ဒေါ်လာဈေး ပိုတက်လာပြီး ပြင်ပဈေးကွက်၌ အရောင်း အဝယ်လုပ်မှု ပိုမိုများပြားလာ

ဒေါ်လာဈေး ပိုတက်လာပြီး ပြင်ပဈေးကွက်၌ အရောင်း အဝယ်လုပ်မှု ပိုမိုများပြားလာ

ရန်ကုန်မြို့ရှိ တရားဝင်ဖွင့်လှစ်ခွင့် ရရှိထားသော ငွေလဲကောင်တာအချို့တွင် မေလ ၁၆ ရက်နေ့မှ
စတင်၍ အမေရိကန် ဒေါ်လာ အရောင်းများ ရပ်တန့်ထားပြီး ပြန်လည်ဝယ်ယူရာတွင်လည်း ဈေးနှိမ့်
၀ယ်ယူလျက်ရှိသောကြောင့် ဒေါ်လာဝယ်ယူလိုသူများအနေဖြင့် လိုသလောက်ဝယ်ယူနိုင်ပြီး
၀ယ်ဈေးနှင့် ရောင်းဈေး ကွာဟချက်နည်းသော ပြင်ပငွေရောင်းဝယ်ရေးဈေးကွက်ကိုသာ အားထား
လာခြင်းကြောင့် အဆိုပါဈေးကွက်တွင် အရောင်းအဝယ်ပိုဖြစ်နေကြောင်း နိုင်ငံခြားငွေကိုင်ဆောင်သူ
များက ပြောသည်။

"တရားဝင် ငွေလဲကောင်တာတွေမှာ ဒေါ်လာဈေးက ၀ယ်ဈေးနဲ့ ရောင်းဈေး ကွာဟချက် အရမ်း
သိသာတယ်။ မေလ ၂၀ ရက်နေ့က တစ်ဒေါ်လာကို ၉၂၆ ကျပ်နဲ့ဝယ်ပြီး ၉၃၈ ကျပ်နဲ့ ပြန်ရောင်း
ပေးတယ်။ ပြီးတော့ တရားဝင်ကောင်တာတွေမှာ ဒေါ်လာကို လိုသလောက်မရဘူး။ ကားတင်သွင်း
တဲ့ ပါမစ် ရှိမှ၊ ဒေါ်လာငွေ ကိုင်ဆောင်ခွင့် အထောက်အထားတွေ ပြမှ ရောင်းပေးတာမျိုးဆိုတော့
အရမ်းအလုပ်များတယ်။ အပြင်ဈေးကွက်မှာ တစ်ဒေါ်လာကို ၉၄၀ နဲ့ဝယ်ပြီး ၉၄၂ ကျပ်နဲ့ ပြန်ရောင်း
ပေးတယ်။ ၀ယ်ဈေးနဲ့ ရောင်းဈေးက နှစ်ကျပ်လောက်ပဲ ကွာတယ်။ ပြီးတော့ ကိုယ်က ၀န်ထမ်းတွေ
ကို မြန်မာငွေနဲ့ရော၊ ဒေါ်လာနဲ့ပါ လစာရှင်းပေးနေရတာဆိုတော့ ကိုယ်လဲပေးတဲ့နှုန်းက ကျနေလို့
မဖြစ်ဘူးလေ။ အရမ်းသတိထားရတယ်"ဟု နိုင်ငံခြားကုမ္ပဏီ၏ စာရင်းကိုင် မန်နေဂျာတစ်ဦးက
ပြောသည်။

ဈေးကွက်အတွင်း ဧပြီလကုန်မှစတင်ကာ ဒေါ်လာဈေးနှုန်းမြင့်လာခဲ့ပြီး မေလ ပထမပတ်နှင့် ဒုတိယ
ပတ်အတွင်း မြန်မာငွေတန်ဖိုးမှာ သိသာစွာ ကျဆင်းလာခဲ့သည်။

မေလ ၁၇ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၉၅၀ အထိ ဈေးပေါက်ခဲ့သည်။

ထိုသို့ ဒေါ်လာတန်ဖိုးမြင့်တက်လာမှုကို ဗဟိုဘဏ်မှ ထိန်းချုပ်မှုများ ပြုလုပ်နေကြောင်းလည်း ဗဟို
ဘဏ်မှ တာဝန်ရှိသူက ပြောသည်။

"ဗဟိုဘဏ်ကလည်း စောင့်ကြည့်နေပါတယ်။ ဈေးကွက်ကို ထိန်းညှိပေးသွားမှာပါ။ ဒေါ်လာတွေ
အများကြီးကိုင်ထားပြီး ဈေးကစားချင်တဲ့ရည် ရွယ်ချက်နဲ့ ဘဏ်တွေက ၀ယ်သိမ်းတာမျိုးတွေမဖြစ်ရ
အောင် စောင့်ကြည့်သွားမှာပါ။ ဗဟိုဘဏ်မှာလည်း ငွေလဲနှုန်း အတက်အကျကို ထိန်းညှိပေးတဲ့
Monetary Department ရှိပါတယ်"ဟု ဗဟိုဘဏ်၊ အုပ်ချုပ်မှုရေးရာဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးအောင်အောင်က ပြောသည်။

တရားဝင်ငွေလဲကောင်တာများသည် ဗဟိုဘဏ်ကသတ်မှတ်ပေးသော ဈေး နှုန်းအပေါ်အခြေခံကာ
မိမိတို့၏ ငွေလဲကောင်တာ စံနှုန်းအတိုင်း ငွေကြေး သတ်မှတ်လဲလှယ်ပေးခြင်း ဖြစ်သောကြောင့်
တရားဝင်ငွေလဲကောင်တာများတွင် ၀ယ်ဈေးနှင့် ရောင်းဈေးမှာ အနည်းငယ် ကွာဟလျက်ရှိသည်။

"ကျွန်တော်တို့ တရားဝင်ငွေလဲကောင်တာတွေကို ဗဟိုဘဏ်က ဒေါ်လာရောင်းရမယ်၊ မရောင်းရဘူး
ဆိုတာမျိုး သတ်မှတ်ထားတာ မရှိဘူး။ နေ့စဉ် ဗဟိုဘဏ်ကသတ်မှတ်ပေးတဲ့ ဈေးနှုန်းအပေါ်မှာ
၁၀ ရာခိုင်နှုန်း အတက်အကျလုပ်ပြီး ဈေးကစားခွင့် ရှိတယ်။ အဲဒါက ဈေးကွက်ယှဉ်ပြိုင်မှုအတွက်ပါ။
ဒေါ်လာရောင်းတာ မရောင်းတာက ဘဏ်တစ်ခုချင်း ငွေလဲကောင်တာ တစ်ခုချင်းနဲ့ပဲ ဆိုင်တာပါ"
ဟု စွမ်းထက်ရည် ငွေလဲကောင်တာမှ တာဝန်ခံမန်နေဂျာ ဦးဇော်သူရလင်းက ပြောသည်။

ပြင်ပဈေးကွက်တွင် ငွေကြေးလဲလိုသူများ ပိုများလာသော်လည်း အဆိုပါဈေးကွက်တွင် မသမာမှု
များနှင့် မကြာခဏကြံုတွေ့ရကြောင်း နိုင်ငံခြား ငွေကိုင်ဆောင်သူများက ပြောသည်။

"အမျိုးသား သင်္ဘောလိုက်ပြီးပြန်လာတော့ ငွေသွားလဲတာ၊ တရားဝင်ငွေလဲကောင်တာဈေးထက်
လမ်းဘေးက ဒေါ်လာ အရောင်းအဝယ်သမားက ဈေးပိုပေးတော့ အဲဒီမှာပဲ လဲလိုက်တယ်။
အိမ်ရောက်လို့ ငွေစည်းတွေကို ဖြေလိုက်တော့ တစ်အုပ်မှ ငွေအပြည့်မပါဘူး။ ပိုက်ဆံကို အတို
အရှည်တွေ လုပ်ပြီး စီထားတာ။ ဒေါ်လာတစ်ရာကို ငွေခြောက်သောင်း ကျော်လောက်ပဲ ပါလာ
တယ်။ အဲဒီကတည်း ကအပြင်မှာ ငွေမလဲတော့ဘူး"ဟု ဒေါ်အေးအေးခိုင် က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး