နော်ဝေးက ငါးလုပ်ငန်း လေ့လာရန် ဖိတ်ခေါ်

နော်ဝေးက ငါးလုပ်ငန်း လေ့လာရန် ဖိတ်ခေါ်

နော်ဝေးနိုင်ငံမှ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် စားသောက်ကုန်လုပ်ငန်းများ အတွက် လေ့လာမှုများ
ပြုလုပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Nofima က မြန်မာနိုင်ငံမှ ငါးမွေးမြူရေး လုပ်ငန်းရှင်များ
အား မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ လေ့လာနိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းကြောင့် ယခုလ ၆ ရက်နေ့တွင်
လုပ်ငန်းရှင်သုံးဦး နော်ဝေးနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ
တာဝန်ရှိသူများက ပြောသည်။

နော်ဝေးနိုင်ငံက ထိုသို့ဖိတ်ကြားမှုမှာ ပြီးခဲ့သည့် နှစ် ၃၀ အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး ယခု
သွားရောက်သည့် လေ့လာရေးအဖွဲ့မှာ ရက် ၂၀ ကြာမြင့် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချုပ်အဖွဲ့ဝင် ဦးဟန်ထွန်း က ပြောသည်။

"လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က နော်ဝေးနိုင်ငံက မြန်မာ့ငါးလုပ်ငန်း ကဏ္ဍကို အများကြီးကူညီခဲ့ဖူး
တယ်။ နောက်ပိုင်းမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အဆက်အသွယ် သိပ်မရှိတော့ဘဲ အခုမှ ပထမဆုံး
ပြန်ပြီး ဖိတ်ခေါ်ခဲ့တာပါ" ဟု ၎င်းက ပြောသည်။

နော်ဝေးနိုင်ငံသည် လွန်ခဲ့သည့်နှစ် ၃၀ ၀န်းကျင်ခန့်က မြန်မာနိုင်ငံအား ငါးလုပ်ငန်းကဏ္ဍတိုးတက်
ရန်အတွက် အကူအညီထောက်ပံ့ပေးသည့်အနေဖြင့် ချေးငွေများထောက်ပံ့ပေးခဲ့ပြီး အဆိုပါချေးငွေ
များဖြင့် ငါး၊ ပုစွန်ဖမ်း သင်္ဘော ၁၃ စင်းခန့် ၀ယ်ယူနိုင်ခဲ့ ကြောင်း ၎င်းက ပြောသည်။

"နော်ဝေးနိုင်ငံက ငါးလုပ်ငန်းနဲ့ပတ်သက်ရင် တိုးတက်တယ်။ Salmon ငါးဖမ်းဆီးရေးနဲ့ မွေးမြူရေး
ဆိုရင် တစ်နှစ်ကို တန်ချိန်နှစ်သန်းခွဲလောက် အမေရိကန်ဈေးကွက်ကို တင်ပို့ရောင်းချနိုင်တယ်။
အစိမ်းလိုက်ရော၊ ငါးသေတ္တာ အနေနဲ့ပါ အမေရိကန်ဈေးကွက်ကို ပို့နိုင်တယ်။ Salmon ငါးဈေးကွက်
ကလည်း အမေရိကန်မှာဆိုရင် နံပါတ်တစ် နေရာလောက်မှာ ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့
ဆီကနေ သူတို့လို အဖွဲ့အစည်းအထောက်အပံ့နဲ့ ဒီလို ကျယ်ပြန့်တဲ့ဈေးကွက်တွေကို လေ့လာခွင့်
ရတာ တော်တော်ကောင်းပါတယ်" ဟု ၎င်းက ပြောသည်။

အမေရိကန်ဈေးကွက်တွင် ပုစွန်ဈေးကွက်မှာ အမြင့်ဆုံးဖြစ်ပြီး နံပါတ်တစ်နေရာတွင်ရှိကြောင်းဖြင့်
ယခု မြန်မာနိုင်ငံမှ သွားရောက်သူများအနေနှင့် နော်ဝေးနိုင်ငံတွင် ပုစွန်မွေးမြူရေး လုပ်ငန်းအား
အထူးလေ့လာခွင့်ရမည် ဖြစ်သည်။

"နော်ဝေးနိုင်ငံက ငါးမျိုးဗီဇမြှင့်တင်တဲ့နေရာမှာ အရမ်းအောင်မြင်တယ်။ ဈေးကွက်ဝင် ငါးတစ်ကောင်
ကို တစ်နှစ်လောက်အချိန်ယူမွေးရမှာကို ခြောက်လ၊ ခုနှစ်လလောက်နဲ့ အရွယ်ရောက်ပြီး ဈေးကွက်
၀င်အရွယ်အစား ဖြစ်အောင် မွေးနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အဓိက မွေးမြူနေတဲ့
မွေးမြူရေးငါးဖြစ်တဲ့ ငါးမြစ်ချင်းကိုလည်း ဒီလိုမျိုးဗီဇမြှင့်တဲ့ နည်းပညာတွေသုံးပြီး အခုထက်ပိုပြီး
ကျယ်ပြန့်အောင် မွေးမြူနိုင်ဖို့ နော်ဝေးနိုင်ငံရဲ့ နည်းပညာအကူအညီတွေရမယ်ဆိုရင် အဆင်ပြေမယ်
လို့ ထင်ပါတယ်။ အောင်မြင်ခဲ့ရင် အခုထက် ဈေးကွက်ပိုကျယ် ပြန့်လာပြီး ရောင်းတဲ့နေရာမှာလည်း
ဈေးပိုရလာမယ်"ဟု ဦးဟန်ထွန်းက ပြောသည်။

Nofima သည် နိုင်ငံတကာတွင် ငါးလုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ ဈေးကွက်များ
အတွက် နိုင်ငံတကာအဆင့်မီ နည်းပညာများအား သက်ဆိုင်ရာနယ်ပယ်အလိုက် သုတေသနပြု
လုပ်ကာ ဖော်ထုတ်ပေးလျက်ရှိပြီး ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး