ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ အောက်ရှိ ပါရမီ တက္ကစီယာဉ်မောင်းများအနေဖြင့် ၎င်းတို့
လက်ရှိ မောင်းနှင်နေသောကားများကို ကုမ္ပဏီ၏ အစဉ်အလာအတိုင်း ရောင်းချပေးရန်တင်ပြခဲ့
သော ယာဉ်မောင်း ခုနစ်ဦးမှာ ယာဉ်မောင်းနှင်ခွင့် ရုပ်သိမ်းခြင်းခံခဲ့ရပြီး ထိုကဲ့သို့ ရောင်းချပေးရန်
အာမခံထားခြင်း မရှိကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမြင့်
က ပြောသည်။
"ကျွန်တော်တို့အနေနဲ့ ယာဉ်မောင်းတွေကို ကားရောင်းပေးမယ်လို့ သေချာပေါက် အာမခံထားတာ
မရှိပါဘူး။ စာချုပ်ထဲမှာလည်း မပါဘူး။ ရောင်းပေးတာကလည်း သူတို့အကျိုးအတွက်ပါပဲ"ဟု
ဦးမျိုးမြင့်က ပြောသည်။
ပါရမီတက္ကစီလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသော ဗန္ဓုလသယ်ယူပို့ ဆောင်ရေးကုမ္ပဏီသည်
ယာဉ်မောင်းများအပိုင်အဖြစ် အငှားယဉ်များရောင်းချပေးခြင်းကို ပထမဆုံး ပြုလုပ်ပေးသော ကုမ္ပဏီ
ဖြစ်သည်။
အက္ခရာစီးရီးအလိုက် အငှားယာဉ်များဖြစ်သော ရခ/၊ ၉ခ/၊ ၁ဂ ဖြင့် စတင်သည့် ယာဉ်အစီးရေ ၂၀၀
ခန့်ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်၍ သုံးသုတ်ခွဲကာ ရောင်းချပေးခဲ့သော်လည်း လက်ရှိတွင် ထပ်မံ
ရောင်းချပေးမှုကို ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း ဦးမျိုးမြင့်က ပြောသည်။
"နောက်ထပ် မရောင်းပေးသေးဘူးဆိုတာက အရင်က ကားတင်သွင်းရတာလွယ်ကူတယ်။ တစ်ပတ်
ရစ်ကား တင်သွင်းခွင့်ရှိတယ်။ အခုက ဘယ်မောင်းကားအသစ်တွေပဲသွင်းရမယ်။ ဒါ့အပြင် ကား
တွေရောက်လာရင်လည်း စီအင်န်ဂျီမပေးနိုင်ဘူး။ နောက်ပိုင်းထပ်သွင်းလာတဲ့ ကားအစီး ၁၀၀
လောက်ကိုတောင် Octane နဲ့ပဲမောင်းနေရတာ။ စီအင်ဂျီ အသုံးပြုတဲ့ကားတွေကို မလျော့ချင်သေး
ဘူး။ ဒါကြောင့် နောက်ထပ် မရောင်းပေးသေးတာ" ဟု ဦးမျိုးမြင့်က ပြောသည်။
ဦးမျိုးမြင့်က ကုမ္ပဏီမှကားများ ရောင်းချပေးသည့်ဈေးမှာ ပြင်ပပေါက်ဈေးအောက်လျှော့ကာ ရောင်း
ချပေး ခြင်းဖြစ်ကြောင်းပြောသည်။ ပါရမီတက္ကစီယာဉ်မောင်းအများစုမှာ စစ်မှုထမ်းဟောင်းများဖြစ်
ကြပြီး ထိုဈေးဖြင့် ရောင်းချခြင်းကြောင့် အခြားသူများထံ ပြန်လည်ရောင်းချပါက အကျိုးအမြတ် ပိုမို
ရရှိသောကြောင့် ကုမ္ပဏီမှရောင်းချပေးရန် ပိုမိုလိုလားနေခြင်းဖြစ်ကြောင်းလည်း ယာဉ်မောင်းများက
ပြောသည်။
ထိုသို့ ရောင်းချပေးရန်အတွက် ယာဉ်မောင်း ၅၇ ဦးက ၎င်းတို့၏ဆန္ဒကို ဦးပိုင်ရုံးချုပ်မှ ဗိုလ်မှူးကြီး
သန်းထွန်းထံ တင်ပြခဲ့ကြသည်။
သို့သော် ထိုသို့တင်ပြခြင်းသည် ကုမ္ပဏီမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်မညီဟု
ဆိုကာ အဆိုပါ ၅၇ ဦးထဲမှ ဦးဆောင်သူဟုထင်ရသူ ယာဉ်မောင်းခုနစ်ဦးကို ကားပြန်သိမ်းကာ
မောင်းနှင်ခွင့် ရုပ်သိမ်းခဲ့သည်ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး အောက်ရှိ ပါရမီတက္ကစီဌာနမှ
တာဝန်ရှိသူတစ်ဦး က ပြောသည်။
"ကျွန်တော်တို့ကို တစ်ခုခု ဖန်တီးနေတဲ့ ခေါင်းဆောင်တွေလို့ယူဆသွားတယ်။ မဖြစ်မနေရောင်းပေး
ရမယ်လို့ မဆိုလိုသလို ဆန္ဒပြမယ်လို့လည်း မပြောပါဘူး။ မေလ ၃ ရက်နေ့က ကားအပ်ခိုင်းတယ်။
အမှန်က ကားအပ်ခိုင်းမယ်ဆိုရင် တစ်လကြိုပြောရမယ်။ ဒီတော့ မအပ်သေးဘဲ ဆက်မောင်းနေပြီး
၁၀ ရက်နေ့ ကားသွားထုတ်တော့ သော့ကိုသိမ်းထားပြီး ကားလည်းအပ်တော့လို့ပြောတယ်။
စပေါ်တင်ထားတဲ့ ခုနစ်သိန်းတော့ ပြန်ပေးတယ်" ဟု ကားပြန်အပ်ခဲ့သူ ပါရမီတက္ကစီယာဉ်မောင်း
ဦးနိုင်ဦးက ပြောသည်။
"ကျွန်တော်တို့ဆီမှာ တက္ကစီယာဉ်မောင်းတွေနဲ့ပတ်သက်ပြီး တစ်လတစ်ကြိမ် အစည်းအဝေးမှာ
တောင်းဆိုချင်တာ တောင်းဆိုလို့ရတယ်။ ကားတွေကို ရောင်းချ မပေးနိုင်သေးကြောင်းကို
ပြောထားပြီးသားပါ။ အခု စီအင်န်ဂျီက တန်ဖိုးရှိနေတဲ့အပြင် ကျွန်တော်တို့ ဌာနရဲ့ အခက်အခဲလေး
တွေကြောင့် မရောင်းပေးသေးတာပါ"ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး
က ပြောသည်။
"ပါရမီတက္ကစီကို မောင်းရင် တစ်ချိန်မှာ ကားပိုင်ဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် စည်းကမ်း
ချက်တွေများပေမယ့် သည်းခံခဲ့တယ်။ ကားမရောင်းပေးတော့ဘူးဆိုရင် ဘာမျှော်လင့်ချက်မှ မရှိ
တော့ဘူး။ တစ်လတစ်ခါ အစည်းအဝေးမှာ ကျွန်တော်တို့ဖြစ်ချင်တာတင်ပြလည်း ဘာမှမထူးခြား
တဲ့အတွက် အထက်ကို စာတင်တာ။ အခုလည်း ရေရေရာရာ ပြန်လည်ချေပခွင့်မပေးဘဲ ကားသိမ်း
လိုက်တယ်"ဟု ယာဉ်မောင်း ကိုထွန်းထွန်းဇော် က ပြောသည်။

















