ဟောင်ကောင် အမှုဆောင်အရာရှိများ မြန်မာနိုင်ငံ လာမည်

ဟောင်ကောင် အမှုဆောင်အရာရှိများ မြန်မာနိုင်ငံ လာမည်

ဟောင်ကောင်မှ ဘဏ္ဍာရေးဆိုင်ရာအထွေထွေအတွင်းရေးမှူးတစ်ဦး ဦးဆောင်ကာ နာမည်ကျော်
စီးပွားအဖွဲ့ အစည်းများမှ အမှုဆောင်အရာရှိချုပ် များသည် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ
လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ယခုလအတွင်း ရန်ကုန် နှင့် နေပြည်တော်သို့
လာရောက်ကြမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဟောင်ကောင်စီးပွားရေး နှင့်
ကုန်သွယ်ရေးရုံးမှ တာဝန်ရှိသူများက ပြောသည်။

ဘဏ္ဍာရေးဆိုင်ရာ အထွေထွေအတွင်းရေးမှူး John C Tsang ဦးဆောင်မည့် အဆိုပါကိုယ်စား
လှယ်အဖွဲ့တွင် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ စီးပွားရေးလုပ်ငန်းများမှ အမှုဆောင်
အရာရှိချုပ် ၃၀ ခန့် ပါ၀င်မည်ဖြစ်ပြီး ဇွန်လ ၂၆ ရက် တွင် မြန်မာနိုင်ငံသို့ရောက်ရှိမည်ဖြစ်ကာ
လာရောက်သည့် လေးရက်အတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်
သည်။

အဆိုပါအဖွဲ့တွင် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ၊ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ
နှင့် ကုန်သွယ်ရေးလုပ်ငန်းများအပြင် အခြားသော ကဏ္ဍများမှ လုပ်ငန်းရှင်များ ပါ၀င်မည်
ဖြစ်ကြောင်း အရှေ့တောင်အာရှဒေသဆိုင်ရာ ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးမှ
ဒါရိုက်တာဖြစ်သူ Mr. Fong Ngai က ပြောသည်။

ဟောင်ကောင်မှ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ လာရောက်သည်မှာ ယခုအကြိမ်သည်
ခြောက်ကြိမ် မြောက်ဖြစ်ပြီး အဆိုပါလာရောက်မှုများသည် ဟောင်ကောင်၏ ကုန်ထုတ်လုပ်မှု
အခြေစိုက်အဖြစ်သာမက အရှေ့ တောင်အာရှတွင် ဟောင်ကောင်၏အခန်းကဏ္ဍ ပြန်လည်ခိုင်မာ
လာစေရန် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တရုတ်ပြည်မကြီးအား အဓိက အားထားနေရ
ြ ခင်းကို လျှော့ချနိုင်ရန်အတွက် နည်းဗျူဟာသစ်ပြောင်းခြင်း ဖြစ်ကြောင်းလည်း Mr. Fong Ngai
က မေလ ၂၈ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး
နေပြည်တော်သို့ သွားရောက်ကာ ၀န်ကြီးဌာနတာဝန်ရှိသူများနှင့်ပါ တွေ့ဆုံသွားရန် အစီအစဉ်ရှိ
ကြောင်း ၎င်းက ပြောသည်။

ယခုလာရောက်မည့် စီးပွားရေးအဖွဲ့ကို ဦးဆောင်သည့် Mr. John C Tsang သည် ဟောင်ကောင်
အစိုးရ၏ တတိယအဆင့် အကြီးဆုံးအရာရှိဖြစ် သောကြောင့် သမ္မတနှင့် တွေ့ဆုံဆွေးနွေးခွင့် ရနိုင်
ဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

"ဟောင်ကောင်က ကိုယ်စားလှယ်အဖွဲ့တွေက အမြဲလာနေကျလိုဖြစ်နေတယ်။ လာတိုင်းလည်း
ကျွန်တော်တို့ဆီက လူတွေနဲ့ တွေ့ပါတယ်။ ဒီလိုတွေ့တဲ့ အခါတွေမှာ ကျွန်တော်တို့က လာရောက်
တဲ့သူတွေရဲ့ ဘယ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ကို စိတ်ဝင်စားလဲဆိုတာပေါ်မူတည်ပြီး အစီအစဉ်တွေ
လုပ်ပေးရတယ်။ အရင်အခေါက်တွေတုန်းကတော့ အဓိကအထည်ချုပ်ကို စိတ်ဝင်စားကြတာများ
တယ်" ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

ဟောင်ကောင် ဘဏ္ဍာရေးဝန်ဆောင် မှုလုပ်ငန်းများအနေဖြင့် နိုင်ငံတကာနှင့် ရောင်းဝယ်မှုပြုသည့်
နေရာတွင် ၎င်းတို့ ဘဏ်များနှင့်ချိတ်ဆက်ကာ တရုတ်ငွေကြေးကို အသုံးပြုလာရန်အတွက် မြန်မာ
စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိသည်။

ထို့သို့သော ကြိုးပမ်းမှုများတွင် ယခုလာရောက်မည့်အဖွဲ့မှာ အဆင့်အမြင့်ဆုံးဖြစ်ကြောင်း Mr. Fong
Ngai က ပြောသည်။

အရှေ့တောင် အာရှနိုင်ငံများအတွင်း ဟောင်ကောင်၏ အခန်းကဏ္ဍ ကျယ်ပြန့်လာစေရန်
ဟောင်ကောင် နိုင်ငံ၏ ယခုပြန်လည်ဝင်ရောက်မှုကို 'တစ်ကျော့ပြန်ထိုးစစ်' တစ်ခုအသွင် ဖြစ်
ကြောင်း Mr. Fong Ngai က ပြော သည်။

ဟောင်ကောင်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ က တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအဖွင့်
တွင်လည်း ယခုအကြိမ်ကဲ့သို့ပင် နိုးကြားဖျတ်လတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနောက်ပိုင်းတွင် ဟောင်ကောင် အခြေစိုက် ကုန်ထုတ်လုပ်လုပ်ငန်းများသည် ထိစပ်မှုရှိသော
ကြောင့်လည်းကောင်း၊ စရိတ်စကနည်းသော လုပ်သားခများကြောင့်လည်းကောင်း တရုတ်ပြည်မ
ကြီးသို့ ပြောင်းရွှေ့ကုန်ကြပြီး ယခုအခါတွင်မူ မြန်ဆန်သော စီးပွားရေး ဖွံ့ဖြိုးမှုများကြောင့် အရှေ့
တောင်အာရှနိုင်ငံများသို့ ခြေဦးလှည့်လာပြီဖြစ်သည်။

ကုန်သွယ်မှု၊ ဘဏ္ဍာရေး ၀န်ဆောင်မှုလုပ်ငန်းများနှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်မှု
စသည့် လုပ်ငန်းများနှင့် ကျော်ကြားသော ဟောင်ကောင်၏ ၀င်လာရောက်မှုသည် အဆိုပါအခန်း
ကဏ္ဍများတွင် လိုအပ်ချက်မြင့်တက်နေသော အရှေ့တောင်အာရှနိုင်ငံများနှင့် အံဝင်ခွင်ကျဖြစ်သွား
နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

တရားဝင်စာရင်းဇယားများအရ မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့အကြား ကုန်သွယ်မှုသည် ယမန်
နှစ်က အမေရိကန် ဒေါ်လာ ၁၃၂ မီလျံအထိ ရှိခဲ့သည်။

အဆိုပါ ကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့် ကုန်သွယ်မှုထက် ၂၄ ရာခိုင် နှုန်း တက်လာခြင်းပင် ဖြစ်
သည်။

လွန်ခဲ့သော သုံးနှစ်အတွင်း ပျမ်းမျှကုန်သွယ်မှုသည် နှစ်စဉ်နှစ်တိုင်း ရှစ်ရာခိုင်နှုန်းစီ ပုံမှန်တက်နေခဲ့
ကြောင်း အဆိုပါစာရင်းဇယားများအရ သိရသည်။

ထိုကဲ့သို့ တိုးတက်မှုသည် အနာဂတ်တွင် ထပ်ညွှန်းကိန်းသဖွယ် တိုးတက်လာလိမ့်မည်ဟု
Mr. Fong Ngaiက ဆိုသည်။

အထူးသဖြင့် အထည်ချုပ်လုပ်ငန်းသည် အောက်ခြေကစရမည်ဖြစ်သောကြောင့် ယင်းလုပ်ငန်းတွင်
ထပ်ညွှန်းကိန်းသဖွယ် တိုးတက်လာလိမ့်မည်ဟု ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများနှင့် အဆက်အစပ်ပြန်ရအောင် ကြိုးပမ်းရာတွင် ဟောင်ကောင်သည်
လည်း တောင်ကိုရီးယားနိုင်ငံကဲ့သို့ပင် ၎င်း၏ ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖြစ်သော
ကန်တုံပေါ့ပ်ဂီတနှင့် ရုပ်ရှင်များကိုအသုံးပြုကာ မဟာဗျူဟာမြောက် အကွက်ကျ စီစဉ်မှုများလည်း
တစ်စိတ် တစ်ပိုင်းအဖြစ် ပါ၀င်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Mr. Fong ၏ ဌာနသည် နောင်နှစ်ဆန်း မှစတင်၍ ရာနှင့်ချီသော ဟောင်ကောင် တက္ကသိုလ်
ကျောင်းသား ကျောင်းသူများအား အရှေ့တောင် အာရှတစ်လွှားရှိ အစိုးရအေဂျင်စီများ၊ အစိုးရ
မဟုတ်သော အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများတွင် အလုပ်သင်
အဖြစ် ထားရှိနိုင်ရန် နွေရာသီအလုပ်သင်သင်တန်းအား စတင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအတွင်း ဟောင်ကောင်၏ မဟာဗျူဟာချဲ့လာခြင်းမှာ ၎င်းတို့၏
ယဉ်ကျေးမှုအသားပေးခြင်းများ၊ နှစ်နိုင်ငံအကြား အပြန်အလှန် ကူးလူးဆက်ဆံခြင်းစသည်
တို့ကြောင့် 'လူသားအရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံခြင်း' ဖြစ်ကြောင်း Mr. Fong Ngai က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး