ယခုနှစ် ဆားထုတ်လုပ်မှုများပြီး ဈေးနှုန်းများကျဆင်း

ယခုနှစ် ဆားထုတ်လုပ်မှုများပြီး ဈေးနှုန်းများကျဆင်း

ယခုနှစ် ပြည်တွင်း ဆားထုတ်လုပ်မှုနှုန်းမှာ မနှစ်ကထက်ပိုများသော်လည်း ပြည်တွင်းဆားသုံးစွဲမှု
လျော့နည်းလာခြင်းကြောင့် ဆားဈေးနှုန်းမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုကျဆင်းလာကြောင်း
ဆားလုပ်ငန်းလုပ်ကိုင်သူများနှင့် ဆားတောင်သူများက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒီနှစ်ဆားကြံုးတဲ့အချိန်မှာ သင်္ကြန် လက်ဆေးမိုးဝင်တာတွေ၊ ကြားမိုးရွာတာတွေမရှိဘဲ ရာသီဥတု
ကကောင်းတဲ့အတွက် ဆားအထွက်ကောင်းတယ်။ မနှစ်က ရ၀ ရာခိုင်နှုန်း ထွက်တယ်ဆိုရင် ဒီနှစ်
က ၁၀၀ ရာခိုင်နှုန်းထွက်တယ် လို့ ပြောလို့ရတယ်"ဟု လပွတ္တာမြို့နယ်မှ ဆားတောင်သူ
ဦးဝင်းနိုင်ဦးက ပြောသည်။

ဆားကွင်းများကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စဖော်ကြပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ဆား
များကို စကြံုးလေ့ရှိရာ ပုံမှန် မိုးဝင်သည့်ရာသီများတွင် မေလဆန်းအထိသာ ကြံုးကြ သော်လည်း
ယခုနှစ်တွင် မိုးအဝင် နောက်ကျသည့်အတွက် မေလလလယ် လောက်အထိ ဆားကြံုးကြရပြီး
ရာသီဥတု အဖျက်မဝင်သည့်အတွက် ဆားအထွက်နှုန်း ကောင်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ကိုစိုင်းလုံပေါင်းက ပြောသည်။

"ဆားအထွက်နှုန်း ကောင်းပေမယ့် အရင်းအနှီးမတတ်နိုင်တဲ့အပြင် ဆားဈေးကပါ မကောင်းတော့
ဆားကွင်းလုပ်နိုင်တဲ့ ဆားဖိုသူကြီးတွေက နည်းသွားတဲ့အတွက် ဒီနှစ်က မနှစ်ကထက်စာရင်
ခန့်မှန်းခြေအရ ဆားအထွက် နှုန်း ၂၀ ရာခိုင်နှုန်းလောက်ပဲ တက်တယ်" ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် ပြည်တွင်းဆားကြမ်း လက်ကားဈေးတစ်ပိသာလျှင် ၁၈ ကျပ်မှ ၂၃ ကျပ်ဝန်းကျင်
တွင်ရှိပြီး ဆားချောဈေးမှာ တစ်ပိဿာ ၈၀ ကျပ် မှ ၉၀ ၀န်းကျင်တွင် ရှိသည်။

"ဆားဈေးက မကောင်းတဲ့အပြင် ဆားသုံးစွဲတဲ့ လုပ်ငန်းတွေမှာလည်း ဆားသုံးစွဲမှုတွေ လျော့သွား
တော့ ဆားလုပ်ငန်းက တော်တော်ကို လုပ်လို့ မကောင်းတဲ့ လုပ်ငန်းဖြစ်နေတယ်" ဟု
ကိုစိုင်းလုံပေါင်းက ပြောသည်။

ပြည်တွင်း ဆားကြမ်းသုံးလုပ်ငန်းများဖြစ်သည့် ငါးလုပ်ငန်းတွင် ဆားအစား ရေခဲသုံးစွဲမှု များပြားလာ
ပြီး ဆားကြမ်းအဓိကသုံးသည့် အသီးအခြောက်ခံသည့် လုပ်ငန်းများမှာလည်း လွန်ခဲ့သည့်နှစ်နှစ်ခန့်
မှစ၍ နည်းပါးသွားသည့်အတွက် စက်မှုသုံး လျော့နည်းနေသည့်အပြင် မီးဖိုချောင်သုံး ဈေးကွက်
တွင်လည်း ထိုင်းနိုင်ငံထုတ် ဆားများ၏ အရည်အသွေးကို မယှဉ်နိုင်ခြင်းကြောင့် ပြည်တွင်းဆား
ဈေးကွက် ပျောက်နေကြောင်း ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ဆားက အထွက်ကောင်းပေမယ့် သုံးစွဲတဲ့နေရာကနည်းနေပြီး ၀ယ်လက်ကလည်း နည်းနေတယ်။
ဆားတောင်သူအချို့ကတော့ ဈေးနှိမ်ပြီး အဝယ်ခံရတဲ့အတွက် အပြင်မှာပုံထားရတဲ့ ဆားတွေ
လောက်ပဲ ရောင်းပြီး ကျန်တာကိုမရောင်းဘဲ သိမ်းထားကြတယ်" ဟု ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ်က ဆားကြမ်းတစ်ပိဿာ ၂၅ ကျပ်မှ ၃၀ ခန့်ရှိပြီး ၂၀၁၂ ခုနှစ်တွင်လည်း ထိုဈေးနှုန်းသာ
ရှိခဲ့ပြီး ယခုလက်ရှိ ဆားဈေးကွက်တွင် ပြည်တွင်းဆားကြမ်းအတွက် ကုန်ကျစရိတ်မှာ တစ်ပိဿာ
၂၅ ကျပ်မှ ၃၀ အတွင်း ရှိသော်လည်း ဈေးကွက်ပေါက် ဈေးမှာ လက်ကားဈေး တစ်ပိဿာ ၁၈ ကျပ်
သာရှိသဖြင့် ထုတ်လုပ်မှုစရိတ်ပင် မကာမိကြောင်း ဆားတောင်သူ ဦးဝင်းနိုင်ဦးက ပြောသည်။

"ဒီနှစ်မှာ မနှစ်ကနဲ့စာရင် ၅၀ ရာခိုင် နှုန်းလောက်ပဲ ဆားကွင်းပြန်ဖော်နိုင် တော့တယ်။ လပွတ္တာ
မြို့နယ်မှာဆိုရင် လွန်ခဲ့တဲ့သုံးနှစ်က ဆားကွင်းဧကပေါင်း သုံးသောင်းကျော် ရှိတယ်ဆိုရင် အခု ဧက
တစ်သောင်းကျော်လောက်ပဲ လုပ်နိုင်တော့တယ်" ဟု ဦးဝင်းနိုင်ဦး က ပြောသည်။

ပြည်တွင်းဆားကြမ်းကို ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးထုတ်လုပ်ပြီး ရခိုင်ပြည်နယ်နှင့်
မွန်ပြည်နယ် တို့တွင်လည်း အဓိကထုတ်လုပ်ကာ ပြည်တွင်းဆားချောများ၏ ၆၀ ရာခိုင်နှုန်းခန့်ကို
ရန်ကုန်တိုင်းဒေသကြီးတွင် ထုတ်လုပ်ခြင်းဖြစ်သည်။

"ဆားထုတ်လုပ်မှုက ပြည်တွင်း စားသုံးမှုလုံလောက်တဲ့အပြင် နှစ်စဉ် ပြည်တွင်းဆားထုတ်လုပ်မှုရဲ့
ပိသာချိန် သိန်း ၃၀၀ ကနေ သိန်း ၅၀၀ လောက်ထိ က အမြဲပိုတယ်" ဟု မြန်မာနိုင်ငံ ဆားလုပ်ငန်း
ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး