မိုးတွင်းအသုံးများသည့် ပီနံမိုးရေကာ ဖျင်များသည် ယခုနှစ်တွင် မိုးအဝင် နောက်ကျကာ ဈေးကွက်
အတွင်း ၀ယ်လိုအားကျဆင်းလာခြင်းတို့ကြောင့် ရန်ကုန်ဈေးကွက်နှင့် နယ်ဈေးကွက် နှစ်ခုစလုံးတွင်
အရောင်းအဝယ်ပါးနေပြီး မနှစ်က ရောင်းအားအောက်ထက် ၀က်ခန့်ကျဆင်းသွားကြောင်း မိုးရေ
ကာဖျင် လက်လီလက်ကား ရောင်းချသူများက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီနှစ်က အရောင်းအဝယ် တော်တော်ပါးတယ်။ ရောင်းအားက မနှစ်ကအောက် ၅၀ ရာခိုင်နှုန်း
လောက်ကိုကျသွားတယ်။ မိုးရေကာဖျင်က မိုးရွာမှရောင်းရတဲ့ ပစ္စည်းဖြစ်တဲ့အတွက် မိုးဦးစောရင်
ပိုရောင်းရပြီး မိုးနောက်ကျပြီး မိုးနည်းလေ အရောင်းအဝယ်ကအေးလေပဲ" ဟု သိမ်ကြီးဈေးရှိ
ဒေါ်တင်ကြည် ကြမ်းခင်း၊ စားပွဲခင်း၊ မိုးရေ ကာဖျင်အရောင်းဆိုင်မှ ဦးကျော်သူဆန်း က ပြောသည်။
ပုံမှန်အားဖြင့် မိုးရေကာဖျင်များကို သင်္ကြန်အပြီးကာလမှစ၍ ဇူလိုင်လ အထိရောင်းရလေ့ရှိပြီး
ယခုနှစ်တွင် မိုးအဝင်နောက်ကျသဖြင့် မေလလယ်လောက်မှ စတင်ရောင်းရကြောင်း ၎င်းက
ပြောသည်။
"အရင်နှစ်က မိုးတွင်းဒီအချိန်ဆို နှစ်လ၊ သုံးလလောက်အထိကို လက်မလည်အောင် ရောင်းရပေ
မယ့် ဒီနှစ်ကတော့ အခုတစ်လလောက်တောင် သိပ်မရောင်းရချင်ဘူး။ နယ်ဘက်တွေက
ဖောက်သည်တွေလည်း ဒီနှစ်သိပ်မမှာကြဘူး" ဟု သိမ်ကြီးဈေးရှိ နဂါးနီ ကြမ်းခင်း၊ ကော်ဇောနှင့်
မိုးကာ ပလတ်စတစ်အရောင်းဆိုင်မှ ဦးကျော်ကျော်စိုး က ပြောသည်။
ယခုလက်ရှိဈေးကွက်အတွင်းရှိ မိုးရေကာဖျင် ဈေးနှုန်းများမှာ ကိုက် ၁၀၀ ပါ အလိပ်တစ်လိပ်လျှင်
ကျပ် ၄၅,၀၀၀ မှ ကျပ် ၉၈,၀၀၀ ၀န်းကျင်အထိရှိပြီး တစ်ကိုက်လျှင် အနည်းဆုံး ကျပ် ၅၀၀ မှ
ကျပ် ၁၇၀၀ ၀န်းကျင်အထိရှိသည်။
"ဒေါ်လာဈေးတက်သွားတဲ့အတွက် မိုးရေကာဖျင် ဈေးတွေလည်း လိုက်တက်ပေမယ့် အရောင်း
အဝယ်ကအေးတော့ ပစ္စည်းကို ဆွဲထားလို့မရတဲ့အတွက် ဈေးကို သိပ်ဆွဲမတင်ကြဘူး။ အများဆုံး
တစ်လိပ်ကို တစ်ထောင်၊ နှစ်ထောင်လောက်ပဲ တက်တယ်။ မိုးရေ ကာဖျင်တွေက ဒီနှစ်မှာ သွင်းတဲ့
ကုမ္ပဏီတွေလည်း များလာသလို ရောင်းတဲ့ ဆိုင်တွေလည်း များလာတယ်။ မိုးတွင်းရောက်မှ
ဒီလုပ်ငန်းကို ထလုပ်ကြတဲ့လူတွေလည်းရှိတော့ ရောင်းတဲ့သူနဲ့ ၀ယ်လက်က မမျှဘူးဖြစ်နေတယ်"
ဟု ၎င်းက ပြောသည်။
မိုးရေကာဖျင်များကို ပြည်တွင်း ကုမ္ပဏီများက ကိုရီးယားမှ အများဆုံးတင်သွင်းပြီး ထိုင်းနှင့် တရုတ်
တို့မှလည်း တင်သွင်းကာ လက်ကားဆိုင်များသို့ ပြန်လည်ဖြန့်ဖြူးခြင်း ဖြစ်သည်။
"ကိုရီးယား မိုးရေကာဖျင်တွေက ဒေသတွင်းမှာလည်း အသုံးများတယ်။ ဈေးလည်း သက်သာပြီး
အရည်အသွေး လည်းကောင်းတဲ့အတွက် ပိုရောင်းရတယ်။ မြန်မာဖြစ် ကော်စေ့နဲ့ လုပ်ထားတဲ့
ဖြူကြည် (ပလတ်စတစ်အကြည်) မိုးရေကာဖျင်တွေလည်း ရောင်းရတယ်" ဟု မင်္ဂလာတောင်ညွန့်
မြို့နယ်ရှိ ချစ်သစ္စာ ဖယောင်းပုဆိုး၊ ပီနံ၊ မိုးကာ၊ ဖျာမျိုးစုံ လက်လီလက်ကား အရောင်းဆိုင်မှ
မစန္ဒာထွေး က ပြောသည်။
လက်ရှိဈေးကွက်အတွင်း ကိုရီးယားဖြစ်မိုးရေကာဖျင် တစ်ကိုက်လျှင်ကျပ် ၆၀၀ မှ ၁၂၀၀ ဈေးရှိပြီး
ပြည်တွင်းဖြစ် ဖြူကြည်မိုးရေကာဖျင်မှာ တစ်ကိုက်လျှင် ကျပ် ၂၀၀ မှ ၃၀၀ အထိသာဈေးရှိကြောင်း
၎င်းက ပြောသည်။
မိုးရေကာဖျင်များတွင် ပိတ်သားနှင့် ပြုလုပ်သည့် စစ်တာလပတ် မိုးကာ (အစိမ်း)၊ ပီနံနှင့်ပြုလုပ်
သည့် မိုးရေကာဖျင်များနှင့် ပလပ်စတစ်နှင့် ပြုလုပ်သည့် ပြည်တွင်းဖြစ် အဖြူအကြည်မိုးရေကာဖျင်
ဟူ၍ သုံးမျိုးရှိကြောင်း လက်လီ ရောင်းချသူများကပြောသည်။
"စစ်တာလပတ်မိုးကာတွေက အသုံးလည်းပိုခံပြီး ပီနံမိုးရေကာဖျင်တွေထက် ကုန်ကျစရိတ်သုံးဆ
လောက်ပိုများတဲ့အတွက် ကုန်ကားတွေမှာ အမိုးအကာအနေနဲ့ အသုံးပိုများပြီး တတ်နိုင်တဲ့လူတွေ
လောက်ပဲသုံးကြတယ်။ ဆိုင်မှာဆိုရင် ဈေးများတဲ့အတွက် တင်မထားဘူး" ဟု ဒေါ်တင်ကြည်
မိုးရေကာ ဖျင်ဆိုင်မှ ဦးကျော်သူဆန်းက ပြောသည်။
ပြည်တွင်းဖြစ် အဖြူအကြည် မိုးရေကာဖျင်များသည် တစ်မိုးသာ အသုံးခံသော်လည်း ဈေးနှုန်းသက်
သာသည့် အတွက် ဈေးပေါပေါ သုံးချင်သူများမှာ တာလပတ်နှင့် ပီနံမိုးရေကာဖျင်များအစား အသုံး
ပြုကြပြီး လမ်းဘေးဆိုင်များတွင်လည်း ဘေးအကာအနေနှင့် အသုံးများကြောင်း ၎င်းက
ပြောသည်။
"ပီနံ မိုးရေကာဖျင်တွေက ပလတ်စတစ်အဖြူအကြည် မိုးရေကာဖျင်တွေထက်လည်း အသုံးခံပြီး
တာလပတ်လောက်လည်းဈေးနှုန်းက မများတော့ ရန်ကုန်ဈေးကွက်မှာရော နယ်ဈေးကွက်မှာပါ
ပိုကြိုက်ကြတယ်" ဟု ၎င်း က ပြောသည်။
ပီနံမိုးရေကာဖျင်များကို အများအား ဖြင့်ဈေးဆိုင်နှင့် လူနေအိမ်များတွင် ကာရန် အသုံးပြုကြပြီး
လုပ်ငန်းသုံး အနေနှင့် မိုးတွင်းရေစိုမခံသည့်ပစ္စည်း များကို အုပ်ရာတွင်လည်း အသုံးပြုကြကြောင်း
မိုးရေကာဖျင် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
"အရင်တုန်းကတော့ မိုးရေကာဖျင်တွေကို အနည်းဆုံး အလိပ် ၅၀ ကနေ ၁၀၀ လောက်အထိ
လှောင်ထားရပေမယ့် အခုတော့ မိုးရေကာဖျင်တွေက လှောင်ရလောက်အောင်လည်း မရောင်းရ
တော့တဲ့အပြင် ဈေးတွေကလည်း အတက်အကျ မမှန်တော့ မလှောင် ဖြစ်တော့ဘူး" ဟု ၎င်းက
ပြောသည်။
မိုးရေကာဖျင်များမှာ အတိုဆုံး အနံ ခြောက်ပေမှ အရှည်ဆုံး အနံ ၁၂ ပေ အထိ အစားစားရှိကာ
အသင့်ချုပ်ပြီး သားများကိုလည်း ၁၂ ပေ ပတ်လည်၊ ၁၅ ပေပတ်လည် အစများဖြင့် ရောင်းချပြီး
၀ယ်ပြီးအစများကိုလည်း ဆိုင်တွင် ချုပ်နိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"ဆိုင်မှာ အခုမိုးထားတဲ့ မိုးရေကာ ဖျင်က ၀ယ်ထားတာ နှစ်နှစ် ရှိပြီ။ စီးပွားရေးကလည်း အဆင်
မပြေတော့ အသစ်လည်း မဝယ်ဖြစ်တော့ဘူး။ အရင်ဝယ်ထားတာကိုပဲ တစ်ဝက်ဖြတ်ပြီး ပြန်ချုပ်
လိုက်တယ်။ အဟောင်းက နည်းနည်းပြဲနေလို့ အသစ်ဝယ်လည်းဖြစ်ပေမယ့် အသစ်ဝယ်ရင် ပိုက်ဆံ
နှစ်သောင်းခွဲလောက် ကုန်မှာကနေ အခုလိုပြန်ချုပ်လိုက်တော့ ၂၅၀၀ လောက်ပဲကုန်တယ်" ဟု
လသာမြို့နယ် ရှိ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။
မိုးရေကာဖျင်များကို ချုပ်ပေးသည့် လမ်းဘေးအပ်ချုပ်ဆိုင်များတွင် မိုးရေကာဖျင် အဟောင်းများကို
ချုပ်လျှင် လက်ခ ကျပ် ၂,၀၀၀ ကျော် ၀န်းကျင်ကျပြီး အသစ်ကိုချုပ်လျှင် ကျပ် ၁,၀၀၀ ကျော်
၀န်းကျင်သာကျကြောင်း ၎င်းက ပြောသည်။
"မိုးတကယ်ရွာလာရင် ဆိုင်မှာ လုံလုံ ခြံုခြံုရှိဖို့အတွက် လိုအပ်တာထက် ပိုပြီးဝယ်ထားရတယ်။
မနှစ်ကဝယ် ထားတာက အခုထိရှိသေးပေမယ့် ဆိုင်ဘေးမှာပဲ အရံအဖြစ်ထားလိုက်ပြီး ဒီနှစ်
အတွက်ကို အမိုးအတွက် ပီနံမိုးရေကာဖျင် ခြောက်ကိုက်လောက်ဝယ်ရပြီး ဘေးကာဖို့အတွက်ကို
ပြည်တွင်းထုတ် အဖြူအကြည် မိုးရေကာဖျင်ကို သုံးကိုက်လောက်ဝယ်ရတယ်" ဟု
ကျောက်တံတားမြို့နယ် ၃၉ လမ်းရှိ ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

















