ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က နယ်သာလန်နိုင်ငံ အခြေစိုက် Heineken ဘီယာ ကုမ္ပဏီသည်
ပြည်တွင်းရှိ Alliance Brewery Company Ltd(ABC) နှင့် အကျိုးတူပူးပေါင်းကာ Heineken
ဘီယာကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ဖြန့်ချိရန် သဘောတူခဲ့ခြင်းကြောင့် မြန်မာ့ အဖျော်ယမကာ
ဈေးကွက်တွင်ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းသည် ယမကာ တရားမဝင် ကုန်သွယ်မှု
များကို လျော့နည်းစေနိုင်သော်လည်း ပြည်တွင်း လုပ်ငန်းရှင်များအတွက် ဈေးကွက်အတွင်း
ယှဉ်ပြိုင်မှု ပိုမိုများလာပြီး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အဖျော်ယမကာပိုင်းဆိုင်ရာ
စီးပွားရေးကျွမ်းကျင်သူများက မြန်မာတိုင်း(မ်)ကို ပြောသည်။
Heineken ဘီယာ မြန်မာနိုင်ငံတွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်ကို မြန်မာနိုင်ငံရင်းနှီး
မြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ရာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်မည်
ဖြစ်ကြောင်း Heineken ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး
အဆိုပါ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် Heineken က ၅၇ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း
အဆိုပါသတင်းတွင် ဖော်ပြသည်။
"အခုလိုမျိုး အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဈေးကွက်ထဲကို ၀င်ရောက် နိုင်တာဟာ ကျွန်တော်တို့
အတွက် အလွန်ကောင်းတဲ့အခွင့်အရေးတစ်ရပ်ပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်
ပြောင်းလဲမှုတွေကို ကောင်းသောတိုးတက်မှုတွေ ဖြစ်စေဖို့ အသိအမှတ်ပြုခြင်းလည်း ဖြစ်ပါတယ်"
ဟု Heineken ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Jean Francois van Boxmeer က ပြောသည်။
အဆိုပါ ကုမ္ပဏီသည် ရန်ကုန်မြို့ အနီးတွင် စက်ရုံ တည်ဆောက်ရန် စီစဉ်ထားပြီး အမေရိကန်
ဒေါ်လာသန်း ၆၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
အဖျော်ယမကာပိုင်းဆိုင်ရာ စီးပွားရေးကျွမ်းကျင်သူ ဦးမြင့်ဇော်က "အခုလို ပြည်တွင်းမှာပဲ
ထုတ်လုပ်ခွင့်ပြုလိုက်တာက ဈေးကွက်ထဲ တရားမဝင် ၀င်ရောက်နေတာတွေကို လျော့သွားစေနိုင်
တာပေါ့။ ဒါပေမဲ့ ပြည်တွင်းဖြစ် ဘီယာဈေးကွက်ကိုတော့ အနည်းနဲ့အများ ထိခိုက်သွားနိုင်တယ်။
သူတို့ဝင်လာရင် သူတို့လုပ်တဲ့အရောင်း မြှင့်တင်ရေးတွေ၊ စည်းရုံးရေး အစီအစဉ်တွေကို မီအောင်
လိုက်လုပ် နိုင်ဖို့တော့ ခက်တယ်" ဟု ပြောသည်။
လက်ရှိ ပြည်တွင်း ဈေးကွက် အတွင်းဝင်ရောက်ပြီးဖြစ်သည့် Coca Cola နှင့် Pepsi အချိုရည်တို့
ကြောင့် ယခင်ဈေးကွက်အတွင်း နာမည်ရ အချိုရည်များမှာ သိသာစွာ ရောင်းအားကျသွားကြောင်း
၎င်းက ပြောသည်။
"ပြည်တွင်းစားသုံးသူတွေက အသစ်ဝင်လာတယ်ဆိုရင် စမ်းကြည့်ချင်ကြတော့ စားသုံးသူတွေက
နိုင်ငံတကာ ထုတ်ကုန်တံဆိပ်ကိုပဲ အရင်ဆုံး သာယာသွားမှာလေ။ ခုဆို တော်တော်များများက
ပြည်ပအချိုရည်တွေကို ပိုကြိုက်ကြတယ်" ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီး ဈေးကွက် ပြိုင်ဆိုင်မှုများလာပါက ပြည်တွင်း
ယမကာ လုပ်ငန်းငယ်များ ပျောက်သွားနိုင် ခြေရှိကြောင်း နာမည်ရ ပြည်တွင်းယမကာလုပ်ငန်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ဈေးကွက်ပြိုင်ဆိုင်မှုရှိလာပြီဆိုရင်တော့ အခက်အခဲတွေရှိလာပြီ။ အခုက ကြော်ငြာလုပ်ခွင့်မရှိပေမဲ့
ဆိုင်တွေမှာက အရောင်းမြှင့်တင်ရေးတွေ လုပ်လို့ရတာပဲ။ သူတို့မှာက စားသုံးသူကို အခွင့်အရေး
တွေပိုပေးနိုင်တယ်လေ။ ငွေရေး၊ ကြေးရေးအရလည်း ပြည်တွင်း လုပ်ငန်းရှင်တွေထက် ပိုတတ်နိုင်
တယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရန်ကုန်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြင့်က
Heineken ဘီယာ မြန်မာဈေးကွက်သို့ ပြန်လည် ၀င်ရောက်လာခြင်းနှင့် ပတ်သက်၍ "အဖျော်
ယမကာလုပ်ငန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောင်ရွက်ခွင့်ရတဲ့အမျိုးအစား ဖြစ်နေတယ်။
မြန်မာနိုင်ငံမှာလည်း ရင်းနှီးမြှုပ်နှံမှု တွေက လိုအပ်နေတယ်။ ဥပဒေအရလည်း ပေးခွင့်ရှိပြီး
နိုင်ငံတော်အတွက်လည်း အကျိုးရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုပြီးရလာ
နိုင်တာပေါ့" ဟု ပြောသည်။
















