အပ်ကားများ နည်းလာ၍ စလစ်ဈေးနှုန်း ပိုမိုတက်လာ

အပ်ကားများ နည်းလာ၍ စလစ်ဈေးနှုန်း ပိုမိုတက်လာ

ဇွန်လတတိယပတ် ထပ်မံအပ်နှံရန်ကျန်ရှိနေသည့် ကားဟောင်းများ ဆက်လက်အပ်နှံမှု နည်းပါး
လာကာ စလစ်ဈေးနှုန်းများ မြင့်တက်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်မှာလည်း သိသာစွာ
ကောင်းလာခြင်း မရှိသေးကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။

"အရောင်းဝယ်ကတော့ ထင်သလောက်မကောင်းဘူး။ နေရာလိုက်ပြီးတော့ သူ့ဟာနဲ့သူတော့
အရောင်းအဝယ်ဖြစ်ကြတာလောက်ပဲ ရှိတယ်။ တချို့နေရာတွေမှာ လုပ်ငန်းသုံး ကားတွေအရောင်း
အဝယ်ဖြစ်ပေမယ့် တချို့ ကားဝိုင်းတွေထဲမှာတော့ အိမ်စီးသီးသန့်အမြင့်ကားတွေ အရောင်းအဝယ်
ဖြစ်တယ်။ သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းနဲ့ သတိပဋ္ဌာန်၊ သံသုမာ၊ မြောက်ဥက္ကလာ ကား
ရောင်းဝယ်ရေးလုပ်တဲ့ နေရာတွေမှာတော့ အများစုက အိမ်စီးကားတွေလောက်ပဲ အရောင်းအဝယ်
ဖြစ်ပါတယ်" ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုဦးက ပြောသည်။

ကားဈေးကွက်အတွင်း အပ်ကား ဈေးများမြင့်လာပြီး စလစ်ဈေးနှုန်းများမှာလည်း သိသာစွာမြင့်တက်
လာခဲ့ကာ ယခင်က ကျပ် ၈၇ သိန်းဝန်းကျင် ခန့်ရှိသည့် 'လ' အက္ခရာ ကားဈေးနှုန်း မှာ ပြီးခဲ့သည့်
အပတ်တွင် သိန်း ၁၀၀ ကျော်အထိ ဈေးတက်လာခဲ့ပြီး ဆက်လက်အပ်နှံမည့် 'သ' အက္ခရာကား
စလစ်ဈေးနှုန်းမှာ သိန်း ၉၀ ခန့် အထိ ဈေးတက်လာကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး
စခန်းမှ ကားဝယ်ရောင်းလုပ်ကိုင်များက ပြောသည်။

" 'လ' အက္ခရာကားတွေကို ဖေဖော်ဝါရီလ မကုန်ခင်လေးကတင် အပ်နှံခွင့်ပေးခဲ့တဲ့ နောက်ပိုင်းက
စပြီး အခုအချိန်အထိ နောက်ပိုင်းအပ်နှံမှု ဆက်ပြီးလက်ခံမယ့် 'သ' အက္ခရာကားတွေကို အပ်နှံဖို့
ရက်အတိအကျ မကြေညာရသေးဘူး။ အခုဆိုရင် သုံးလကျော် လောက်ရှိသွားပြီး ကြေညာနိုးနိုးနဲ့
စောင့်လာလိုက်တာ 'သ' အက္ခရာစလစ်ဈေးတောင် သိန်း ၉၀ လောက်ဖြစ်လာပြီ" ဟု
ကားဝယ်ရောင်း ကိုနိုင်မင်း က ပြောသည်။

ပြင်ပတွင် 'သ' အက္ခရာကားများ အပ်နှံမှုကို ဇွန်လ ၂၁ ရက်နေ့တွင် စတင် လက်ခံတော့မည်ဟု
သတင်းများထွက်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ ၀ယ်ရောင်းသမားများက ပြောသည်။

"ကျွန်တော်တို့ကတော့ ဇွန်လ ၂၁ ရက်နေ့မှာ 'သ' တွေ အအပ်လက်ခံမယ်လို့ ကြားတယ်။
တိတိကျကျတော့ မသိသေးဘူး။ 'လ' အက္ခရာစလစ်က တော့ ဈေးကွက်ထဲမှာ ရှားနေတယ်။
ဈေးကိုဆွဲတင်ထားတယ်လို့ ထင်တယ်။ ကညနကလည်း ဈေးကစားနေတယ် ထင်တာပဲ။
စလစ်ဈေးတက်နေတော့ သာမန်ကားဝယ်မယ့်သူတွေက ဈေးအများကြီးပေးပြီး မဝယ်ဘူး။ အမြင့်
ကားသွင်းတဲ့သူတွေပဲ ၀ယ်ကြတယ်။ အခြေအနေက မတည်ငြိမ်ပေမယ့် အမြတ်သေချာတဲ့
အတွက် 'သ' အက္ခရာ ကားတွေ ၀ယ်စုတဲ့သူတွေလည်း ရှိတယ်။ လည်ရင်လည်သလို လုပ်နေကြ
ပြီး သတင်းဦးရဖို့တော့ လိုတယ်" ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကိုဖက်တီးက
ပြောသည်။ '

သ'အက္ခရာကားများအပ်နှံမှုနှင့် ပတ်သက်၍ ပြင်ပဈေးကွက်တွင် အဆိုပါသတင်းများ ထွက်ပေါ်နေ
သော်လည်း သက်ဆိုင်ရာမှ တစ်စုံတစ်ရာညွှန်ကြားခြင်း မရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အပြင်မှာတော့ သတင်းတွေအမျိုး မျိုးထွက်နေပေမယ့် ကျွန်တော်တို့ဆီ ကိုတော့ ညွှန်ကြားချက်
မလာသေးဘူး။ လက်ရှိမှာတော့ တစ်နေ့ကို အစီး ၁၀၀ ကနေ ၂၀၀ ပတ်ချာလည်တော့ လာအပ်
ကြတယ်" ဟု ၎င်းက ပြောသည်။

ယာဉ်အို၊ ယာဉ်ဟောင်း ဖျက်သိမ်းမှု အစီအစဉ်အရ ကားဟောင်းများ အပ်နှံမှုကို ဆက်လက်လက်
ခံရန် နှောင့်နှေးနေခြင်းကြောင့် ဈေးကွက်အတွင်း စလစ်ဈေးနှုန်းများ မလိုအပ်ဘဲ ဈေးမြင့်နေခြင်းဖြစ်
ကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များက ပြောသည်။

"ဈေးကွက်ထဲမှာ အပ်နှံထားတဲ့ 'လ' အက္ခရာကားစလစ်တွေ ရှားနေပြီး ဈေးလည်း တက်နေတယ်။
ယာဉ် ဟောင်းဖျက်သိမ်းမှုအစီအစဉ်အရ တင်သွင်းထားတဲ့ကားအရေအတွက်များလို့ ၀ယ်လိုအား
များရင် အဟောင်းအပ်တာကို ပိုလက်ခံရမယ်။

ဒါပေမဲ့ အခုက အဟောင်းအပ်တာ ထပ်လက်မခံသေးဘဲ လက်ရှိစလစ်ဈေးကို မြင့်အောင်ဆွဲတင်
နေတယ်" ဟု ရွှေဗဟို မော်တော်ယာဉ် တင်သွင်းခြင်းနှင့် ၀န်ဆောင်မှုလုပ်ငန်းမှ တာဝန်ခံ
ကိုညီညီဇော်က ပြောသည်။

ပြင်ပ ကားဈေးကွက်အတွင်း အရောင်းအဝယ် ကျဆင်းနေချိန်တွင် ကားအရောင်းပြခန်းများတွင်
လည်း အရောင်းအဝယ်ဖြစ်ရုံမျှသာရှိကြောင်း ကားဝယ်ရောင်းများက ပြောသည်။

မော်တော်ယာဉ်မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်မှုများတွင် ယခင်နိုင်ငံခြားငွေနှင့်
ကောက်ခံခဲ့ရာမှ ဇွန်လ ၁၀ ရက်နေ့မှစတင်ခါ မြန်မာကျပ် ငွေဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မြန်မာ
စီးပွားရေးဘဏ်တွင် ပေးသွင်းရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ခဲ့ကြောင်း ကားဝယ်
ရောင်း လုပ်ကိုင်သူများက ပြောသည်။

"ဘဏ်ကနေတစ်ဆင့် ငွေပေးသွင်းရတာတော့ ကောင်းပါတယ်။ လုပ်ငန်းသဘောအရတော့
နည်းနည်းကြန့်ကြာမှုတွေတော့ ရှိတယ်။ ဘဏ်ကလည်း တစ်နေ့စာ တစ်နေ့ငွေသွင်းချလန်တွေကို
ကညနရုံးတွေကို ပေးထားတယ်။ ဒါပေမဲ့ ဘဏ်ပိတ်ချိန်က မွန်းလွဲ ၃ နာရီဆိုတော့ အဲဒီနေ့မှာ
မမီလိုက်တာ တွေဆိုရင် နောက်တစ်နေ့ ငွေသွင်းချလန်ကို ပြန်ယူပြီးတော့ ငွေသွင်းဖို့ စီစဉ်ရတော့
လူများတဲ့နေတွေဆိုရင် ပိုဆိုးပါတယ်"ဟု ကားပိုင်ရှင်တစ်ဦးက ပြောသည်။

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု စတင်သည့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှ ယခုနှစ်၊ ဇွန်လ
၁၇ ရက်နေ့အထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်အပ်နှံသော
ယာဉ်အစီးရေပေါင်းမှာ စုစုပေါင်း ၅၁,၀၀၀ ကျော်ခန့်ရှိပြီ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး