မြန်မာ့ငါး တင်ပို့မှုအား တရုတ်နိုင်ငံက ယခင်ထက် စည်းကမ်း ပိုမိုတင်းကျပ်

မြန်မာ့ငါး တင်ပို့မှုအား တရုတ်နိုင်ငံက ယခင်ထက် စည်းကမ်း ပိုမိုတင်းကျပ်

မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများအား အီးယူ နိုင်ငံများက သတ်မှတ်ထား
သည့် နည်းစနစ်များနှင့် ကိုက်ညီမှသာလျှင် တင်ပို့ ခွင့်ပြုမည်ဖြစ်ပြီး မကိုက်ညီပါက လက်ခံမည်
မဟုတ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာအစိုးရနှင့် ညှိနှိုင်းထားသည့်အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်း
ဦးစီးဌာနက အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံသို့ လက်ရှိတင်ပို့လျက်ရှိသော လုပ်ငန်း၊
စက်ရုံနှင့် ကုမ္ပဏီများထံ အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း
ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက မေလ ၂၈ ရက်နေ့တွင်
ပြောသည်။

"တရုတ်နိုင်ငံက ကျွန်တော်တို့နိုင်ငံရဲ ့ပို့ကုန်တွေကို အီးယူနိုင်ငံတွေကိုတင်ပို့တဲ့ စည်းမျဉ်းစည်းကမ်း
အတိုင်းပဲ ထုတ်ပြန်လိုက်တယ်။ အဓိကကတော့ အစားအသောက် ဘေးအန္တရာယ်ကင်း ရှင်းမှုကို
ဦးစားပေးတဲ့အနေနဲ့ အခုလို စည်းမျဉ်းစည်းကမ်းအသစ်တွေကို အစိုးရအချင်းချင်း တောင်းဆိုလိုက်
တာပါ။ ဒီက တင်ပို့နေတဲ့ ကုမ္ပဏီတွေအနေ နဲ့လည်း Hazard Analysis and Critical Control
Point (HACCP)၊ Good Manufacturing Pratice (GMP) နဲ Sanitation Standard
Operating Procedures (SSOP)စတဲ့ နည်းစနစ်တွေနဲ့ ကိုက်ညီမှုရှိရမယ်။ ကုမ္ပဏီမဟုတ်တဲ့
တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကတော့ ငါးလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီး ငါးလုပ်ငန်း ဦးစီးဌာနရဲ့
ထောက်ခံချက်ပါမှ တင်ပို့လို့ရမယ်။ အဲဒီထောက်ခံချက်မပါရင် လုံးဝ လက်ခံမှာ မဟုတ်တော့ဘူး"
ဟု ၎င်းက ပြောသည်။

အဆိုပါ သတ်မှတ်ချက်များအား တရုတ်နိုင်ငံ Administration of Quality Supervision,
Inspection and Quarantine (AQSIQ) က သတ်မှတ်ပြီး ဒီဂရီ ၁၄၅ အဆင့်ရှိရမည်ဟု
ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းများသည် ၎င်းတို့သတ်မှတ်ထားသည့် အချက်အလက်များအတိုင်း
ငါးလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး အဆိုပါမှတ်ပုံတင် ထောက်ခံချက်အား AQSIQ
သို့ တင်ပြရမည် ဖြစ်သည်။

"ကျွန်တော်တို့ ဋ္ဌာနက ဒီကလုပ်ငန်းတွေကို တာဝန်ခံပေးရတဲ့ ပုံစံမျိုးပေါ့။ ဒီလုပ်ငန်းတွေ ဒီမှာ
အမှန်တကယ် လုပ်ကိုင်ပြီး အစားအသောက်ဆိုင်ရာ လုံခြံုစိတ်ချရမှုတွေနဲ့အညီ ထုတ်လုပ်တယ်"
အစရှိသဖြင့် ကျွန်တော်တို့ဘက်က ထောက်ခံပေးတဲ့အနေနဲ့ မှတ်ပုံတင်လုပ်ပေးတာပါပဲ။ အခုဆိုရင်
တော်တော်များများ လာတင်ကြပါတယ်။ တရုတ်ကိုပို့တဲ့ လုပ်ငန်းတိုင်းလိုလို ကျွန်တော်တို့ဆီမှာ
မှတ်ပုံတင်ဖို့လာ လျှောက်ထားတာ တွေ့ရပါတယ်။ ဒီမှာ မှတ်ပုံတင်ထားတဲ့ ထောက်ခံချက်တွေက
သူတို့ဆီမှာ ရှိသွားပြီဆိုရင် ဒီကလုပ်ငန်းရှင်တွေ အချိန်မရွေး တင်ပို့ခွင့်ရမယ်။ မှတ်ပုံတင်မရှိတဲ့
လုပ်ငန်းတွေကိုတော့ တင်ပို့ခွင့်ပေးမှာမဟုတ်ဘူး" ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

တရုတ်နိုင်ငံ၏တောင်းဆိုချက်အရ မြန်မာနိုင်ငံမှ တင်ပို့မည့် ငါးနှင့် ပုစွန်များကို ရေခဲရိုက်၊
အခြောက်ခံနှင့် အခြားနည်းလမ်းများဖြင့် ပြုပြင်ထုတ်လုပ်လျက်ရှိသည့် ရေထွက်ကုန်လုပ်ငန်းရှင်
များသည် သက်ဆိုင်ရာလုပ်ငန်း နှင့် ကုမ္ပဏီအလိုက် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနတွင်
မှတ်ပုံတင်ထားရှိပြီးမှာသာ တင်သွင်းခွင့်ပြုမည်ဟု ငါးလုပ်ငန်းဦးစီးဌာနက မေလ ၁၄ ရက် နေ့တွင်
တရားဝင် ထုတ်ပြန်ခဲ့သည်။

"မြန်မာနိုင်ငံကနေ တရုတ်ကို စက်ရုံ၊ အလုပ်ရုံတွေနဲ့ ထုတ်လုပ်ပြီး တင်ပို့တဲ့သူတွေအပြင်
အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကလည်း ရှိကြတယ်။ အဲလိုလုပ်ငန်းရှင်တွေက
အရင်တုန်း က ဒီအတိုင်း တင်ပို့နေကျပါ။ အခု သူတို့က ငါးလုပ်ငန်းဦးစီးဌာနရဲ့ မှတ်ပုံတင်ပါမှ
တင်ပို့လို့ရတော့မယ်။ လုပ်ငန်းကြီးတွေကတော့ မှတ်ပုံတင်ရှိပြီးသား ဖြစ်ပေမယ့် ထုတ်လုပ်မှုပိုင်းက
အီးယူနိုင်ငံတွေကိုသွားတဲ့ နည်းစနစ်တွေအညီ ဖြစ်ဖို့လိုတယ်။ အထူးသဖြင့် အစားအသောက်
ဘေးအန္တရာယ်ကင်းရှင်းမှုရှိဖို့ လိုတယ်" ဟု မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများနှင့်
ပို့ကုန်လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံသို့ ကုန်ကြမ်းအဖြစ်တင်ပို့သော ပင်လယ်ငါးများအပြင်စားသောက် ကုန်အဖြစ်
တင်ပို့သည့် ငါးခြောက်လုပ်ငန်း၊ ပုစွန်ခြောက်လုပ်ငန်း၊ ငါးဆားနယ်လုပ်ငန်း စသည့်လုပ်ငန်းများပါ
မှတ်ပုံ တင်ရှိပြီးမှသာ တင်ပို့ခွင့်ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများသည် သဘာဝအတိုင်း ဖမ်းဆီးတင်ပို့ ရောင်းချမှုများ ရှိသည့်
အတွက် ယခုကဲ့သို့ တရုတ်နိုင်ငံက အစားအသောက်ဘေးန္တရာယ် ကင်းရှင်းရေးအပေါ် အဓိကထား
ကာ စည်းကမ်းချက်များ ထုတ်ပြန်လိုက်ခြင်းသည် မမျှတကြောင်း တရုတ်နိုင်ငံသို့ ပင်လယ်ငါးများ
တင်ပို့ရောင်းချလျက်ရှိသော လုပ်ငန်းရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"သူတို့တွေက အဲလိုစည်းကမ်းချက်တွေထုတ်တော့ ကျွန်တော်တို့တွေ အလုပ်ရှုပ်တာပဲ အဖတ်
တင်တယ်။ တစ်ကယ်တမ်းကျတော့ ကျွန်တော်တို့ရဲ့ ပင်လယ်ပြင်ရော ငါးတွေရော အကုန်လုံးက
သန့်ရှင်းတယ်။ အားလုံး သဘာဝအတိုင်းပဲ။ ရောင်းချရင်လည်း ဖမ်းဆီးလို့ရတဲ့ ငါးတွေကိုသဘာဝ
အတိုင်း လတ်လတ်ဆတ်ဆတ် သူတို့ဘက်ကို ပို့တာပါ။ တကယ်တမ်းကျတော့ သူတို့ဘက်ကို
ရောက်တော့မှ ငါးတွေကို ဆိုးဆေးတွေ ဆိုးတာလုပ်ကြတာ။ ကျွန်တော်တို့ ငါးတွေက သန့်ရှင်းပြီး
သားပါ။ ဒါပေမဲ့လည်း သူတို့က ခိုင်းတော့ လုပ်ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က
ကျွန်တော်တို့ရဲ့ အဓိကဝယ်လက်လေ" ဟု ၎င်းက ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနကလည်း ရေထွက်ကုန်ပစ္စည်းများအား ပြည်ပတင်ပို့ရာတွင် နိုင်ငံတကာက
ပြဋ္ဌာန်းသတ်မှတ်ထားသည့် အစားအသောက်ဘေးကင်းရေးဆိုင်ရာ ပြဌာန်းချက်များ၊ ရေထွက်ကုန်
ပစ္စည်းတင်ပို့မည့်နိုင်ငံများ၏ လိုအပ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေလိုကြောင်း
တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများအား အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊
မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုအခါတွင် တရုတ်နိုင်ငံတစ်ခု
တည်းသာ နိုင်ငံတကာသတ်မှတ်ချက်များအညီ တင်ပို့ရန်တောင်း ဆိုခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ရေထွက်ကုန် ပစ္စည်းများထဲတွင် ပင်လယ်ငါးများ၊ ငါးခြောက်၊
ပုစွန်ခြောက်၊ ငါးဆားနယ်၊ ဂဏန်းပျော့နှင့် ငါးရှဉ့်တို့ကိုသာ အဓိက တင်ပို့ခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး