ဧပြီလ ၂၂ ရက်နေ့က ဥရောပသမဂ္ဂမှ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့လိုက်သော်လည်း
ငါးလုပ်ငန်းကဏ္ဍ၏ မွေးမြူရေးငါးနှင့် ပင်လယ်ငါးများတင်ပို့နိုင်ရန်မှာ အခက်အခဲများ ရှိနေပြီး
ငါးအအေးခန်းစက်ရုံများ အနေဖြင့်လည်း လိုအပ်ချက်များရှိနေကြောင်း ရေထွက်ကုန်ပစ္စည်း
လုပ်ငန်းရှင်များ က ပြောသည်။
လက်ရှိတွင် ငါးသယံဇာတများမှာလည်း လျော့နည်းလျက်ရှိရာ ပင်လယ်ပြင်မှ ဖမ်းဆီးရရှိမှုသည်
ယခင်နှစ်များ အောက် ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းနေပြီး မွေးမြူရေး ငါးမွေးမြူနိုင်မှုများမှာလည်း
ရ၀ ရာခိုင်နှုန်းခန့်ထိ လျော့ကျလာကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူ
များနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း၏ ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါက်တာတိုးနန္ဒာတင် က ပြော
သည်။
"အခုဆိုရင် ငါးရရှိမှုတွေက တော်တော်ကျသွားတယ်။ ပင်လယ်ပြင်မှာ ငါးဖမ်းဆီးမှုကျသလို
ငါးမွေးကန်တွေလည်း လျော့ကုန်တယ်။ အဲဒီတော့ ၀ယ်လိုအားနဲ့ ရောင်းနိုင်အားကမမျှ ဖြစ်နေတာ
ပေါ့။ အီးယူက စီးပွားရေးပိတ်ဆို့မှုတွေကို ဘယ်လောက်ပဲ ဖြေလျှော့ပေမယ့်လည်း ဒီဘက်က
ရေထွက် ကုန်ပစ္စည်း အလုံအလောက်မရရင် ဘယ်လိုလုပ် ပို့နိုင်မှာလဲ။ အခုဆိုရင် ငါးတွေက
ရှားလာပြီး ငါးဈေးတွေကလည်း တက်နေတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့ပြင် ဥရောပနိုင်ငံများသို့ တင်ပို့ ရောင်းချရန် ငါးအအေးခန်းစက်ရုံများမှာလည်း လိုအပ်ချက်များ
ရှိနေကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ
အသင်းမှ အသင်းဝင်တစ်ဦး ဖြစ်သူ ဦးမျိုးညွန့်က ပြောသည်။
"ရန်ကုန်မှာဆိုရင် ငါးအအေးခန်း စက်ရုံ ၈၀ ကျော်လောက် ရှိတယ်။ ဒါပေမဲ့ အီးယူနိုင်ငံတွေကို
တကယ်တင်ပို့နိုင်တဲ့ စက်ရုံက ၁၃ ရုံလောက်ပဲ ရှိတယ်။ ကုန်ကြမ်းရှိရင်တောင် ဟိုဘက်က တင်ပို့မှု
ကိုလက်ခံနိုင်မယ့် အထောက်အထား လက်မှတ်တွေ မရှိကြဘူး။ အနည်းဆုံးတော့ Good
Management Pratice (GMP) လက်မှတ်လေးတော့ ရှိသင့်တယ်။ ကျွန်တော်တို့ အသင်းအနေနဲ့
လည်း ဒီလိုအထောက်အထားလက်မှတ်တွေလိုချင်ရင် ကူညီပေးမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့ကို စက်ရုံတစ်ရုံပဲ ဆက်သွယ်လာတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် အဆိုပါ အထောက်အထား လက်မှတ်များမှာ ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချမှုတွင်
လိုအပ်ရုံသာမက ၂၀၁၅ တွင် ရရှိလာမည့် အခွင့်အလမ်းများဖြစ်သည့် ASEAN Free Trade Area
(AFTA) နှင့် ASEAN Economic Committee (AEC) များတွင်လည်း အမှန်တကယ် လိုအပ်လာ
မည်ဖြစ်သည့်အတွက် ယခုအချိန်မှစတင်ကာ ပြင်ဆင်ထားသင့်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ ကျဆင်းလျက်ရှိသည့် ငါးဖမ်းဆီးရရှိမှုနှုန်းများကြောင့် လက်ရှိ ပြည်တွင်းဈေးကွက်၌
လည်း ငါး၊ ပုစွန် များမှာ ဈေးမြင့်လျက်ရှိကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ
(၂) ဖြစ်သူ ဦးသန်းလွင်က ပြောသည်။
"မွေးမြူရေး ငါးတွေကလည်း ဆက်တိုက် ကျဆင်းနေပါတယ်။ ငါးကန်တွေ တော်တော်များများ
လည်း ရပ်လိုက်ရတယ်။ ငွေဈေး အပြောင်းအလဲတေ၊ွ အစာဈေး အပြောင်းအလဲတွေ ဖြစ်ကတည်း
က ငါးမွေးတောင်သူတွေ အရှုံးပေါ်ပြီး ရင်းနှီးစိုက်ငွေတွေလည်း မထည့် နိုင်ကြတော့ဘူး။ နောက်ပြီး
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှာလည်း ကြွေးတွေ တင်နေတော့ ဒီ ကြွေးတွေကလည်း
ဆပ်နေရတယ်။ ဒီတော့ ထုတ်လုပ်မှုတွေကျဆင်းလာပြီး အခုဆိုရင် ဈေးထဲမှာ ငါးမြစ်ချင်း
အသေးဆုံး အရွယ်အစားတောင် တစ်ပိဿာ ၂,၂၀၀ လောက် ဖြစ်နေပြီး ငါးကြင်းလုံးဆိုရင် ၅,၂၀၀
လောက်ဖြစ် နေတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယခင်က ငါးမွေးမြူရေးကန်ပေါင်း ၂၂၀,၀၀၀ ရှိပြီး ယခုအခါတွင်
ငါးကန်ပေါင်း ရ၀,၀၀၀ သာ ကျန်ရှိတော့ကြောင်း ဦးသန်းလွင်က ပြောသည်။
ပုစွန်မွေးမြူရေးတွင်လည်း ယခင်က ပုစွန်မွေးမြူရေး အလုပ်ရုံ ၁၉ ရုံ ရှိရာမှ ၁၇ ရုံမှာ ဆုံးရှုံးမှုများ
ကြောင့် ရပ်တန့်သွားခဲ့ကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးထွန်း က ပြော
သည်။
"ပုစွန် မွေးမြူရေးက ခက်တယ်။ ရောဂါတွေကလည်း ဆန်းပြားလာတယ်။ ပုစွန်လုပ်ငန်းတွေက
တော်တော်ကို ရပ်ကုန်ကြတယ်။ အသေအပျောက် တွေများပြီး တွက်ချေမကိုက် ဖြစ်လာတယ်"
ဟု ၎င်းက ပြောသည်။
















