နည်းပညာ အားနည်းလျက်ရှိသော မြန်မာနိုင်ငံ ကျောက်မျက်ဈေးကွက်သို့ နည်းပညာနှင့်
စက်ကိရိယာကဏ္ဍများတွင် ဈေးကွက်ဝင်ရောက်ထိုးဖောက် နိုင်ရန် စိတ်ဝင်စားမှုရှိကြောင်း မေလ
၉ ရက်နေ့က မြန်မာကွန်ဗင်းရှင်းစင်တာတွင်ပြုလုပ်သော 1st Myanmar International Gems
and Jewellery Expo ပြပွဲတွင် လာရောက် ပြသသော လုပ်ငန်းရှင်များက မြန်မာတိုင်း(မ်) ကို
ပြောသည်။
ထိုင်းနိုင်ငံ Bermark ကုမ္ပဏီမှ စီမံခန့်ခွဲမှုဒါရိုက်တာ Mr. Charles Berman က "ဘန်ကောက်မှာ
ပြတဲ့ ကျောက်မျက်ပြပွဲတွေမှာ မြန်မာ့ကျောက်မျက်တွေကို တွေ့ဖူးပြီး စိတ်ဝင်စားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ကျောက်မျက်လုပ်ငန်းတွေကလည်း အခုဆိုရင် စပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစပေါ်နေ
ပါပြီ။ အဲဒီလိုအချိန်မှာ မြန်မာနိုင်ငံမှာကျောက်မျက်ပြပွဲ လုပ်လိုက်တာကလည်း အချိန်ကိုက်လိုဖြစ်
ပြီး ပြည်ပလုပ်ငန်းရှင်တွေအတွက် အခွင့်အရေးတွေ ရလာနိုင်ပါတယ်" ဟု ပြောသည်။
Bermark ကုမ္ပဏီသည် ပုံစံခွက် (Mould) ဒီဇိုင်းထုတ်လုပ်ခြင်း၊ ကွန်ပျူတာအသုံးပြုကာ ဒီဇိုင်း
ထုတ်လုပ်ခြင်းများကို လုပ်ကိုင်လျက်ရှိပြီး လက်မှုပညာပိုင်းကိုသာ အားထားလုပ်ကိုင်လျက်ရှိသော
မြန်မာ့ကျောက်မျက်လုပ်ငန်းရှင်များကသို့ အဆိုပါလုပ်ငန်းများဖြင့် ဈေးကွက်ဝင်ရောက် ထိုးဖောက်
လိုကြောင်း ၎င်းက ပြောသည်။
"မြန်မာနိုင်ငံမှာ ခုလက်ရှိ သုံးနေတဲ့ နည်းပညာက အရမ်းနိမ့်နေတယ်။ ဒါကြောင့် ပြည်တွင်း
ကျောက်မျက်လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိလုပ်နေတဲ့ ပစ္စည်းတွေကို အခုထက်ပို ကောင်းအောင်
လုပ်ဖို့ နည်းပညာတွေ လိုအပ်နေတယ်" ဟု Mr. Berman က ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် Legor Group ကျောက်မျက်နည်းပညာကုမ္ပဏီမှ အီတလီ လူမျိုး
Mr. Roberto Falisi က မြန်မာ နိုင်ငံ၏ ကျောက်မျက်ရတနာဈေးကွက်တွင် နိုင်ငံတကာသုံး
နည်းပညာနှင့် စက်ကိရိယာပစ္စည်းများကို အသုံးပြုပါက ကျောက်မျက်အရည်အသွေးကို ပိုမိုမြှင့်
တင်နိုင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း ပြောသည်။
"မြန်မာနိုင်ငံရဲ့ ကျောက်မျက်ဈေးကွက်က အလားအလာ ကောင်းပြီး ဈေးကွက်အနေအထားက
လည်း ကျယ်ပြန့်လာပြီး ဖွံ့ဖြိုးမှုကလည်း မြန်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ လုပ်ငန်းရှင်တွေအနေနဲ့
အဓိကအခက်အခဲကတော့ ဘာသာစကားပါပဲ။ ပထမဆုံး ဒီကဈေးကွက်ကို လေ့လာပြီး ဒီက
ဖြန့်ဖြူးရောင်းချသူတွေနဲ့လည်း အချိတ်အဆက်လုပ်ချင်တယ်" ဟု ၎င်းက ပြောသည်။
Legor Group သည် သတ္တုရောစပ်သည့်လုပ်ငန်းကို ယခုပြပွဲတွင် လာရောက်ပြသခြင်း ဖြစ်သည်။
"လက်ရှိဈေးကွက်ကတော့ ကောင်းပါတယ်။ နိုင်ငံခြားသားတွေကလည်း စိတ်ဝင်စားကြတယ်။
လောလောဆယ်မှာ ကျောက်ကောင်းကောင်း မထွက်တော့ ကျောက်မျက်ဈေးကလည်း ဈေးမြင့်တဲ့
အချိန် ဖြစ်နေပါတယ်" ဟု စိန်ပင်လယ် စိန်၊ ရွှေရတနာဆိုင်မှာ မလဲ့လဲ့ဂျွန်ထွန်းက ပြောသည်။
လက်ရှိဈေးကွက်အတွင်း မြန်မာနိုင်ငံမှ ကျောက်မျက်အရိုင်းတုံးများကို ပြည်ပနိုင်ငံများကဝယ်ယူ
ကာ အဆင့်မြင့်နည်းပညာများဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်လျက်ရှိသည်ကို မြင်တွေ့နေရ ခြင်းကြောင့်
ပြည်တွင်း၌ပင်တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ပါက ပိုမိုအကျိုးရှိ နိုင်လာကြောင်း ၎င်းက ပြောသည်။
အဆိုပါကျောက်မျက်ပွဲကို မေလ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်
မှ ပညာရှင်များက နည်းပညာပိုင်းနှင့်ပတ်သက်သည့်အချက်များကို လာရောက်ပြသခဲ့သည်။

















