BASF ကုမ္ပဏီက လယ်ယာသုံးဆေးဝါးများ လာမည့်နှစ်တွင် တရားဝင် ဖြန့်ချိသွားမည်

BASF ကုမ္ပဏီက လယ်ယာသုံးဆေးဝါးများ လာမည့်နှစ်တွင် တရားဝင် ဖြန့်ချိသွားမည်

စင်ကာပူအခြေစိုက် နိုင်ငံတကာ ဓာတုဗေဒကုမ္ပဏီ တစ်ခုဖြစ်သည့် BASF ကုမ္ပဏီသည်
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့် ဓာတု
ပစ္စည်းများအား တရားဝင် ဖြန့်ချိရောင်းချရန် စီစဉ်လျက်ရှိပြီး မြန်မာ့ဈေးကွက် အခြေအနေ စစ်တမ်း
ကောက်ယူ ပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Mr. Raman
Ramachandran က စင်ကာပူနိုင်ငံ၊ ဆန်တိုဆာကျွန်းတွင် ပြုလုပ်သော မီဒီယာအစည်းအဝေးတွင်
ပြောသည်။

"ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းရော၊ ဆောက်လုပ်ရေး
လုပ်ငန်း သုံးပစ္စည်းတွေပါ တရားဝင် ဖြန့်ချိ ရောင်းချသွားမှာပါ။ ကျွန်တော်တို့ ၂၀၁၄ ခုနှစ်မှာ
မြန်မာနိုင်ငံမှာ တရားဝင်စီးပွားရေးစလုပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အလားအလာရှိတဲ့
ဈေးကွက်တစ်ခုအနေနဲ့ မြင်ပါ တယ်"ဟု ၎င်းက ပြောသည်။

Mr. Raman အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအနေအထားပေါ်အားရမှုရှိကြောင်း၊ ကမ္ဘာက
မြန်မာ နိုင်ငံ၏ ပွင့်လင်းလာမှုအပေါ် အာရုံစိုက်နေကြသော်လည်း မြန်မာနိုင်ငံ နှင့် ပတ်သတ်သည့်
အချက်အလက် အတော်များများကို သိရှိခြင်းမရှိသေးကြောင်း ပြောသည်။

"ဈေးကွက်ဗျူဟာနဲ့ ပတ်သက်ရင် ပြောဖို့ စောလွန်းနေပါသေးတယ်။ ပြည်တွင်းလုပ်ငန်းရှင်နဲ့
ပူးပေါင်းမလား၊ ကုမ္ပဏီအနေနဲ့ တိုက်ရိုက်ဝင်မလားဆိုတာ အခုထိမဆုံးဖြတ်ရသေးပါဘူး။
ပြည်တွင်းမှာ လက်ရှိစိုက်ပျိုးရေးသုံး ပစ္စည်းတွေ ဖြန့်ချိနေတဲ့ ဒိုင်းမွန်းစတား၊ မြန်မာ့ဩဘာစတဲ့
ကုမ္ပဏီတွေနဲ့တော့ ပြောဆိုဖို့ရှိပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သောကြောင့် စိုက်ပျိုးရေးသုံးဓာတု ပစ္စည်းများကို ရောင်းချ
နိုင်သည့်အပြင် အခြေခံ အဆောက်အအုံများလည်းလိုအပ်နေသောကြောင့် ကုမ္ပဏီမှ ထုတ်လုပ်
သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဓာတုပစ္စည်းများကိုလည်း ရောင်းချ နိုင်ခြင်းတို့ကြောင့်
BASF ကုမ္ပဏီအတွက် ဈေးကွက်ကောင်း တစ်ခုဖြစ်လာမည်ဟု ၎င်းက သုံးသပ်သည်။

"မြန်မာနိုင်ငံမှာ အထပ်မြင့် မိုးမျှော်အဆောက်အဦးတွေဆောက်မယ်ဆိုရင် ဘိလပ်မြေဖျော်ထား
တာကို အပေါ်ထိ တင်ပို့ပေးဖို့ လိုလာတယ်။ ပုံမှန်အားဖြင့် ဘိလပ်မြေ ဖျော်ထားတာက ၁၀ မိနစ်
လောက်ပဲခံတော့ ခဲသွားရင် သုံးလို့ မရတော့ဘူး။ ကျွန်တော်တို့ ကုမ္ပဏီက အဲဒီလို ခဲမသွားဘဲ
ကြာရှည် ခံနိုင်အောင် ဘိလပ်မြေဖျော်တဲ့အထဲထည့်တဲ့ ဓာတုပစ္စည်းလည်းထုတ်ပြီး အိမ်သုတ်ဆေး
တွေလည်းထုတ်တယ်" ဟု BASF ကုမ္ပဏီ၏ စီးပွားရေး ဈေးကွက်ဒါရိုက်တာ Mr. Leon Van
Mullekom က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံ ဈေးကွက်ကို ၀င်ရောက်ဖို့ အဓိကပြဿနာကတော့
လယ်သမားတွေဆီကို ကျွန်တော်တို့ ပစ္စည်းတွေ ဘယ်လိုရောက်အောင် ပို့ ရမလဲ ဆိုတာပဲ။
ကျွန်တော်တို့ အနေနဲ့ လယ်သမားတွေနဲ့ ထိတွေ့မှုရှိဖို့ လိုပါတယ်။ နည်းပညာပိုင်းအရ ပံ့ပိုးမှုတွေ
ပြုလုပ်ဖို့နဲ့ ကျွန်တော်တို့ ပစ္စည်းတွေကို ပိုမိုနားလည်လာပြီး ယုံကြည်မှုရဖို့ လယ်သမားတွေနဲ့
တွေ့ဆုံဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံမှာ လိုအပ်ချက်တွေအများကြီး ရှိနေပါသေးတယ်။ လမ်းပန်း
ဆက်သွယ်ရေးအရရော၊ ငွေကြေး စီးဆင်းမှုပိုင်းအရပါ လိုအပ်ချက်ရှိနေတယ်"ဟု Mr. Leon Van
Mullekom က ပြောသည်။

BASF ကုမ္ပဏီသည် လာမည့် ၂၀၁၄ ခုနှစ် သို့မဟုတ် ၂၀၁၅ ခုနှစ်အတွင်း မြန်မာ နိုင်ငံတွင် ရုံးခွဲ
ဖွင့်လှစ်သွားမည်ဖြစ်သည်။

BASF ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ တို့တွင် ကုန်ပစ္စည်းများ
ဖြန့်ချိလျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လယ်သမား ၅,၀၀၀ ကျော်ဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ အပါအဝင်
စိုက်ပျိုးရေးသုံး ပစ္စည်းများ ဖြန့်ချိလျက်ရှိသည်။

ကုမ္ပဏီအနေဖြင့် အာဆီယံနိုင်ငံများဖြစ်သော မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံ
များသို့ ဈေးကွက်ချဲ့ထွင်ရန်ရှိကြောင်းလည်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး