တစ်ဦးချင်း ကားတင်သွင်းခွင့်ကို ခေတ္တဆိုင်းငံ့မည်ဆိုသည့် ကောလာဟလ သတင်းများထွက်ပေါ်
လာခြင်းကြောင့် ထိုသတင်းသာ မှန်ကန်ခဲ့ပါက ကား ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ဖွယ်
ရှိကြောင်းနှင့် ရန်ကုန်မြို့ပေါ်ရှိ ကားဝယ်ရောင်း ဈေးကွက်အတွင်း လက်ရှိ အရောင်းအဝယ်အခြေ
အနေမှာ ပိုမိုအေးလာခဲ့ကြောင်း ကားဝယ် ရောင်းလုပ်ငန်းရှင်များက ပြောသည်။
"တစ်ဦးချင်း နိုင်ငံခြားငွေပြပြီး ကားတင်သွင်းတဲ့အစီအစဉ်ကို ခေတ္တရပ်ထားဦးမယ်ဆိုတဲ့ သတင်း
တွေတော့ အပြင်မှာထွက်နေတယ်။ သက်ဆိုင်ရာက တရားဝင်ကြေညာတာတော့ အခုထိ
မရှိသေးဘူး။ နဂိုက အေးနေခဲ့တဲ့ အရောင်းအဝယ်ကလည်း အခုထိ ထူးပြီးကောင်းလာတယ်ကို
မရှိတော့ဘူး။ ခါတိုင်းနှစ်တွေဆိုရင် မိုးတွင်းမှာ အရောင်းအဝယ်က ပုံမှန် ဖြစ်နေပေမယ့် ဒီနှစ်တော့
ပုံမှန်ဖြစ်တယ်လို့ ပြောလို့မရသေးဘူး။ ဒီကြားထဲ ကောလာဟလတွေကြောင့် အရောင်းအဝယ်
မကောင်းပေမယ့်လည်း ကား ဈေးကနည်းနည်း ပြန်တက်သွားတယ်"ဟု ကားဝယ်ရောင်း
လုပ်ကိုင်သူ ဦးမင်းညွန့်က ပြောသည်။
လက်ရှိ ရန်ကုန်ကားဈေးကွက်အတွင်း ၀ယ်လက်များအနေဖြင့် ဒီဇယ်ကားများထက် ဓာတ်ဆီကား
များကို စိတ်ဝင်စားမှုပိုများပြီး စလစ်ဈေးနှုန်းများလည်း ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း ကားဝယ်
ရောင်းလုပ်ကိုင်သူများက ပြောသည်။
"ပန့်နဲ့ နော်ဇယ်ပိုင်းပြဿနာတွေကြောင့် ဒီဇယ်ကားတွေကို အကြိုက်နည်းလာပြီး သိပ်လည်း
အဝယ်မလိုက် တော့ဘူး။ ဓာတ်ဆီကားတွေကတော့ နည်းနည်းအရောင်းအဝယ် ကောင်းတယ်။
ဒါပေမဲ့ ဈေးကွက်ထဲမှာ နားလည်ထားကြတာကတော့ ဒီဇယ်က ဆီစားသက်သာတော့ ရေရှည်
အတွက် ပိုပြီး အဆင်ပြေနိုင်တယ်ဆိုတာပါ။ ဈေးကွက်ကတော့ တစ်ပတ်နဲ့ တစ်ပတ် အရောင်း
အဝယ်ပေါ် မူတည်ပြီး အပြောင်းလဲတွေတော့ရှိနေဦးမှာပါ" ဟု ကားဝယ်ရောင်း ကိုထွန်းအောင်
က ပြောသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနက 'သ' အက္ခရာကားများအပ်နှံမှုကို ဇွန် လ ၂၅ ရက်နေ့တွင် စတင်
လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က ကြေညာခဲ့သော်
လည်း အပ်ကားများမှာ ဈေးကွက်အတွင်း ပိုမိုရှားပါးလာကြောင်း မော်တော်ယာဉ် တင်သွင်းရောင်း
ချသည့် လုပ်ငန်းရှင်များက ပြောသည်။
"အခု 'သ' အက္ခရာတွေ အပ်လို့ရပြီလို့ ကြေညာထားပေမယ့် ဒီနေ့အထိ ကားတွေပျောက်နေတာ
ကတော့ ဆိုးတယ်။ 'လ' အက္ခရာနဲ့တုန်းက စလစ် ပေါက်ဈေးနဲ့ ကားရောင်းရတာ အဆင်မပြေလို့
အခု 'သ' ကိုစောင့်တော့လည်း မထူးခြားဘူး။ စလစ်ဈေးကို သိန်း ၉၀ အထိပေးဝယ်တာတောင်
လေး ငါးစီးလောက်ပဲ ရသေးတယ်။ 'ဘ' နဲ့ 'လ' တို့တုန်းကလိုမျိုး ကားတွေတန်းစီမနေသေးဘူး။
အမှန်က ကားအဟောင်းတွေကို သ၊ အ နဲ့ ၁က အထိလက်ခံ ပေးနိုင်ရင် ပိုကောင်းတယ်။
တစ်ဦးချင်း တင်သွင်းတဲ့သူတွေကို ပိတ်မယ်ဆိုတာ ကတော့မကြားမိသေးဘူး။ လက်ရှိအရောင်း
စင်တာတွေရဲ့ ဈေးကွက်ကတော့ အရင်အတိုင်းပဲ။ လုံးဝအဆုံးသတ်မသွားဖို့ကိုပဲ အာရုံစိုက်နေရ
တယ်"ဟု ရွှေဗဟို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် အရောင်းဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူ
တစ်ဦးဖြစ်သူ ကိုညီညီဇော်က ပြောသည်။
ပြင်ပ ကားဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များကလည်း ကောလာဟလသတင်းများနှင့် ပတ်သက်
၍မဝံ့ မရဲဖြစ်ရကြောင်းပြောသည်။
"အခု အပြင်မှာထွက်နေတဲ့ကောလာဟလတွေက အမှားတွေလို့တော့ ပြောလို့မရဘူး။ အပ်ကား
တွေကို အချိန်ဆွဲပြီး အအပ်ခံတယ်။ လမ်းလျှောက် ပါမစ်လို့ခေါ်တဲ့ တစ်ဦးတည်း တင်သွင်းခွင့်တွေ
ကို ခေတ္တဆိုင်းငံ့မယ်ဆိုတဲ့ အသံတွေကထွက်လာတယ်။ အရင်တုန်းကလည်း ဒီလိုကောလာဟလ
တွေက အတည်ဖြစ်ခဲ့ဖူးလို့ စလစ်သမားတွေ ကားကုမ္ပဏီတွေ တော်တော်များများ အရှုံးပေါ်ခဲ့ရတဲ့
သာဓကတွေကလည်း ရှိခဲ့တယ်လေ။ ဒီတော့ ဒီကောလဟလတွေက ဖြစ်လာမယ့်အခြေအနေကို
ရှေ့ပြေးအနေနဲ့ သတိပေးတဲ့ သဘောလည်းဖြစ်နိုင်သလို ငွေနိုင်တဲ့သူတွေ ဈေးကစားတဲ့
လှည့်ကွက်လည်း ဖြစ်နိုင်တယ်။ သက်ဆိုင်ရာရဲ့ တရားဝင်ထုတ်ပြန်ချက်ကိုပဲ စောင့်ရမယ်"ဟု
ကားဝယ်ရောင်း ကိုနိုင်မင်းက ပြောသည်။
လတ်တလော ကားဈေးကွက်အတွင်း ကျပ်သိန်း ၁၅၀ မှ ၂၅၀ ၀န်းကျင်ခန့် ရှိသည့် ၁၃၀၀ စီစီကား
များ အရောင်းအဝယ်ဖြစ်ခဲ့ပြီး 'လ' အက္ခရာ စလစ်ဈေးနှုန်းများမှာ ၁၀၂ သိန်းအထိ ပေါက်ဈေးရှိခဲ့
သည်။
'သ' အက္ခရာ စလစ် ဈေး နှုန်းများမှာလည်း ၈၅ သိန်းဝန်းကျင်ခန့်ရှိကာ အပ်နှံရန် ကြေညာခဲ့ခြင်း
ကြောင့် စလစ် ဈေးနှုန်းများ ပြန်လည် ကျဆင်းလာနိုင်ကြောင်း ကားဝယ် ရောင်းများက ခန့်မှန်း
သည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်ခဲ့သည့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုအစီအစဉ်အရ အပ်နှံ
ပြီးခဲ့သည့် ယာဉ်အစီးရေပေါင်း ၈၄,၈၅၆ စီးရှိပြီး ၂၀၁၂ ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့သည့် လူပုဂ္ဂိုလ်
တစ်ဦးချင်းအလိုက် ကားတင်သွင်းခွင့် ပါမစ်ထုတ်ပေးမှုမှာ ယခုနှစ် ဇွန်လ ၂၁ ရက်နေ့ အထိ
စုစုပေါင်း ၂၀,၉၆၂ စီးရှိပြီ ဖြစ်သည်။
ထို့အပြင် ဇွန်လ ၁၈ ရက်နေ့အထိ ဘီဘီနံပါတ် တက္ကစီထုတ်ပေးမှုမှာ ၉၆,၅၆၂ စီး ရှိခဲ့ပြီး
၉၉,၉၉၉ စီး သို့ ရောက်ရှိပါက စီစီနံပါတ်တက္ကစီအဖြစ် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း
လည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

















