ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြန်လည်သုံးသပ်ရန် လိုအပ်နေ

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြန်လည်သုံးသပ်ရန် လိုအပ်နေ

မြန်မာနိုင်ငံရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းသည် လာမည့်ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့
သဘာဝဓာတ်ငွေ့စတင် ပို့လွှတ်ရန် လျာထားချက်ကို ပြန်လည်သုံးသပ်ရန် မဖြစ်မနေ လိုအပ်လျက်
ရှိကြောင်း ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတစ်လျောက်ရှိ ပြည်သူများနှင့် ပိုက်လိုင်းစောင့်ကြည့်ရေး
အဖွဲ့ ကျွမ်းကျင်သူများက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ကိုဝမ်းအောင်က
"မြန်မာ အစိုးရရော တရုတ်အစိုးရနှစ်ဦးနှစ်ဖက်လုံးက လက်ရှိဖြစ်ပေါ်နေတဲ့ ပိုက်လိုင်း တစ်လျှောက်
က ပြဿနာတွေကို ဥပဒေနည်းလမ်းတကျနဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ထက် ဒီစီမံကိန်း
မြန်မြန်ပြီးဖို့ကိုပဲ အားသန်နေတယ်လို့ ယူဆတယ်" ဟု ပြောသည်။

မြန်မာအစိုးရအနေဖြင့် အဆိုပါစီမံကိန်းများမှာ ယခင်အစိုးရလက်ထက်က စာချုပ်ချုပ်ဆိုပြီး
လုပ်ကိုင်ခဲ့သော စီမံကိန်းများဖြစ်နေခြင်းကြောင့် ပြန်လည်ပြင်ဆင်ရန် အခက်အခဲရှိနိုင်သော်လည်း
တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက်ပေါ်မူတည်ကာ ဒီမိုကရေစီ နည်းလမ်းတကျ ပွင့်လင်းမြင်သာစွာ
ပြန်လည်စိစစ်သုံးသပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

"ချမှတ်ထားတဲ့ ဥပဒေသစ်နဲ့ စည်းမျဉ်းသစ်တွေက သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးတွေကို
ကာကွယ် စောင့်ရှောက်သင့်တယ်။ တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံနဲ့ ရေရှည်ဆက်သွယ်မှု
ကောင်းနေချင်ရင် သူတို့လုပ်ကိုင်နေတဲ့ စီမံကိန်းတွေကို ပိုပြီးတာဝန်ယူမှု ရှိသင့်ပါတယ်။ ဒီစီမံကိန်း
က အစကတည်းက စီမံကိန်းအကြောင်းနဲ့ အကျိုးဆက်တွေကို ဒေသခံတွေကို ချပြခဲ့တာမျိုး မရှိ
ခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတစ်ဝိုက်ရှိ ဒေသခံများနှင့် ရှမ်းပြည်နယ်
မြောက်ပိုင်းရှိ ဒေသခံများက အဆိုပါရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းကို ရပ်တန့် ပြီး ၎င်းတို့
ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းပေးရန် တောင်းဆိုလျက်ရှိသည်။

ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံများက ခြိမ်းခြောက်မှုကင်းသော လူ့ပတ်ဝန်းကျင်ရရှိရေး၊ သဘာဝ
ပတ်ဝန်းကျင် မပျက်စီးစေရေးနှင့် အလုပ်အကိုင် အတည်အတံ့ရရှိရေး၊ သိမ်းဆည်းထားသော
လယ်ယာမြေများအတွက် သင့်တော်မှန်ကန်သော လျော်ကြေးငွေ ရရှိရေးနှင့် စီမံကိန်းမှ ဘေးထွက်
အန္တရာယ်များကင်းရှင်းရေး နှင့် ဒေသတွင်း မီးလင်းရေးတို့ကို တောင်းဆိုလျက်ရှိပြီး တောင်းဆိုချက်
များကို ဆောင်ရွက်နေစဉ်ကာလအတွင်း စီမံကိန်းကို ခေတ္တရပ်ဆိုင်းထားရန်လိုလားလျက်ရှိကြောင်း
ကိုဝမ်းအောင်က ပြောသည်။

တရုတ်နိုင်ငံ တောင်ပိုင်းဒေသများတွင် မေလဆန်းပိုင်းမှစတင်၍ မြန်မာနိုင်ငံမှ သွယ်တန်းထားသည့်
အဆိုပါ ပိုက်လိုင်းများမှ တင်သွင်းမည့် ရေနံများအတွက် ရေနံချက်စက်ရုံ တည်ဆောက်မည့်ကိစ္စ
နှင့် ပတ်သက်၍ ကူမင်းမှ ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများက ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်
လျက်ရှိကြောင်း တရုတ်နိုင်ငံ၏ အင်တာနက်သတင်းဝက်ဆိုက်များတွင် ဖော်ပြပါရှိသည်။

မြန်မာ-တရုတ် ကုန်သွယ်စီးပွားရေးကို စောင့်ကြည့်လေ့လာသူ တရုတ်နိုင်ငံ မှ မစ္စတာဘစ်ရှိဟွန်း
က "မြန်မာနဲ့ တရုတ်က ဒီစီမံကိန်းကို လက်မှတ်ရေးထိုးပြီးသားပါ။ လက်မှတ်ထိုးကတည်းကလည်း
တရုတ်ကိုတင်ပို့မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့တစ်စိတ်တစ်ပိုင်းကို မြန်မာနိုင်ငံအတွင်း စွမ်းအင်
လိုအပ်ချက်တချို့ကို ဖြည့်ဆည်းမယ်လို့ပါပြီးသား ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေ ဖြစ်ပေါ်လာရတဲ့
အကြောင်းရင်းက မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီက စီမံကိန်းစမလုပ်ခင်မှာ ပြည်သူကို သေချာချ
မပြခဲ့တဲ့ အချက်ပါ။ ကုမ္ပဏီနဲ့ ဒေသခံတွေ ကြားမှာ ဆက်ဆံရေး ကောင်းမွန်ဖို့က အလွန်အရေးကြီး
ပါတယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။

ပိုက်လိုင်းတည်ဆောက်မှု ပြီးစီးပါက တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသများအတွက် အာရှ
အလယ်ပိုင်းမှ စွမ်းအင်တင်သွင်းမည်ဖြစ်ပြီး တရုတ် အရှေ့မြောက်ပိုင်းဒေသများအတွက် ရုရှားနိုင်ငံ
နှင့် အနောက်တောင်ပိုင်း ဒေသများအတွက် မြန်မာနိုင်ငံမှ စွမ်းအင်ကို တင်သွင်းသွားမည် ဖြစ်
သည်။

"ပိုက်လိုင်းကနေ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တင်ပို့မှုကြောင့် မြန်မာ၊ တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှု
တန်ဖိုး တွေ တက်လာနိုင်ပြီး ဒီပိုက်လိုင်းရဲ့ ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းတွေ အတွက် မြန်မာပြည်
သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ပေးနိုင်မှာပါ" ဟု ၎င်းက ပြောသည်။

သို့ရာတွင် အဆိုပါ စီမံကိန်းတွင် လုပ်ကိုင်သူ မြန်မာလုပ်သားများကို လုပ်ငန်းပိုင်ဆိုင်ရာ သင်ကြား
ပေးမှု များမရှိဘဲ နေ့စားသဘောမျိုးသာ ခိုင်းစေနေခြင်းဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့်
လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှုမရှိဘဲ တရုတ်လူမျိုးအလုပ်သမားများနှင့် တူညီသည့်အခွင့်အရေး
မရရှိကြောင်း ပိုက်လိုင်းဖြတ်သန်းရာ မကွေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံ
မညိုမီက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသရှိ ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းလွင်က "ကျောက်ဖြူကနေ
ဒီသဘာဝဓာတ်ငွေ့ တွေ ထုတ်နေတဲ့အတွက် ရခိုင်ပြည်နယ်ကို ဦးစားပေးပြီး ပေးသင့်တယ်။ အခု
ချောက်နဲ့ သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံတွေအတွက် ဒီစီမံကိန်းကနေ စွမ်းအင်ပို့လွှတ်ပေးပေမယ့်
ကျောက်ဖြူ မှာတော့ ပုဂ္ဂလိကဓာတ်အားပေး လုပ်ငန်းတွေကပဲ တစ်ယူနစ်ကို ကျပ် ၅၀၀ ကနေ
၇၀၀ နှုန်းနဲ့ ပြန်ဝယ်သုံးနေရတယ်" ဟု ပြောသည်။

ပိုက်လိုင်းဖြတ်သန်းသွားရာ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ တအောင်းဒေသ တဝိုက်တွင် နယ်မြေမ
ငြိမ်းချမ်းမှုများ ဖြစ်နေခြင်းကြောင့် အဆိုပါ မငြိမ်းချမ်းမှုများသည် ပိုက်လိုင်းအတွက် မည်သည့်
အတိုင်းအတာအထိ သက်ရောက်မှုရှိနိုင်မည်ကို စိုးရိမ်မိကြောင်း ဒေသခံတစ်ဦးဖြစ်သူ
ကိုမိုင်းမျိုးအောင် က ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းတွင် အဓိကကျသော ရှယ်ယာဝင်လုပ်ငန်း တစ်ခုဖြစ်သည့်
China National Petroleum Corporation မှ ကိုယ်စားလှယ်ဖြစ်သူ Ms Alice Pyr က လက်ရှိ
ဆောင်ရွက်လျက်ရှိသော ပိုက်လိုင်း တည်နေရာသည် လုံခြံုစိတ်ချရသည့် နေရာတွင် စနစ်တကျ
စီမံနေရာချထားသည့်အပြင် အဆိုပါလုပ်ငန်း၌ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီးပွားရေး
အဖွဲ့အစည်းများ အားလုံးအနေဖြင့်လည်း ပိုက်လိုင်းလုံခြုံရေးနှင့် ထိန်းသိမ်း စောင့်ရှောက်မှုများ
အတွက် သီးသန့်ဌာနတစ်ခု ထားရှိထားခြင်းကြောင့် လတ်တလောဖြစ်ပေါ်လျက်ရှိသော မတည်
ငြိမ်မှုများကြောင့် လုပ်ငန်းကို ထိခိုက်စေမည့် နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်နိုင်ကြောင်း
မြန်မာတိုင်း(မ်) ကို ပြောသည်။

ထိုကဲ့သို့ နယ်မြေ တည်ငြိမ်အေးချမ်းမှုနှင့် ပတ်သက်၍ ပိုက်လိုင်းသွယ်တန်းသည့် လုပ်ငန်းအပေါ်
ဝေဖန်မှုများ ပေါ်ထွက်လာသော်လည်း မည့်ကဲ့သို့ သော အနှောင့်အယှက်မှ မရှိနိုင်ဘဲ လုပ်ငန်းကို
မူလသတ်မှတ်ထားသည့် အချိန်အတိုင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလော
တွင် ဓာတ်ငွေ့စတင် ပို့လွှတ်မည့် ရက်ကို ဆွေးနွေးလျက်ရှိကြောင်း Ms Alice Pyr က ပြောသည်။

ရွှေ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး
နှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်ကျော်ကာ တရုတ် နိုင်ငံအတွင်းသွယ်တန်းထားပြီး ရွှေ ပိုက်လိုင်းမှ
ယခုနှစ်အတွင်း သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ကို ထုတ်လုပ်မည်ဖြစ်ရာ သန်း ၁၀၀ မှာ
ပြည်တွင်းသုံးရန်ဖြစ်ပြီး ကျန် သန်း ၄၀၀ ကို တရုတ် နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး