ဂျပန်စပါးမျိုးများ မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုး

ဂျပန်စပါးမျိုးများ မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုး

ဂျပန်နိုင်ငံ Plant Genome Center (PGC) ကုမ္ပဏီက Japonica စပါးမျိုး ၁၃ မျိုးကို ဂျပန်
စိုက်ပျိုးရေးပညာရှင်များ ကြီးကြပ်ကာ ပထမဆုံးအကြိမ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ
မြို့နယ်ရှိ ဂုန်လျှော်ဝင်းစိုက်ကွင်းတွင် ဇွန်လ ၁၈ ရက်နေ့က ဆင်းသွယ်လတ် နှင့် မှော်ဘီ၂ မျိုးစပါး
များဖြင့် ယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း ဓနုဖြုမြို့ နယ် စိုက်ပျိုးရေးတာဝန်ခံ ဦးကြည်ထွန်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဓနုဖြုဒေသရဲ့့ရေမြေနဲ့ ကိုက်ညီမှုရှိ မရှိ သေသေချာချာ လေ့လာချင်တဲ့ PGC ကုမ္ပဏီရဲ့ကမ်းလှမ်း
ချက်ကြောင့် စမ်းသပ်စိုက်ပျိုးနေတာပါ။ ဓနုဖြူမြို့ နယ်မှာ လက်ရှိ စိုက်ပျိုးဖြစ်ထွန်းအအောင်မြင်ဆုံး
မျိုးစပါးတွေဖြစ်တဲ့ မှော်ဘီ ၂ နဲ့ ဆင်းသွယ်လတ်တို့နဲ့ ယှဉ်ပြိုင်ပြီး ပျိုးထောင်ထားပါတယ်" ဟု
၎င်းက ပြောသည်။

PGC နှင့် တွဲဖက်ကုမ္ပဏီ Bio Frontier တို့သည် Japan External Trade Organisation
(JETRO) ၏ ချိတ်ဆက်ပေးမှုကြောင့် Association of Japan and Myanmar Mutual
Corporation(AJMMC) မှတစ်ဆင့် ကဥ္စန ကျွန်းသာကုမ္ပဏီနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း ကဥ္စန ကျွန်းသာ ကုမ္ပဏီနိုင်ငံခြားဆက်သွယ်ရေးစီးပွားရေးဌာန အထွေထွေမန်နေဂျာ
ဦးသန်းထွန်းက ပြောသည်။

"ဂျပန်ကုမ္ပဏီက မြန်မာ့ရေမြေမှာ စပါးစမ်းသပ်စိုက်ပျိုးဖို့ စိတ်ဝင်စားတဲ့အတွက် JETRO ကို
ဆက်သွယ်တယ်။ အဲဒီကတစ်ဆင့် မြန်မာပြည်က AJMMC ကိုချိတ်ပေးပြီး ကဥ္စနကျွန်းသာကုမ္ပဏီ
နဲ့ လာချိတ်ဆက်တာပါ "ဟု ၎င်းက ပြောသည်။

Japonica မျိုးစပါးများသည်သာ မန်မျိုးစပါးများ မဟုတ်ဘဲ ဇီဝနည်းပညာကို အသုံးပြုကာ မျိုးဗီဇ
ပြုပြင်ထားသော စပါးမျိုးဖြစ်ပြီး ဂျပန်မှသွင်း အားစုများကိုသာ အသုံးပြုကာ စမ်းသပ်စိုက်ပျိုးခြင်း
ဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းပါက ဂျပန်နိုင်ငံက ဈေးကောင်းပေး၍ ပြန်လည်ဝယ်ယူမည်ဖြစ်ကြောင်း
ဦးကြည်ထွန်းက ပြောသည်။

"ဓနုဖြူနဲ့ ကိုက်ညီတဲ့ မျိုးစပါး ပါလာမယ်လို့တော့ မျှော်မှန်းထားပါတယ်။ Japonica မျိုးကလည်း
စံထားမျိုးအနေနဲ့ သုံးတဲ့မျိုးဆိုတော့ မြန်မာပြည်အနေနဲ့ မျိုးပွားပြီး ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုး
နိုင်ရင်တော့ ကောင်းတယ်" ဟု ဦးကြည်ထွန်းက ပြောသည်။

မြန်မာပြည်တွင် စမ်းသပ်စိုက်ပျိုးမှု အောင်မြင်မှသာ အဆိုပါစပါးမျိုးကို ပြန်လည်ထုတ်ယူနိုင်ရေး
အတွက် ပြန်လည် ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဦးသန်းထွန်းက ပြောသည်။

Japonica မျိုးစပါးများသည် အထွက်နှုန်း အလွန်ကောင်းသော စပါးမျိုးဖြစ်သော်လည်း ဂျပန်၏
အလွန် အေးမြသော ရာသီဥတုနှင့် များစွာ ကွာခြားချက်များရှိသဖြင့် အောင်မြင်မှုအလားအလာ
နည်းနိုင်ကြောင်း ဆန် စပါးစိုက်ပျိုးရေးပညာရှင် ဦးထွန်းဝင်း က ပြောသည်။

Japonica မျိုးက တစ်ဧကကို အထွက်နှုန်း တင်း ၂၀၀ ကျော်လောက်အထိ ထွက်နိုင်တယ်။
ဒါပေမဲ့ အရမ်း အေးတဲ့ဒေသမှာ စိုက်တဲ့မျိုးက ကျွန်တော်တို့ အပူပိုင်းဇုန်မှာ စိုက်တော့ အပင်ကြီး
ထွားမှုနည်းတာတို့ အထွက် နှုန်းကျတာတို့ ဖြစ်နိုင်တယ်။ စပါးဆိုတာက ရာသီဥတုပေါ်မူတည်ပြီး
ရလဒ်တွေက ကွာခြားတယ်" ဟု ၎င်းက ပြောသည်။

တရုတ်ပြည်မှ ပုလဲသွယ် စပ်မျိုးစပါးများကို ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းမှ
တစ်ဆင့် မြန်မာပြည်တွင်း တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း ယင်းမျိုးများမှာ ပြည်တွင်း၌ မျိုးထုတ်လုပ်
နိုင်ခြင်းမရှိကြောင်းနှင့် ရောဂါဖြစ်ပွားနှုန်းများသဖြင့် ငွေကြေး အမြောက်အမြားသုံးစွဲကာ ရောဂါ
ကာကွယ်ရကြောင်း ဦးထွန်းဝင်းက ပြောသည်။

ထို့ကြောင့် ပြည်တွင်းသို့တင်သွင်းလာသော မျိုးစပါးများကို ဒေသန္တရ ရာသီဥတုနှင့်ကိုက်ညီမှု ရှိ
မရှိ သတ်မှတ်သည့် မျိုးစေ့ဥပဒေ (Seed Law) ဖြင့် စိစစ်ရန်လိုကြောင်း စိုက်ပျိုးရေးပညာရှင်များ
က သုံးသပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး