မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေသည် ဇူလိုင်လအစပိုင်းတွင် ပေါ်ထွက်လာနိုင်ဖွယ်ရှိပြီး အဆိုပါ
ဥပဒေ ထွက်ပေါ်လာပါက ဗဟိုဘဏ်သည် လွတ်လပ်သော အဖွဲ့အစည်း တစ်ရပ်အနေဖြင့် လက်ရှိ
ဖြစ်ပေါ်နေသော ငွေကြေး အတက်အကျ ပြဿနာများကို ပိုမိုတည်ငြိမ်မှုရှိအောင် ကိုင်တွယ်လာ
နိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
၎င်းတို့ပြောကြားချက်အရ ဧပြီလ အတွင်းက ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် သမ္မတရုံးသို့
တင်ပို့ခဲ့ရာတွင် သတ်မှတ်ချက်များ ရရှိခဲ့ပြီး ယခုတစ် ကြိမ် ပြန်လည်ဆွေးနွေးခြင်း ဖြစ်သည်။
ဗဟိုဘဏ် ၀န်ထမ်းများက ရေးဆွဲခဲ့သော ဥပဒေကြမ်းတွင် အခန်းပေါင်း ၁၇ ခန်း ပါ၀င်ပြီး ပုဒ်မ
ပေါင်း ၁၁၆ ခု ပါရှိကာ ပြီးခဲ့သည့်ဧပြီလအတွင်းက ပြည်ထောင်စု လွှတ်တော်က ပုဒ်မ ပေါင်း ရ၄ ခု
ကို ပြင်ဆင်မှုအပြီးတွင်အခန်းပေါင်း ၁၈ ခန်းနှင့် ပုဒ်မပေါင်း ၁၁၉ ခု ပါ၀င်လာခဲ့သည်။
"သီးခြားဗဟိုဘဏ်အဖွဲ့အစည်းဖြစ်လာတာနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကို ပီပီ ပြင်ပြင်ဖြစ်လာအောင်
ဖွဲ့စည်းရပါမယ်။ နောက်ပြီး အရေးကြီးတဲ့အဓိကလုပ်ငန်း တာဝန်တစ်ခုဖြစ်တဲ့ ငွေကြေးမူဝါဒကို
အကောင်အထည်ဖော်ဖို့ မူဝါဒဆိုင်ရာ လက်နက်တွေ အသုံးချနိုင်ဖို့ စီစဉ် ဆောင်ရွက်ရပါမယ်" ဟု
ဗဟိုဘဏ် နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဒီဥပဒေ ထွက်ပေါ်လာမှု အခြေအနေက အခုချိန်မှာဆိုရင် ဗဟိုဘဏ်နဲ့မဆိုင်တော့ပါဘူး။
ပြည်ထောင်စု လွှတ်တော်ရဲ့ ဆွေးနွေးမှု အပြီးမှာ ထွက်လာမှာပါ။ ဇူလိုင်ပထမပတ် ဒါမှမဟုတ်
နောက်အကျဆုံး ဒုတိယပတ်လောက် ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်"ဟု ၎င်း က ပြောသည်။
ဗဟိုဘဏ်၏ အဓိကရည်ရွယ်ချက်အရ ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှုရရန်နှင့် ထိန်းသိမ်းရန်
အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။
ယင်းအတွက် အဓိကလုပ်ငန်း သုံးရပ်မှာ ငွေကြေး တည်ငြိမ်ရေး၊ ဘဏ္ဍာရေးစနစ် တည်ငြိမ်ရေး၊
ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု စနစ်တို့ကို စနစ်တကျ လုပ်ကိုင်သွားရမည်
ဖြစ်သည်။
ဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဝင် ကိုးဦးပါအဖွဲ့ဖြင့် စီမံခန့်ခွဲမည်ဖြစ်ကာ မိမိ၏လုပ်ငန်းတာဝန်များကို
လွတ်လပ်စွာ စီမံဆောင်ရွက်နိုင်လာ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဥပဒေ ထွက်ပေါ်လာပါက ဗဟိုဘဏ် ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီး အဆင့်ဖြစ်သောကြောင့်
လက်ရှိရာထူး နေရာများ အပြောင်းအလဲဖြစ်နိုင်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။
















