ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် သတင်းအချက်
အလက်ဌာနကို ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်မြှင့်တင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးအောင်စိုးက ပြောသည်။
"အမေရိကန်ကလည်း မြန်မာနိုင်ငံကို ပို့ကုန်အခွန်ကင်းလွတ်ခွင့် (GSP) ပေးဖို့ စဉ်းစားနေတယ်။
ဥရောပသမဂ္ဂ ကတော့ မြန်မာနိုင်ငံကို GSP ပေးလိုက်ပါပြီ။ ဒါကြောင့် ကုန်သွယ်မှုကဏ္ဍမှာ
ကျွန်တော်တို့ နိုင်ငံက အရင်ထက်အခွင့်အလမ်းတွေ ပိုများလာပါတယ်။ ခုဆို ဥရောပကိုလည်း
သူများနည်းတူ တင်ပို့လို့ရပြီ။ ကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးနဲ့ နိုင်ငံတကာကုန်သွယ်ဖက် နိုင်ငံ
တွေကို ကူညီပေးနိုင်ဖို့ ကုန်သွယ် မှု မြှင့်တင်ရေးနဲ့ သတင်းအချက်အလက်ဌာနကို ဒီနှစ်ထဲ
ရန်ကုန်မှာ ဖွင့်လှစ်သွားမှာပါ။ လောလောဆယ် ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်
သိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ၀န်ကြီးဌာနက အချိန်နဲ့ တစ်ပြေးညီဖြစ်အောင် တရားဝင်
လွှင့်တင်ထားတဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ရှုပြီး သတင်းအချက်အလက်တွေကို အလွယ်တကူ
ရှာဖွေကြည့်လို့ ရနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများကို အဓိကပို့ကုန်အဖြစ် တင်ပို့နေပြီး၊
လယ်ယာ၊ သားငါး နှင့် သစ်တောစသည့် ကဏ္ဍများအနေဖြင့် တစ်နှစ်အတွင်း စုစုပေါင်းတိုင်းပြည်
ထုတ်ကုန်တန်ဖိုး (GSP) ၏ ၃၂ ရာခိုင်နှုန်းနှင့် နိုင်ငံခြားတင်ပို့ကုန် တန်ဖိုးအားလုံး၏ ၄၂ ဒသမ ၉
ရာခိုင်နှုန်းရှိကြောင်း ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်တွင် ဇွန်လ၊ ၁၉ ရက်နေ့က ကျင်းပသော
လယ်ယာစိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် နည်းပညာဆိုင်ရာ ဆွေး နွေးပွဲတွင် ဦးအောင်စိုးက
ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု မူဝါဒနှင့် ရည်ရွယ်ချက်များအပြင် လယ်ယာကဏ္ဍကုန်သွယ်မှု
မူဝါဒများကိုလည်း ချမှတ်အကောင်အထည်ဖော်နေသည့်နည်းတူ ၁၉၈၈ ခုနှစ် ၁၉၉၄ ခုနှစ်အတွင်း
ပြဋ္ဌာန်းခဲ့သည့် ကုန်သွယ်ရေးနှင့်ဆိုင်သော ဥပဒေများအပြင် ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှုဥပဒေနှင့် သွင်းကုန်ထုတ် ကုန်ဥပဒေတို့ကို ပြဌာန်းခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသည် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက်
နယ်စပ်ကုန်သွယ်ရေး စခန်းများကိုလည်း ယခုနှစ်အတွင်း တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် စုစုပေါင်း
နယ်စပ်ကုန်သွယ်ရေး စခန်း ၁၄ ခုရှိပြီး၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ နှစ် ဘီလျံကျော်နှင့် သွင်းကုန်တန်ဖိုး ၁ ဒသမ ၅ ဘီလျံကျော်
ရှိခဲ့ကြောင်းလည်း ၀န်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြသည်။
အဆိုပါ စာရင်းများအရ ဒေသအလိုက် ကုန်သွယ်မှုတွင် မြန်မာနိုင်ငံသည် အာဆီယံနှင့်
၄၇ ရာခိုင်နှုန်း၊ အရှေ့အာရှဒေသနှင့် ၄၀ ရာခိုင်နှုန်း အများဆုံးကုန်သွယ်လျက်ရှိပြီး၊ ဥရောပနှင့်
ကုန်သွယ်မှုသည် လက်ရှိ အနေအထားတွင် နှစ်ရာခိုင်နှုန်းသာ ရှိသေးသည်။
လက်ရှိမြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ၊
ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျာမနီနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြသည်။
ကုန်သွယ်မှုတန်ဖိုး စုစုပေါင်းသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၈ ဘီလျံ
ကျော်ရှိခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ရှိကြောင်းလည်း ဖော်ပြထား
သည်။
















