တရားမဝင် ကားတင်သွင်းမှုများ အမြန်ဆုံး အရေးယူဆောင်ရွက်မည်

တရားမဝင် ကားတင်သွင်းမှုများ အမြန်ဆုံး အရေးယူဆောင်ရွက်မည်

ပြည်တွင်း မော်တော်ယာဉ်ဈေးကွက်အတွင်း ဂျပန်နိုင်ငံမှစံနှုန်း သတ်မှတ်ချက်များနှင့် မကိုက်ညီ
သော ကားများ တင်သွင်းလာခြင်းနှင့် နယ်စပ်မှတရားမဝင်ကားများ တင်သွင်းလာခြင်းတို့နှင့်
ပတ်သတ်၍ သက်ဆိုင်ရာဌာနများမှ အမြန်ဆုံး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ပြောသည်။

ပြီးခဲ့သည့် မေလလယ်ပိုင်းကပင် ကားအရောင်းစင်တာ ငါးခုမှ တိုက်ကြေ ကားများတင်သွင်းလာခဲ့
မှုကို ဌာနဆိုင်ရာများမှ စစ်ဆေးကာ ကားတင်သွင်းခွင့် ရပ်ဆိုင်းခဲ့သည်။

ကားကုမ္ပဏီတချို့မှာ လိမ်လည်ရောင်းချမှုများရှိနေသဖြင့် ၀ယ်ယူမိသူများအနေဖြင့် သင့်တော်
သည့်ဈေး မဟုတ်ခြင်းကြောင့် ကိုယ်ပိုင်ဝယ်ယူ သူများအပြင် အငှားယာဉ်လုပ်ငန်းရှင်များနှင့်
ယာဉ်မောင်းများပါ ထိခိုက်မှုများရှိနေပြီး လုပ်ငန်းနာလန်မထူနိုင်ကြောင်း မြန်မာ့မော်တော်ယာဉ်
ထုတ်လုပ်တင်ပို့ဖြန့်ဖြူး ရောင်းဝယ်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌဦးအောင်ဝင်းက ပြောသည်။

"မော်တော်ယာဉ်ဈေးကွက်မှာ ဂျပန် နိုင်ငံက ကီလိုမြင့်တဲ့သုံးပြီးသားကားတွေကို ကီလိုလျှော့ပြီး
ပြန်ရောင်းနေတဲ့ ကိစ္စပဲ။ အများပြည်သူတွေက အလိမ်ခံနေရတယ်။ အဲဒီလို လိမ်လည်ရောင်းချတဲ့
အလုပ်ကို ကားတင်သွင်းသူတွေက ထမင်းစားရေသောက်လုပ်သလို လုပ်နေကြတယ်။ အထူး
သဖြင့် ပွဲစားတန်းက ၀ယ်ရောင်းတွေ၊ အရောင်းစင်တာ တွေလည်းပါတာပေါ့။ အတော်များများ က
ကီလိုမီတာကို Workshop တွေမှာ လျှော့ချပြီး လုပ်နေတာကိုတွေ့ရတယ်"ဟု ၎င်းကပြောသည်။

"လိမ်တဲ့ကိစ္စကို အသင်းအနေနဲ့ ၀ယ်ယူသုံးစွဲသူတွေကို ကာကွယ်ပေးနိုင်ဖို့ အစီအမံတွေချနေ
တယ်။ လိမ်တယ်ဆိုတာက လိမ်ရောင်းသူရော၊ ကီလိုလျှော့ပေးတဲ့ Workshop တွေကိုရော
လိမ်လည်မှုမှာ အားပေးကူညီမှုမြောက်တဲ့အတွက် တရားစွဲခံရနိုင်တယ်ဆိုတာကို သိစေချင်တယ်"
ဟု ၎င်းက ပြောသည်။

တိုက်ကြေကားများ တင်သွင်းခြင်း ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတွင်းသို့ တင်သွင်းနိုင်ရန် သတ်မှတ်
သည့်အဆင့်အတန်း လိုအပ်လာသည့်အတွက် သင်္ဘောမတင်ခင်တွင် စစ်ဆေးမှုများပြုလုပ်ရန်နှင့်
မည်သည့် စံနှုန်းမျိုးနှင့် တင်သွင်းရန် စသည်တို့ကို အမြန်ဆုံးသတ်မှတ်သွားမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။

"အသင်းအနေနဲ့ကလည်း မြန်မာ နိုင်ငံကိုရောက်တဲ့ ကားတွေကို ဆိပ်ကမ်းမှာပဲ နိုင်ငံခြားက
နေစစ်ဆေးပြီး တင်လာတဲ့ ကားတွေကိုထပ်မံစစ်ဆေးပြီး ဆိပ်ကမ်းမှာပဲ အကောက်ခွန်က စစ်ဆေး
စဉ်ကာလမှာ ကနဦးကီလို ကို မှတ်သားပြီး ကညနကို ပို့မယ်၊ ဒီလိုလုပ်သွားမှလည်းအခုလို
မသမာမှုတွေကို ထိထိရောက်ရောက် တားဆီးသွားနိုင်မယ်" ဟု ဦးအောင်ဝင်း က ပြောသည်။

ထို့ပြင်နယ်စပ်မှ တင်သွင်းလာသော လိုင်စင်မဲ့ယာဉ်များကို ပဲခူး၊ ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင်
ပေါ်ပေါ်ထင်ထင်အရောင်းအဝယ် ရောင်းဝယ်နေကြပြီး ပြင်ပတွင် လက်ရှိပေါက်ဈေး ကျပ် သုံးသိန်း
ရှိသော ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးထားသော Wheel Tax များရှိ
နေသဖြင့် ယာဉ်ထိန်းရဲစစ်ဆေးရာတွင်လည်း ဖမ်းဆီးခွင့်မရှိသောကြောင့် အဆိုပါကိစ္စကို ကညန
နှင့် ဆွေးနွေးရန်နှင့် လိုင်စင်အတု ပြုလုပ်သည့်ကိစ္စကို ပြည်သူ့ရဲတပ်ဖွဲ့ကိုတိုင်ကြားသွားမည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။

ကားနှင့်အတူ မပါမဖြစ်ဆောင်ထား ရသည့် Wheel Tax များ အတုဖြစ် ပေါ်နေခြင်းမှာ မော်တော်
ယာဉ် သက်တမ်းတိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အများဆုံးဖြစ်ပေါ် လေ့ရှိပြီး
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လုံးဝထုတ်ပေးခြင်း မရှိကြောင်း ရွာသာကြီးရှိ ကနဦး
ဗဟိုမော်တော်ယဉ်မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"Wheel Tax က ဒေါ်လာလိုပဲ အတု လုပ်လို့ရတယ်။ တကယ်စစ်မစစ် သိချင်ရင်တော့
သက်ဆိုင်ရာ ကညန ခရိုင်ရုံးတွေက စုံစမ်းထောက်လှမ်းရေး အဖွဲ့တွေဆီမှာ စစ်နိုင်တယ်။ ဆော့ဖ်ဝဲ
ထည့်ထားတဲ့ ကွန်ပျူတာမှာစစ်ကြည့်လိုက်တာနဲ့ အစစ်ဆိုရင် ကားအမျိုးအစား၊ Chassis နံပါတ်နဲ့
မော်ဒယ်က အစ အကုန်ပေါ်လာတယ်။ ဖြစ်နိုင်ခြေ ကတော့ Wheel Tax အတုတွေကို လိုင်စင်မဲ့
ကားတွေက အတုလုပ်ပြီး သုံးနေပုံရတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ယာဉ်အိုယာဉ်ဟောင်း တင်သွင်းခွင့်နှင့် ပတ်သက်၍လည်း ပြင်ပတွင် သတင်းများ ထွက်နေ
သကဲ့သို့ အဟောင်းအပ်သည့်ကားများကို စလစ် မပါပဲ တင်သွင်းခွင့်ကို ကားဟောင်း ပိုင်ရှင်များ
နစ်နာမည် စိုးသောကြောင့် ခွင့်ပြုပေးဦးမည်မဟုတ်ကြောင်း စီးပွားကူးသန်းမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

"စလစ်တန်ဖိုးတောင် မရှိရင် ကားဟောင်းသမားတွေက လာမအပ်တော့ပဲ ဆက်စီးနေကြဦးမှာ။
ယာဉ်ကြောအခြေအနေလည်း ပိုဆိုးသွားနိုင်တယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး