မေလ ဒုတိယပတ်မှစတင်၍ အမေရိကန်ဒေါ်လာ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့်
ကာလများအတွင်း အရှုံးပေါ်ခဲ့သော ရေလုပ်ငန်းမှာ ပုံမှန်အခြေအနေနီးပါး ပြန်လည် လည်ပတ်နိုင်ခဲ့
သော်လည်း ငွေဈေး ဆက်လက်တည်ငြိမ်မှသာ ယခင်အရှုံးများကို ပြန်လည်အဖတ်ဆယ်နိုင်မည်
ဖြစ်ကြောင်း ရေထွက်ကုန်ပစ္စည်း ပြည်ပတင် ပို့ရောင်းချသူများနှင့် ငါးမွေးမြူရေး လုပ်ကိုင်သူများက
ပြောသည်။
"ဒေါ်လာဈေးမြင့်လာတာ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ဒေါ်လာကို
အနည်းဆုံး ၉၅၀ လောက်ရမှ အဆင်ပြေတာပါ။ အကျိုးအမြတ်တော့ အရမ်းမရသေးပါဘူး။
ဈေးဆက်တက်ရင်တော့ ကောင်းတာပေါ့။ ဒေါ်လာဈေးတက်လို့ လုပ်ငန်း အရှူံးမပေါ်ဘဲ လုပ်ကိုင်နိုင်
တဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ဒေါ်လာ ဈေးက ပြန်ကျသွားမယ်ဆိုရင်တော့ အရင်အတိုင်းပဲ
ရေလုပ်ငန်းက အရှုံးပေါ်နေမှာပါ" ဟု ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့ရောင်းချသူ ဦးမျိုးညွန့်က
ပြောသည်။
ဒေါ်လာဈေးတက်မှုကြောင့် ပို့ကုန်သမားများသည် ကုန်ကြမ်းများအား အမြင့်ဈေးဖြင့် ၀ယ်ယူကာ
ကုန်ချောပြုလုပ်ပြီး ပြည်ပတင်ပို့ချိန်တွင် ဒေါ်လာဈေး ကျဆင်းသွားပါက အရှုံးများနိုင်ကြောင်း
ရေထွက်ကုန်ပစ္စည်း ထုတ်လုပ် ရောင်းချသူများနှင့် ပို့ကုန်လုပ်ငန်း ရှင်များအသင်း အထွေထွေ
အတွင်းရေးမှူး ဦးထွန်းအေးက ပြောသည်။
"ဒေါ်လာဈေး မတည်ငြိမ်ဘဲ တက်လိုက် ကျလိုက် ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ပို့ကုန်သမားတွေ
နှစ်ခါနစ် နာပါတယ်။ ဈေးအမြင့်နဲ့ ကုန်ကြမ်းဝယ်ပြီး ပြည်ပပို့တော့မှ ဈေးက ပြန်ကျသွားတယ်ဆိုရင်
ကျွန်တော်တို့ နှစ်ခါရှုံးတာပေါ့" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့ပြင် ဒေါ်လာဈေးမြင့်တက်ခြင်းသည် ပို့ကုန်လုပ်ငန်းတွင် ကုန်ထုတ်လုပ်မှုစရိတ် သက်သာစေ
ကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့ ပို့ကုန်သမားတွေက ပို့ကုန်ပစ္စည်းအတွက် အကျိုးအမြတ်က ဒေါ်လာနဲ့ရပြီး
ထုတ်လုပ်မှုကုန်ကျစရိတ်ကတော့ ကျပ်ငွေနဲ့ သုံးရတယ်။ ဒါကြောင့် ငွေကြေးအပြောင်းအလဲဖြစ်ရင်
ကျွန်တော်တို့ အထိနာတယ်" ဟု ၎င်းက ပြောသည်။
ဒေါ်လာဈေး တက်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအပြင် ကုန်ကြမ်း အဓိကထုတ်လုပ်သူများဖြစ်
သည့် ငါးမွေးမြူသူများနှင့် ရေလုပ်သားများပါ အကျိုးအမြတ်ရနိုင်ကြောင်း ပြည်ပသို့ ကဏန်းတင်ပို့
ရောင်းချလျက်ရှိသူ ဦးမြတ်ဦးက ပြောသည်။
"ဒေါ်လာဈေး မတက်ခင်တုန်းကတော့ ကျွန်တော်တို့လို ပို့ကုန်သမားတွေကလည်း ငါးမွေးတောင်သူ
တွေဆီကနေ ငါးတွေကို ဈေးလျော့ဝယ်ရပါတယ်။ အခုလို ဒေါ်လာဈေးတက်လာတော့ ဈေးကောင်း
ပေးဝယ်နိုင်ပါပြီ။ ဒီတော့ ငါးမွေးတောင်သူတွေလည်း ဈေးကောင်းရတော့ ငါးတွေပိုမွေးနိုင်တာပေါ့"
ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒေါ်လာဈေးတက်လာတဲ့ နောက်ပို င်းမှာ ကျွန်တော်တို့လုပ်ငန်းတွေ အသက်ရှုချောင်လာပါတယ်။
အရင် တစ်ဒေါ်လာ ၈၀၀ ကျော်တုန်းက ငါးတစ်ပိဿာကို ကျပ် ၂၀၀ လောက်ရှုံးပြီး အခု
တစ်ပိဿာကို ၂၀၀ လောက် မြတ်တယ်" ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ငါးဈေး ကောင်းမွန်လာသည့် အတွက် ရပ်နားထားသည့် ငါးမွေး တောင်သူများပင် ပုံမှန်
အတိုင်း ပြန်လည် မွေးမြူလာကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ
ဦးသန်းလွင်က ပြောသည်။
"ငါးမွေးမြူရေးက ပြီးခဲ့တဲ့ နှစ်တွေထဲမှာ ဆက်တိုက်ဆိုသလို အရှူံးပေါ်နေတာဆိုတော့ ဒီလုပ်ငန်းထဲ
က လုပ်ကိုင်ကြတဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ လုပ် နိုင်တော့တယ်။ ဒါပေမယ့် ဒေါ်လာဈေး တွေ
တက်လာပြီးတဲ့ နောက်ပိုင်းမှာ ပြန်လုပ်ကိုင်လာတဲ့ သူတွေ ၁၀ ရာခိုင်နှုန်း လောက်တိုးလာတယ်။
ဒေါ်လာဈေး လေးကို အားကိုးပြီး လုပ်ငန်း ပြန်လုပ်ကြတယ် ဆိုပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုပိုင်းကို
တော့ နိုင်ငံတော်က ထိထိရောက်ရောက် ကူညီပံ့ပိုးပေးမယ်ဆိုရင် ကျွန်တော်တို့အတွက် ပိုပြီး
အဆင်ပြေသွားနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

















