အီးယူက ခွင့်ပြုသည့် GSP ရေလုပ်ငန်းတွင် လက်တွေ့ အကျိုး သက်ရောက်မှုမရှိသေး

အီးယူက ခွင့်ပြုသည့် GSP ရေလုပ်ငန်းတွင် လက်တွေ့ အကျိုး သက်ရောက်မှုမရှိသေး

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်း အပါအဝင် အခြားပို့ ကုန်များအား အခွန်
ကင်းလွတ်သက်သာခွင့် Generalized Scheme of Preferences (GSP)ကို ဇွန်လ ၁၂ရက်နေ့၌
စတင်ခွင့်ပြုပေးခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ဥရောပ သမဂ္ဂဝင် နိုင်ငံများသို့ တင်ပို့သော
ရေထွက်ကုန်ပစ္စည်းများအပေါ် အခွန် ဆက်လက်ကောက်ခံခြင်းများ ရှိနေသေးကြောင်း ပို့ကုန်
လုပ်ငန်းရှင်များ က ပြောသည်။

"အီးယူက GSP ပေးတဲ့ဇွန် ၁၂ ရက် နောက်ပိုင်း သူတို့ဆီပို့လိုက်တဲ့ ကုန်တွေကို ဈေးညှိတဲ့အခါမှာ
အဲဒီဘက်က ၀ယ်သူတွေက သူတို့တွေအနေနဲ့ အခုထိ အခွန်ဆောင်နေရတုန်းပါပဲဆိုပြီး
ပြောတယ်။ အဲဒါကြောင့် ဈေးတွေကိုလည်း အရင်အတိုင်း အခွန်ဖိုး နုတ်ပြီးမှပေးပါမယ်လို့
ပြောတယ်။ ၊အီးယူရဲ့ GSP က သက်ရောက်မှုမရှိသေးဘူး" ဟု General Food Technology
and Industry ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးညွန့်က ပြောသည်။

ယခင်မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို အီးယူနိုင်ငံများသို့ တင်ပို့ရာတွင် ၎င်းတို့ဘက်က
၀ယ်ယူသူများအနေဖြင့် ကုန်ပစ္စည်းများအပေါ် အခွန်ပေးဆောင်ရသည့်အတွက် အဆိုပါ အခွန်
တန်ဖိုးများအား နုတ်ယူကာ ကုန်ပစ္စည်းတန်ဖိုး ပေးချေသည့်အတွက် GSP ရရှိပါက ပိုမိုအဆင်ပြေ
မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"အရင်တုန်းက သူတို့ဘက်က အခွန်ဆောင်ရတဲ့အတွက် GSP ကို မျှော်လင့်နေတာပါ။ ခွင့်ပြုပေမဲ့
လက်တွေ့မှာ မရတော့အရမ်း စိတ်ညစ်သွားတယ်။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်"
ဟု ၎င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

မြန်မာ့ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း အီးယူနိုင်ငံ၏ ရေထွက်ကုန် ပစ္စည်းများအပေါ်ထားရှိ
သည့် စံချိန်စံညွှန်းများမှာ မြင့်မားသည့်အတွက် တင်ပို့နိုင်မှုမှာခက်ခဲကြောင်း မြန်မာနိုင်ငံ
ရေထွက်ကုန် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဦးတင့်ဆွေက
ပြောသည်။

"အခုအီးယူက အခွန်ကင်းလွတ်ခွင့် ရပေမယ့်လည်း ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအတွက်တော့
အရမ်းကြီး အဆင်ပြေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီက အစားအသောက်
ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်ချက်တွေက အရမ်းများတယ်။ သူတို့ဆီက
သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာမယ်ဆိုရင်လည်း ဒီက ပို့ကုန်သမားတွေအတွက် ရင်းနှီးမြှုပ်နှံမှု
က အရမ်းကိုများတယ်။ လက်ရှိမှာလည်း အီးယူကိုပို့နိုင်တဲ့ စက်ရုံက အများကြီး မရှိသေးဘူး။
အီးယူကို ပို့မယ်ဆိုရင် စက်ရုံတစ်ခုတည်း ကောင်းမှမဟုတ်ဘူး။ ငါးဖမ်းနည်းတွေနဲ့ စက်လှေတွေပါ
အကုန်လုံး သူတို့သတ်မှတ်ချက်အတိုင်းဖြစ်မှ တင်ပို့ခွင့်ရတာ" ဟု ၎င်းက ပြောသည်။

အီးယူက ရေထွက်ကုန်ပစ္စည်းများ အပေါ်သတ်မှတ်သည့် အချက်ပေါင်း ၂၆၀ ကျော်ရှိပြီး
မြန်မာနိုင်ငံမှ ရေထွက် ကုန်ပစ္စည်းများကို အီးယူနိုင်ငံများသို့ တင်ပို့ခွင့်ရရှိသော စက်ရုံမှာ ယခင်က
၁၃ ရုံသာရှိသော်လည်း ဇွန်လနောက်ပိုင်းတွင် စက်ရုံတစ်ရုံ ထပ်မံတိုးလာသည့်အတွက် စုစုပေါင်း
၁၄ ရုံ ရှိကြောင်း ၎င်းက ပြောသည်။

ပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့်လည်း အီးယူနိုင်ငံများသို့ ယခုထက်ပို၍ တင်ပို့နိုင်မှုအခြေအနေမှာ
လတ်တလော အဆင်မပြေသေးကြောင်း ရေထွက်ကုန်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ
ဒေါ်တိုးနန္ဒာတင်က ပြောသည်။

"ကျွန်မစက်ရုံကတော့ အီးယူကိုမပို့ဘူး။ အီးယူက GSP ပေးလိုက်ပြီ ဆိုပေမယ့်လည်း လောလော
ဆယ်တော့ သူတို့ဆီကိုတင်ပို့ဖို့ အဆင်မပြေသေးဘူး။ နောက်ပို့နိုင်အောင်တော့ ကြိုးစားနေပါ
တယ်။ အီးယူက သတ်မှတ်ချက်တွေကလည်းများတယ်လေ။ သူတို့ဆီကိုပို့မယ်ဆိုရင် စက်ရုံအပြင်
မွေးမြူရေးပိုင်းကလည်း ကောင်းရမယ်။ ငါးဖမ်းတယ်ဆိုရင်လည်း စက်လှေတွေက သူတို့စံချိန်တွေ
နဲ့အညီ ဖြစ်ရမယ်။ ရေခဲနဲ့ ရေသုံးတာကအစ သူတို့ သတ်မှတ်ထားတဲ့ စံချိန် စံနှုန်းတွေအတိုင်း
လုပ်မှရမှာဆိုတော့ လက်တွေ့မှာ ခက်ခဲနေပါတယ်။ ကျွန်မတို့အနေနဲ့က အားလုံးပူးပေါင်းပြီး
လုပ်နိုင်မှ သူတို့ဆီကို ပို့နိုင်မှာပါ" ဟု ၎င်းက ပြောသည်။

ယခင် GSP မရရှိမီက မြန်မာနိုင်ငံမှတင်သွင်းသော ကုန်ပစ္စည်းအတွက် အီးယူနိုင်ငံများမှဝယ်ယူသူ
များအနေဖြင့် တင်သွင်းသည့် ကုန်ပစ္စည်းမှာ ကုန်ကြမ်းဖြစ်ပါက ၁၃ ဒသမ ရ ရာခိုင်နှုန်းပေးဆောင်
ရပြီး ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ထားပါက ၂၀ ရာခိုင် နှုန်းပေးဆောင်ရခြင်း ဖြစ်သည်။

အီးယူဈေးကွက်တွင် ပုစွန်ဈေးကွက်မှာ အကြီးဆုံးဖြစ်ပြီး ယခုလက်ရှိတွင် မြန်မာနိုင်ငံမှ ငါးများသာ
အများဆုံးပို့ နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး