မြန်မာ့ထွက်ကုန်ပစ္စည်းများ ဥရောပ ဈေးကွက်သို့ တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ကို ဇွန်လ
အတွင်းရရှိနိုင်မည်ဖြစ်ရာ ပို့ကုန်များအရည်အသွေး ပြည့်မီရေးအတွက် ကြိုတင် ပြင်ဆင်ထားသင့်
ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ်၌ မေလ ၂ ရက် နှင့် ၃ ရက် တို့တွင် ဥရောပသမဂ္ဂက စီစဉ်ကျင်းပသော
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်များအပေါ် ဥရောပသမဂ္ဂက ခွင့်ပြုသည့် အခွန်အထူး ခံစားခွင့်
Generalised Scheme of Preferences ဆွေးနွေးပွဲတွင်ပြောသည်။
အဆိုပါဆွေးနွေးပွဲကို ဥရောပသမဂ္ဂက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဥရောပနိုင်ငံသို့ အများဆုံးတင်ပို့
သော ရေလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများမှ ထွက်ကုန်ပစ္စည်းများ တင်ပို့ နိုင်ရန်
အတွက် ရည်ရွယ်ကာ ကျင်းပ ခြင်း ဖြစ်သည်။
"GSP ခံစားရဖို့ ဥရောပသမဂ္ဂဘက်ကရှုပ်ထွေးတဲ့ အပြောင်းအလဲတွေလုပ် ဆောင်နေတဲ့အတွက်
အချိန်လိုအပ်ပါတယ်" ဟု International Management Group ၏ ကျွမ်းကျင်ပညာရှင်
Stephan Moser က ပြောသည်။
၎င်းက မြန်မာ့နိုင်ငံရေးအပြောင်းအလဲများကြောင့် အဆိုပါ ခံစားခွင့်သည် မကြာမီရောက်ရှိလာမည်
ဖြစ်ကြောင်းလည်း ပြောသည်။
"GSP ပြန်ရမယ်ဆိုရင် မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့အတွက် ဥရောပရင်းနှီးမြှုပ်နှံသူတွေကို
ပိုပြီးဆွဲဆောင်လာနိုင်မှာပါ"ဟု ၎င်းက ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်
အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့
ပေးလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု အလားအလာ ကောင်းလာသော်လည်း ကုန်သွယ်မှု အတား
အဆီးများ ဖြေလျှော့ ပေးသင့်ကြောင်း ပြောသည်။
ကုန်သွယ်မှု မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များတွင် ဥရောပသမဂ္ဂက အခွန်အထူးခံစားခွင့်ပြုရာ၌
ဆင်းရဲသောနိုင်ငံများနှင့် ပုံမှန်ဖွံ့ဖြိုးဆဲနိုင်ငံများကို ခံစားခွင့်ပေးထားသော်လည်း မြန်မာနိုင်ငံအနေ
ဖြင့် ၎င်း၏ပို့ကုန်များအပေါ် အခွန်အထူးခံစားခွင့်ကို ပြီးခဲ့သည့် ၁၆ နှစ်ကျော်ကြာ မခံစားရဘဲရှိခဲ့ရာ
မှ ယခုအခါ ဥရောပသမဂ္ဂ အပါအဝင် နိုင်င့ံခေါင်းဆောင်များက မြန်မာ နိုင်ငံအနေဖြင့် ထိုအခွင့်
အရေးရရှိလာတော့မည်ဟု ပြောဆိုမှုများရှိလာကြောင်း ၎င်းက ပြောသည်။
ဥရောပနိုင်ငံများက ယခင်သတ်မှတ်ထားသောစည်းမျဉ်းမှာ မိမိနိုင်ငံမှ ကုန်ကြမ်းကိုသာအသုံးပြုခွင့်
ရသော်လည်း လွန်ခဲ့သော တစ်နှစ်ကျော်လောက်မှ စ၍ မည်သည့်နိုင်ငံမှကုန်ကြမ်းကိုမဆိုအသုံးပြု
ရန် တင်ဖို့ခွင့်ရခဲ့ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
"ကမ္ဘောဒီးယားနိုင်ငံမှာ ဒီစနစ် ပြောင်းလဲလိုက်တဲ့အတွက် ဥရောပ ပို့ကုန် ၆၆ ရာခိုင်နှုန်းလောက်
တက်သွားတယ်လို့ပြောပါတယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ ဒါကို အတုယူသင့်ပါတယ်" ဟု ၎င်းက
ပြောသည်။
အစိုးရ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ သိသာသော်
လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများအမီလိုက်နိုင်ရန်အချိန်ယူ ကြိုးစားရဦးမည်ဖြစ်ကြောင်း
ကုန်သည်စက်မှု အသင်းချုပ် ဥက္ကှဋ္ဌ ဦးဝင်းအောင်က ပြောသည်။
"ကျွန်တော်တို့ အရှိန်အဟုန်နဲ့ ပြောင်းလဲမှုတွေ ရလာအောင် ကြိုးစားခဲ့ပြီး တန်ဖိုးမြင့်ဈေးကွက်ဖြစ်
တဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ခွင့်ရမယ်ဆိုရင် ထုတ်လုပ်တဲ့တောင်သူတွေ အတွက် အများကြီး
အကျိုးရှိမှာပါ"ဟု ၎င်းက ပြောသည်။
ယင်းအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြင်ဆင်နိုင်ရန် ဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများ
ပြုလုပ်မည် ဖြစ်သည်။
"မြန်မာ့ပို့ကုန်တွေ ဥရောပဈေးကွက်ကို ထိုးဖောက်ဖို့ဆိုတာ လုပ်ငန်းရှင် တစ်ဦးချင်းစီနဲ့လည်း
ဆိုင်နေပါတယ်။ GSP က ဇွန်လလောက်မှာ ရ နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဥရောပ သမဂ္ဂ
ဘက်ကလည်း အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေကြားရမယ်လို့ မျှော်လင့်ပါတယ်။ GSP
ရတော့ မယ်ဆိုရင် နိုင်ငံတကာဈေးကွက်မှာ ပိုပြီးယှဉ်ပြိုင်အားကောင်းလာမှာပါ"ဟု ၎င်းကပြော
သည်။
















