ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးပါ ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်မှာ
လည်းပြီးခဲ့သည့် လများ နည်းတူအေးလျက်ရှိပြီး ဈေးကွက်အတွင်း ၀ယ်လိုအားနည်းကာ
ရောင်းအားများနေကြောင်း ရွှေ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူများနှင့် ရွှေဆိုင်ပိုင်ရှင်များက
မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကမ္ဘာ့ရွှေဈေးကျပြီး ပြည်တွင်း ရွှေဈေးကလည်း လိုက်ကျလာပေမယ့် အရောင်းအဝယ်ကတော့
မကောင်းသေးဘူး။ ဈေးကွက်ထဲမှာ ၀ယ်လက်က နည်းနေပြီး ရောင်းချင်တဲ့သူက အများကြီးပဲ"ဟု
မြန်မာနိုင်ငံ ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ ဈေးကွက်ပိုင်းဆိုင်ရာ အုပ်ချုပ်မှု ဒါရိုက်တာ
ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်) က ပြောသည်။
ဇွန်လ ၂၅ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ ၁,၂၈၀ ရှိပြီး ပြည်တွင်းရွှေဈေးမှာ
အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆,၉၃,၀၀၀ ရှိသည်။
"ရွှေဈေးက ကျနေပေမယ့်လည်း ဒီအချိန်က ကျောင်းဖွင့်ရာသီလည်းဖြစ် လုပ်ငန်းရှင်အများစုက
လည်း သီးနှံတွေပေါ်တဲ့အချိန်မဟုတ်လို့ ငွေ မပေါ်တဲ့အချိန် ဖြစ်နေတဲ့အတွက် ရောင်းအားက
အရင်လအောက် သုံးပုံ တစ်ပုံလောက်ကို ကျသွားတယ်" ဟု ဦးကျော်ဝင်းက ပြောသည်။
ဈေးကွက်အတွင်း ငွေလို၍ ရွှေပြန် လည်ရောင်းချမှုအချို့ရှိပြီး လက်ဝတ်ရတနာရောင်းအားလည်း
ကျဆင်းကာ ပြီးခဲ့သည့် သုံး၊ လေးရက်အတွင်း ရွှေဈေးမှာ ကျပ် ရ၀၀,၀၀၀ အောက်ကျဆင်းသွား
ခြင်းကြောင့် ရွှေအတုံး လိုက်ဝယ်ယူမှုများ အနည်းငယ်ရှိကြောင်း ၎င်းက ပြောသည်။
"ဒီသုံး၊ လေးရက်လောက်အတွင်းမှာကို ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာတစ်ရာလောက်
ကျသွားတယ်။ ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးကျလို့လိုက်ကျပေမယ့် ပြည်တွင်း ငွေလဲလှယ်နှုန်း
က တက်နေတော့ တစ်ကျပ်သားကို ကျပ်နှစ်သောင်းလောက်ပဲ ကျသွားတယ်" ဟု ၎င်းက ပြော
သည်။
ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေ ဈေးနှုန်းကျသလောက် လိုက်မကျ ခြင်းကြောင့် လိုင်းမှအဝင်များနေ
ကြောင်း မန္တလေး အောင်သမာဓိရွှေဆိုင်မှ ဦးအောင်က ပြောသည်။
"ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာကို လိုင်းထဲကို တရုတ်ဘက်ကရွှေတွေ အဝင်များနေတယ်။ တရုတ်
ဘက်က ၀င်တာက ၆၀ ကျပ်သားရှိတဲ့ တစ်ကီလို ရွှေပြားလေးတွေ အဝင်များပြီး ဈေးကွက်မှာ
တစ်ကျပ်သား အရွယ်ပြန်ခွဲပြီး ရောင်းတာများတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မိုးရွာသွန်းမှုများနှင့် မြေလျှောမှု၊ မြေငလျင်အခြေအနေရှိခြင်းတို့ကြောင့် ရွှေထုတ်လုပ်
သည့်နေရာများတွင် ရွှေထုတ်လုပ်မှု နည်းနေသော်လည်း အရပ်ဘက်တွင် ရွှေပြန်သွင်းမှုများရှိခြင်း
ကြောင့် ရွှေအဝင်မျှနေကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးကာ ဈေးများ ကျဆင်းလျက်ရှိသော်လည်း
နိုင်ငံခြား ငွေဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဈေးမှာ ပြီးခဲ့သည့် နှစ်ရက်အတွင်း ဈေးတက်လာခဲ့
ကာ ဇွန်လ ၂၅ ရက် တွင် ကျပ် ၁,၀၀၀ ဈေးရှိခဲ့သည်။
















