ငါးမဖမ်းရ ရာသီအတွင်း ရ၅ ရာခိုင်နှုန်းကို ပြန်လည် ဖမ်းဆီးခွင့်ပြုခဲ့

ငါးမဖမ်းရ ရာသီအတွင်း ရ၅ ရာခိုင်နှုန်းကို ပြန်လည် ဖမ်းဆီးခွင့်ပြုခဲ့

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွင် ငါးသယံဇာတ
ထိန်းသိမ်းရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ်ဇွန်လ ၁ ရက် နေ့မှ ဇူလိုင်လ ၁၅
ရက်နေ့အထိ ငါးဖမ်းဆီးကွက် အားလုံးတွင် ငါးမဖမ်းရရာသီ ၄၅ ရက် အဖြစ် ပထမဆုံးသတ်မှတ်ခဲ့
အပြီး မြန်မာနိုင်ငံ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့
ချုပ်တို့ ပူးပေါင်းကာ လုပ်ငန်းရှင်များအတွက် လျှော့ပေါ့ စဉ်းစားပေးရန် တင်ပြခဲ့ခြင်းကြောင့်
၀န်ကြီးဌာနက အဆိုပါ ကာလအတွင်း ငါးဖမ်းခွင့်ကို ရ၅ ရာခိုင်နှုန်း ပြန်လည်ခွင့်ပြုပေးခဲ့သည်။

ထိုကဲ့သို့ ငါးဖမ်းစက်လှေများ ဖမ်းဆီးခွင့်ကို ရာနှုန်းပြည့်မပိတ်ပင်ဘဲ ရ၅ ရာခိုင်နှုန်း ခွင့်ပြုခဲ့ခြင်း
ကြောင့် ငါးဖမ်းစက်လှေပိုင်ရှင်များ၊ ရေလုပ်သားများ၊ ငါးဈေးသည်များနှင့် အအေးခန်းစက်ရုံလုပ်ငန်း
များအတွက် အဆင်ပြေကာ ဈေးကွက်အတွင်း ပင်လယ်ငါးပြတ်လပ်မှုလည်း မဖြစ်ပေါ်နိုင်တော့
ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

"အခုလို ငါးမဖမ်းရရာသီမှာ ငါးဖမ်းဆီးခွင့် ရ၅ ရာခိုင်နှုန်း ခွင့်ပြုလိုက်တဲ့အတွက် အရမ်းကို ကျေးဇူး
တင်ပါတယ်။ ဒီလိုခွင့်ပြုလိုက်တဲ့အတွက် ငါးဖမ်းလုပ်ငန်းကို အဆက်မပြတ် လုပ်ကိုင်ခွင့်ရတာပေါ့။
ငါးမဖမ်းရ ရာသီဆိုတာ ငါးလုပ်ငန်းလုပ်ကိုင်တဲ့ နေရာတိုင်းနဲ့ နိုင်ငံတိုင်းမှာ ရှိသင့်တဲ့အရာတစ်ခုပါ။
သူများနိုင်ငံတွေမှာလည်း သူတို့ရာသီနဲ့ သူတို့ ငါးသယံဇာတတွေ အလွယ်တကူ မယုတ်လျော့
အောင် ငါးမဖမ်းရရာသီကို သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံအနေအထားက ဒီလို
ပိတ်တဲ့ရက်အတွင်းမှာ စားဝတ်နေရေး အခက်အခဲဖြစ်မယ့်သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့်
ကျွန်တော်တို့က ၀န်ကြီးဌာနကို လျှော့ပေးဖို့ တောင်းဆိုခဲ့တာပါ" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့
ချုပ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဟန်ထွန်းက ပြောသည်။

ငါးဖမ်းခွင့်ကို လုံးဝ ပိတ်ပင်လိုက်ပါက အဆိုပါကာလအတွင်း ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းနှင့်
ဆက်စပ်လျက်ရှိသော ရေလုပ်သားများ၊ ဆိပ်ခံတံတား ကုန်တင်ကုန်ချ အလုပ်သမားများ၊ ငါး
ရောင်းချသူများ၊ ငါးပိငါးခြောက်လုပ်ငန်း ရှင်များနှင့် ၎င်းတို့ မိသားစုများပါ အခက်အခဲကြံုတွေ့နိုင်
ပြီး အအေးခန်း လုပ်ငန်း စက်ရုံများပါ အခက်အခဲ ကြုံတွေ့နိုင်ခြင်းကြောင့် အဆိုပါ အခက်အခဲများ
ကို ၀န်ကြီးဌာနက ပြန်လည် သုံးသပ်နိုင်ရန် ငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် ပူးပေါင်းကာ တင်ပြခဲ့ခြင်းဖြစ်
ကြောင်း ၎င်းက ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနကလည်း အသင်းအဖွဲ့များမှ ပေးပို့သော ပင်လယ်တွင်း ငါးဖမ်းသည့် အရေ
အတွက်ကို သက်ဆိုင်ရာ Check Point များ၏ စာရင်းများနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးကာ
ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေ ရ၅ ရာခိုင်နှုန်းသာ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ပင်လယ်ပြင်မှာ ရာနှုန်းပြည့် ဖမ်းခွင့်မပေးတော့တဲ့ သဘောပါပဲ။ အရင်က ပုံမှန် ၁၀၀ ရာခိုင်နှုန်း
ရှိရင် အခုငါးမဖမ်းရရာသီမှာ ၂၅ ရာခိုင်နှုန်း လျှော့ချလိုက်တဲ့ သဘောပါပဲ။ ပင်လယ်ပြင်မှာ ငါးဖမ်း
စက်လှေ ရ၅ ရာခိုင်နှုန်း ရှိဖို့ကတော့ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်အသင်းနဲ့ ငါးလုပ်ငန်း
အဖွဲ့ ချုပ်က သူတို့ရဲ့ ဆိပ်ခံတွေမှာရှိတဲ့ ငါးဖမ်းစက်လှေအရေအတွက်ကို စာရင်းကောက်ပြီး
ဘယ်အစီးကတော့ နားမယ်၊ ဘယ်အစီးကတော့ ထွက်မယ်ဆိုပြီး စီစဉ်သွားပါလိမ့်မယ်။ ကျွန်တော်
တို့ဘက်ကလည်း သူတို့ ပို့လာတဲ့ စာရင်းကို ကျွန်တော်တို့ဆီမှာရှိတဲ့ စာရင်းတွေနဲ့ ပြန်စိစစ်မှာပါ။
အခြေပြုဆိပ်ကမ်းတွေမှာရှိတဲ့ သင်္ဘောစင်းရေစာရင်းထဲက ရ၅ ရာခိုင်နှုန်းကိုပဲ ဖမ်းခွင့်ပြုမှာပါ" ဟု
၎င်းက ပြောသည်။

ယခုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ် ၄၅ ရက်အတွင်း ပင်လယ်ပြင်ငါးဖမ်းဆီးမှုကို
၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းကြောင့် ငါးသယံဇာတကို အထိုက်အလျောက် ထိန်းသိမ်းနိုင်မည်
ဖြစ်ကာ ငါးဖမ်းလုပ်ငန်း နှင့် ဆက်စပ်လျက်ရှိသည့် အခြား စီးပွားရေးလုပ်ငန်းများနှင့် လုပ်သားများ
အတွက်လည်း အဆင်ပြေစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"အခုလို လျှော့ပေါ့ပေးလိုက်တဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေ အတွက်လည်း
အကျိုးရှိတာကို တွေ့ရပါတယ်။ အလှည့်ကျစနစ်မျိုးနဲ့ သွားမှာဆိုတော့ တစ်ချို့ စက်လှေပိုင်ရှင်တွေ
လည်း ပြင်ဆင်မှုတွေ လုပ်နိုင်ကြပါတယ်။ နောက်ပြီး ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်လို ဒေသမျိုး
ဆိုရင်လည်း ရာသီဥတုအခြေအနေ ကြောင့် တစ်ခါတလေ ငါးဖမ်းမထွက်ကြတာမျိုးလည်း ရှိတတ်
ကြပါတယ်။ ရာနှုန်းပြည့်ဖမ်းဆီးခွင့် မပိတ်တဲ့အတွက် ကုန်ကြမ်းပြတ်လပ်မှုကအစ အဆင်ပြေစေပါ
တယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းဝေး ငါးမဖမ်းရရာသီကို ပြီးခဲ့သည့်နှစ်တွင် တနင်္သာရီတိုင်းဒေကြီး၌
ဇွန်၊ ဇူလိုင် နှင့် ဩဂုတ် သုံးလ စမ်းသပ်ပိတ်ပင် ခဲ့ပြီး ဒေသခံလုပ်ငန်းရှင်များ အခက်အခဲများစွာ
ကြံုတွေ့ခဲ့ရသည့်အတွက် ယခု နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၄၅ ရက် ပြောင်းလဲ
သတ်မှတ်ခဲ့ခြင်းဖြစ်ကာ အဆိုပါ ကာလအတွင်း ငါးဖမ်းစက်လှေ ရ၅ ရာခိုင်နှုန်းကိုလည်း ဖမ်းဆီး
ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး