ တန်၂၀၀ မှာ
တန်၂၀ လောက်ကိုပဲ ဆိုဒ်ခွဲ၊ ပိုးသတ်၊ ရေအေးစိမ်၊ အအေးခန်းထည့်စတဲ့ အဆင့်တွေကို အစအဆုံး
လုပ်ထားတာဖြစ်ပြီး ကျန်တဲ့ တန် ၁၀၀ ကျော်လောက် ကတော့ အကြီးအသေးခွဲပြီး တရုတ်ကို
ပို့နေရတာပါ" ဟု ဦးကျော်စိုးနိုင်က ပြောသည်။

ပုလိပ်မြို့၌ သရက်သီးတင်ပို့ရန် အဆင့်ဆင့်ပြုလုပ်မှုများကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း
တိုင်းဒေသကြီးတို့မှ သရက်စိုက်တောင်သူများနှင့် သရက်တင်ပို့သည့်ကုမ္ပဏီများ လာရောက်
လုပ်ဆောင်ကြခြင်းဖြစ်သည်။

သို့သော် ပုလိပ်မြို့တွင် လက်ရှိစတင်ဖွင့်လှစ်ထားသည့် သရက်သီးတင်ပို့ရန် အဆင့်ဆင့်ပြုလုပ်
သည့်နေရာတွင် သရက်ကို ရေနွေးစိမ်ကန်တွင် ပိုးသတ်ခြင်းနှင့် အအေးခန်းထဲတွင်ထည့်ခြင်းတို့ကို
ပြုလုပ်ရာတွင် လျှပ်စစ်မီးပုံမှန်မရရှိသဖြင့် ပုံမှန်လုပ်ဆောင်ရန် အခက်အခဲရှိကြောင်း ဦးကျော်စိုးနိုင်
က ပြောသည်။

"နိုင်ငံတကာကို တင်ပို့တော့မယ်ဆိုရင် GAP လက်မှတ်နဲ Good Manufacturing Practices
(GMP)လက်မှတ်တွေက အရေးကြီးလာပြီ။ သရက်ကို စိုက်ကတည်းက FAO က နည်းပေးထားတဲ့
သတ်မှတ်စံနှုန်းတွေအတိုင်းစိုက်ပေမယ့် လိုအပ်တဲ့ အသိအမှတ်ပြု လက်မှတ်တွေကို ကျတော့
ထုတ်ပေးမယ့်သူ မရှိဘူးဖြစ်နေတယ်။ GAP လက်မှတ်ဆိုရင် ပြည်တွင်းမှာ ထုတ်ပေးဖို့တောင်းဆို
ထားတာ လေးနှစ်ရှိပြီ" ဟု ရှမ်းပြည်နယ်တောင်ပိုင်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုး
ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

ကုန်ကြမ်းလုံလောက်စွာရှိနေသည့် ပြည်တွင်းတွင် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်၍ ဥရောပနှင့်
အမေရိကန်စသည့် အဆင့်မြင့် တန်းဝင်ဈေးကွက်များသို့ တင်ပို့ရန်မျှော်မှန်းထားကြောင်း ၎င်းက
ပြောသည်။

"ဒီက သရက်ကိုပဲ တရုတ်က ပြန်ထုပ်ပိုးပြီး ကိုရီးယားနဲ့ ဂျပန်ကို ပို့နေတာ။ ကျွန်တော်တို့ အမြဲ
မျှော်မှန်းနေခဲ့တဲ့ အဓိကဈေးကွက်က တရုတ်မဟုတ်ဘူး" ဟု ၎င်းက ပြောသည်။

နိုင်ငံတကာတွင် သရက်သီးကို ခူးဆွတ်ပြီးသည့် ၂၄ နာရီအတွင်း အအေးခန်းထဲ၌ သတ်မှတ်ထား
သည့်အပူချိန် ထိလျှော့ချကာ သိုလှောင်ထားပြီး လိုအပ်သည့် ပိုးမွှားသန့်စင်မှုများပြုလုပ်ကာ
ထုပ်ပိုးကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"ဒီမှာက မီးမမှန်တာတွေကြောင့် အအေးခန်းမတည်ဆောက်နိုင်ဘူး။ အဲ့ဒီတော့ အအေးခန်းထဲမှာ
ထည့်ထားရမယ့်အစား ဂိုဒေါင်မှာပဲ တစ်ညသိပ်ရတဲ့အတွက် ခူးပြီး ခုနစ်ရက်ကနေ ၁၀ ရက်အတွင်း
မှာပဲ အကုန်လုပ်ပြီး ပို့ရတယ်။ အအေးခန်းကားတွေလည်း မရှိတဲ့အတွက် ရိုးရိုးကုန်ကားတွေနဲ့ ပို့ရ
တယ်။

တကယ်ပို့တဲ့အခါကျတော့ သရက်သီးက အလုံး ၁၀၀ မှာ အများဆုံး အလုံး ရ၀ လောက်ပဲ
အကောင်းအတိုင်းကျန်တော့တယ်" ဟု ဦးစိုးသိန်းက ပြောသည်။

ယခုလက်ရှိတွင် ဇူလိုင်လ ၁၃ နှင့် ၁၄ ရက် တို့တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ
Fairchild Tropical Botanic Garden တွင် နှစ်စဉ်ကျင်းပလေ့ရှိ သော ၂၁ ကြိမ်မြောက် နိုင်ငံ
တကာ သရက်ပြပွဲတွင် မြန်မာ့သရက်များကို ပါ၀င်ပြသရန် ဖိတ်ကြားခံထားရသော်လည်း အရည်
အသွေးနှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်းမှုများပြုလုပ်ရန် လိုအပ်နေသေးကြောင်း အရည်အသွေးရှိ
သစ်သီးဝလံ ထုတ်လုပ်ရေး အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်စန္ဒာမျိုးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး