နိုင်ငံခြားငွေဈေးကွက် ၂၀၁၃ ခုနှစ်အတွင်း အကောင်အထည်ဖော်မည်

နိုင်ငံခြားငွေဈေးကွက် ၂၀၁၃ ခုနှစ်အတွင်း အကောင်အထည်ဖော်မည်

ဘဏ်အချင်းချင်း နိုင်ငံခြားငွေကြေးရောင်းဝယ်နိုင်ပြီး ပြည်တွင်း၌ နိုင်ငံခြားငွေကြေးဈေးကွက်
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပီပြင်စွာပေါ်ပေါက် လာနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု
မြန်မာနိုင်ငံ ဗဟိုဘဏ်ရှိ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကို ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လက်ရှိနိုင်ငံခြားငွေရောင်းဝယ် ဖောက်ကားခွင့်ရဘဏ်
၁၆ ခုဖြင့် ရန်ကုန် နိုင်ငံခြားငွေကြေး ဈေးကွက်ကော်မတီကို ယမန်နှစ်၊ နို၀င်ဘာလက စတင်ဖွဲ့စည်း
ခဲ့ပြီး လုပ်ထုံးလုပ်နည်းများ ရေးဆွဲခဲ့သည်။

JICA ၏ အကူအညီဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်ကို ပြည်တွင်းဘဏ်များအကြား ပေါ်ပေါက်
လာစေရန်အတွက် သင်တန်း ပေးခြင်းကို မေလကုန်ပိုင်းတွင် လုပ်ဆောင်ခဲ့ပြီး ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုသို့သင်တန်းပေးရာတွင် နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်းများအရ မိမိနိုင်ငံ၏ငွေဈေး
ကို မည်သို့ ထိန်းကျောင်းရန်နှင့် ဘဏ်အချင်းချင်း အရောင်းအဝယ် လုပ်ကိုင်ရာတွင် အလွန်အကျွံ
မဖြစ်စေပဲ အတိုင်းအတာ တစ်ခုထားရှိရန် ပါ၀င်ပြီး ဗဟိုဘဏ် အပါအဝင် ပြည်တွင်းဘဏ်
လုပ်ငန်းရှင် ၉၀ကျော်တက်ရောက်ခဲ့သည်။

"ဈေးကွက်နဲ့ အကျွမ်းတဝင် ဖြစ်လာပြီဆိုရင် အရောင်းအဝယ်ကို ဒီနှစ်ထဲမှာ စလုပ်မယ်။ အခု
လက်ရှိ ငွေဈေးကွက်က ဗဟိုဘဏ်ရဲ့ လေလံမှာ တစ်နေ့ တစ်ကြိမ်ပဲရှိတယ်။ ဘဏ်အချင်းချင်း
လုပ်ဆောင်မယ်ဆိုရင် မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ ဈေးနှုန်းပြောင်းလဲနေမယ်။ ဘဏ်တစ်ခုစီက
သတ်မှတ်ရမှာဖြစ်တဲ့အတွက် ဈေးကွက်ကို တစ်ဦး တစ်ယောက်တည်းက ထိန်းချုပ်ထားလို့
မရတော့ဘူး။ အပြိုင်အဆိုင်ရောင်းဝယ်လာကြပြီး ဈေးကွက် ပိုတည်ငြိမ်သွားမယ်။ နိုင်ငံခြား
လုပ်ငန်းရှင်တွေ အနေနဲ့လည်း ပြည်တွင်းငွေကြေးဈေးကွက်ကို ပိုပြီး ယုံကြည်လာမယ်"ဟု ၎င်းက
ပြောသည်။

ယင်းသို့ လုပ်ဆောင်မှုအတွက် ဈေးကွက် တည်ငြိမ်မှုနှင့် ခိုင်မာမှုရှိရန် ဗဟိုဘဏ်က ငြင်သာစွာ
ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

ထိုသို့လုပ်ဆောင်မှုများအတွက် ပြည်တွင်းငွေကြေးဈေးကွက်ကို JICA မှ နည်းပညာအကူအညီဖြင့်
ပညာရှင်များထားရှိပေးပြီး ဘဏ်အချင်းအချင်း အရောင်းအဝယ်လုပ်ဆောင်ရာတွင် အကန့်အသတ်
များ မည်သို့ထားရှိသင့်သည်ကိုပါ ဗဟိုဘဏ်အပါအဝင်ဘဏ်လုပ်ငန်းရှင်ပေါင်း ၉၀ ကျော်ကို မေလ
၂၂ ရက်နေ့မှ ၃၀ရက်အထိ သင်ကြားပေးခဲ့ပြီးလည်း ဖြစ်သည်။

"ဂျပန်ရဲ့ နည်းပညာအကူအညီနဲ့ ဆိုပေမယ့် ဂျပန်ရဲ့ပုံစံအတိုင်းယူဖို့ မဟုတ်ပါဘူး။ နိုင်ငံ အခြေအနေ
ချင်းက မတူပါဘူး။ ဂျပန်နိုင်ငံရဲ့ငွေကြေးက ကျံု့ချင်တဲ့အနေအထားရှိတဲ့အတွက် သူတို့က နှစ်နှစ်
အတွင်း နှစ်ရာခိုင်နှုန်း ငွေကြေးဖောင်းပွအောင် လုပ်ဆောင်မယ်ဆိုပြီး ရည်မှန်းထားတာမျိုးရှိတယ်။
ဒီမှာကျတော့ ဈေးကွက်က ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ လုပ်ဆောင်ရမယ်" ဟု ၎င်းက ပြောသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်း အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်က နိုင်ငံခြားငွေလဲဈေးကွက်
ပေါ်ပေါက်လာပါက ဘဏ်အချင်းချင်း အပြိုင်အဆိုင် ရောင်းချနိုင်လာပြီး ငွေကြေး ပိုမိုတည်ငြိမ်လာ
မည်ဖြစ်ကြောင်းနှင့် ယခုနှစ် အတွင်းဖြစ်ပေါ်လာမည့် ဈေးကွက်အတွက် ပြင်ဆင်သည့်အနေဖြင့်
ကျွမ်းကျင်သူများ ခန့်အပ်ခြင်း၊ ၀န်ထမ်းများကို နိုင်ငံခြားသို့ စေလွှတ်ခြင်းများ လုပ်ဆောင်နေ
ကြောင်း ပြောသည်။

"နိုင်ငံခြားငွေဈေးကွက်အတွက် နည်းဥပဒေက မကြာခင်အကောင်အထည်ပေါ်လာမှာပါ။ စစချင်းမှာ
နိုင်ငံတကာမှာလို အီလက်ထရွန်းနစ်စနစ်နဲ့ သွားမလား ဖုန်းလိုင်းနဲ ့သွားမလားဆိုတာတော့
မကျိန်းသေသေးဘူး" ဟု ၎င်းက ပြောသည်။

ဈေးတက်မည့် မျှော်လင့်ချက်ဖြင့် ၀ယ်လိုအားများလာခြင်းကြောင့် မေလ ၂၄ ရက်နေ့က ဗဟိုဘဏ်
၏ ငွေလဲ နှုန်းမှာ တစ်ဒေါ်လာလျှင် ၉၄၉ ကျပ် အထိ မြင့်တက်ခဲ့ပြီး ပြင်ပတွင် ကျပ် ၁,၀၀၀ ခန့်
အထိ ဖြစ်သွားခဲ့သည်။

သို့သော် မေလ ၃၁ ရက်နေ့မှစတင်၍ ဇွန်လ ၁၁ ရက်နေ့အထိ ဗဟိုဘဏ် ဈေးမှာ ၉၄၅ နှင့် ၉၄၆
ကျပ်တွင် တည်ငြိမ်နေခဲ့သောကြောင့် ဈေးကွက်အတွင်း ရောင်းအားနှင့် ၀ယ်လိုအားမှာ မျှခြေ ဖြစ်
သွားကြောင်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူက ပြောသည်။

"ဖြစ်လာမယ့် ငွေကြေးတန်ဖိုးကို မှန်းဆလို့ မရပေမယ့် ဒါကို လှုပ်လှုပ်ရွရွ မဖြစ်အောင် လုပ်ရမှာက
ဗဟိုဘဏ်ရဲ့ တာဝန်ပဲ။ လက်ရှိအနေအထားအရတော့ ပီပီပြင်ပြင် လှုပ်ခတ်မှုမျိုး သိပ်မတွေ့ရပါဘူး။
နှစ်စကနေ အခုထိဆိုရင် ၁၃ ကနေ ၁၄ ရာခိုင်နှုန်းလောက် တက်လာတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေ
အဆင်ပြေတယ်။ သွင်းကုန်မှာလည်း ဒီဇယ်ဈေး အရမ်းမြင့်တက်လာတာမရှိတော့ သွင်းကုန်သမား
တွေ မထိခိုက်ပါဘူး"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး