မြန်မာ့သဘာဝဓာတ်ငွေ့ရောင်းချမှု ပြန်လည် စိစစ်သွားရန်လို

မြန်မာ့သဘာဝဓာတ်ငွေ့ရောင်းချမှု ပြန်လည် စိစစ်သွားရန်လို

မြန်မာနိုင်ငံ အနေဖြင့် လာမည့်နှစ်များအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမိုမြင့်မားလာနိုင်ခြင်း
ကြောင့် လက်ရှိ ပြည်ပသို့ သဘာဝဓာတ်ငွေ့ရောင်းချမှုကို ပြန်လည်သုံးသပ်ကာ အနာဂတ်တွင်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ကျန်ရှိမည့် သဘာဝသယံဇာတကို သေချာစွာ ခန့်မှန်းရန်
လိုအပ်ကြောင်း ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဟောင်း Mr. Piyasvasti Amranand က ဇွန်လဆန်းပိုင်း
က ထိုင်းနိုင်ငံ၌ မြန်မာမီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောသည်။

"မြန်မာနိုင်ငံအနေနဲ့ လာမယ့် အနှစ် ၂၀ အတွင်းမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက ခြောက်ဆ
လောက် မြင့်တက်လာ နိုင်တယ်။ ကိုယ့်မှာရှိနေတဲ့ သယံဇာတကို သေချာခန့်မှန်းဖို့လိုတယ်။
အဲဒါမှမဟုတ်ရင် နောက်ဆုံးမှာ ဘာမှမကျန်ဘဲ ဖြစ်နေလိမ့်မယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့
ရောင်းချလျက်ရှိပြီး မကြာခင်ကာလအတွင်း ဓာတ်ငွေ့ လိုအပ်ချက်များ မြင့်မားလာချိန်တွင်
ထုတ်လုပ်ရန် ဓာတ်ငွေ့ လက်ကျန်များ လျော့ပါးလာမည်ကို သတိပြုမိကြောင်း ၎င်းက ပြောသည်။

ဒေသတွင်းရှိ အရှေ့တောင်အာရှ နိုင်ငံများအနက် ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီယားနှင့် ဖိလစ်ပိုင် နိုင်ငံ
များသည် ပြည်ပနိုင်ငံများမှ ထွက်သော စွမ်းအင်အရင်းအမြစ်များကို တင်သွင်းနေရသည့် နိုင်ငံများ
ဖြစ်ပြီး ကျန်နိုင်ငံများမှာ စွမ်းအင်တင်ပို့သော နိုင်ငံများ ဖြစ်သောကြောင့် အာဆီယံနိုင်ငံ အများစုမှာ
မြန်မာနိုင်ငံ၏ စွမ်းအင်သယံဇာတများကို ၀ယ်ယူနိုင်မည့်အခွင့်အရေးရှိပါက ရသည့်အချိန်တွင်
ရယူသုံးစွဲလိုကြကြောင်း Mr. Piyasvasti Amranand က ပြောသည်။

နည်းပညာပိုင်းအရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှုသည် မဂ္ဂါ၀ပ် ၁၀၀,၀၀၀ ခန့်
ရှိသော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနိုင်သောကြောင့် မြန်မာအစိုးရ၏ ခန့်မှန်းချက်
ဖြစ်သော ၄၆,၀၀၀ မဂ္ဂါ၀ပ်ခန့်သာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်
ထုတ်လုပ်နိုင်မှုမှာ ၁၇၀၀ မဂ္ဂါ၀ပ်သာရှိ ကြောင်း ၎င်းက ပြောသည်။

"အခြား စွမ်းအင်အရင်းအမြစ်တွေထက်စာရင် သဘာဝဓာတ်ငွေ့က သန့်ရှင်းတဲ့ လောင်စာတစ်မျိုး
ဖြစ်တယ်။ ရေအားလျှပ်စစ်နဲ့ အခြားစွမ်းအင်အရင်း အမြစ်တွေနဲ့စာရင် စွမ်းအင်တွေရယူ နိုင်တဲ့
ဇစ်မြစ်တွေထဲမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်တဲ့အတွက် အကောင်းဆုံး
စွမ်းအင်အရင်းအမြစ်လည်း ဖြစ်ပါတယ်" ဟု Mr. Piyasvasti Amranand ကပြောသည်။

ထိုင်းနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ လျှပ်စစ်သုံးစွဲမှုသည် ပျမ်းမျှတစ်ဦးလျှင် တစ်နာရီ ကီလိုဝပ်
၂,၂၀၀ ကျော်ခန့် သုံးစွဲနေပြီး မြန်မာနိုင်ငံတွင် တစ်ဦးလျှင် တစ်နာရီ ၁၁၇ ကီလိုဝပ်ခန့် လျှပ်စစ်
သုံးစွဲနေခြင်းဖြစ်ရာ ထိုင်းနိုင်ငံမှ မိသားစုတိုင်းသည် လျှပ်စစ်အသုံး ပြုနိုင်သော်လည်း မြန်မာနိုင်ငံရှိ
မိသားစုများမှ ၁၃ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်သုံးစွဲနိုင် ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"လက်ရှိမှာ ထိုင်းနိုင်ငံကိုလည်း မြန်မာက နှစ် ၃၀ စာချုပ်နဲ့ သဘာဝဓာတ်ငွေ့တွေ ရောင်းချထား
တာရှိတယ်။ ထိုင်းနိုင်ငံကတော့ အနာဂတ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လိုအပ်ချက်က ၁၄ ဆ
လောက် မြင့်တက်လာနိုင်တာမို့ မြန်မာက ရောင်းသလောက်တော့ ဆက်ပြီးဝယ်သွားဖို့ ရှိပါတယ်။
ဒါပေမယ့်လည်း မြန်မာအနေနဲ့ ချင့်ချိန်ဖို့ လိုပါတယ်" ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် အနာဂတ်လျှပ်စစ် လိုအပ်ချက်အတွက် သဘာဝဓာတ်ငွေ့ကို အဓိကမှီခိုရခြင်း
ဖြစ်ပြီး မြန်မာနိုင်ငံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုဆိုင်ရာကိစ္စများကို ၁၉၉၀ ပြည့်နှစ်မှ စတင်
ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး